ရန်ကုန် ၇ မေ
ပြန်ကြားရေးဝန်ကြီးဌာန၊ Asia Foundation နှင့် Myanmar Book Aid and Preservation Foundation (MBAPF)တို့ ပူးပေါင်းစီစဉ်သည့် Mobile Information Literacy သင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း သင်တန်းခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်သင်ကြားသည်။
Mobile Information Literacy သင်တန်းကို ယနေ့မှ မေ ၉ ရက်နေ့အထိ ဖွင့်လှစ်၍ Asia Foundation နှင့် Myanmar Book Aid and Preservation Foundation (MBAPF)မှ သင်တန်းနည်းပြ (၃)ဦးမှ ICT မိတ်ဆက်နှင့် Cloud နည်းပညာအသုံးပြုခြင်း၊ Email ကျွမ်းကျင်စွာ အသုံးပြုခြင်း၊ Online မှတစ်ဆင့် မြေပုံများရှာဖွေခြင်း၊ အင်တာနက် လုံခြုံမှုနှင့် သတင်းအချက်အလက် ဝေဖန်ဆန်းစစ်ခြင်း၊ Cloud နည်းပညာအသုံးပြု၍ အချက်အလက်များ သိမ်းဆည်းခြင်းနှင့် မျှဝေခြင်း၊ အဆင့်မြင့် Web Search Engine အသုံးပြု၍ အချက်အလက် ရှာဖွေခြင်းတို့ကို သင်ကြားပို့ချသွားမည် ဖြစ်သည်။
အဆိုပါ သင်တန်းကို Online မှ ရရှိသည့် သတင်းအချက်အလက် အရည်အသွေးနှင့် ယုံကြည်စိတ်ချမှှု ရှိစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သတင်းအရည်အသွေး တန်ဖိုးဖြတ်ခြင်းနှင့် သတင်းအချက်အလက်ရှာဖွေခြင်း၊ ရရှိသော အချက်အလက်များအပေါ် အခြေခံ၍ သတင်းရေးသား ခြင်းနှင့် Online သို့ သတင်းအချက်အလက်များ မျှဝေရာတွင် လုံခြုံစိတ်ချမှုရှိပြီး ထိရောက်မှု ဖြစ်စေရန်နှင့် တန်ဖိုးရှိသော ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ ဖြန့်ဝေမှုကို Digital Media နှင့် Traditional Media (သမားရိုးကျမီဒီယာ)စသည့် မီဒီယာနှစ်ခုစလုံးမှ တစ်ဆင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်း (၃၀) ဦး တက်ရောက် သင်ကြားလျက်ရှိသည်။
(သတင်းစဉ်)


