၇ မေ


မြန်မာ့စီးပွားရေးဘဏ်သည် မြန်မာနိုင်ငံတဝှမ်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏  အထောက်အပံ့ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများသို့ နှစ်ဆင့်ထုတ်ချေးသည့်ချေးငွေ (JICA MSME Two-Step Loan)အား ၂၀၁၈-ခုနှစ်၊ စက်တင်ဘာလမှ စတင်ထုတ်ချေးပေးလျက် ရှိပါသည်။ 


MSME လုပ်ငန်းရှင်များသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို အာမခံအဖြစ် ပေးအပ်၍ JICA MSME Two-Step Loan ချေးငွေကို အတိုးနှုန်း ၈.၅% ဖြင့် နှစ်လတ်ချေးငွေ (၃)နှစ်မှ (၅)နှစ်အထိ ချေးယူနိုင်ပါသည်။ ချေးငွေအများဆုံး ကျပ်သန်း(၅၀ဝ)ထိ ထုတ်ချေးနိုင်ပါသည်။ အာမခံပစ္စည်း လုံလောက်စွာ မပေးနိုင်ခြင်းနှင့် လုံးဝမပေးနိုင်သော လုပ်ငန်းများအတွက် မြန်မာ့အာမခံလုပ်ငန်း၏ Credit Guarantee Insurance (CGI) စနစ်ဖြင့် ချေးငွေလျှောက်ထားရယူနိုင်ပြီး အဆိုပါချေးငွေအပေါ် အတိုးနှုန်း ၉% မှ ၁၃% အတွင်း Credit Rating ပေါ် မူတည်၍ သတ်မှတ်ထုတ်ချေး လျက်ရှိပါသည်။ မြန်မာ့အာမခံလုပ်ငန်း၏ CGI အာမခံရယူထုတ်ချေးခြင်းအတွက် အပေါင်ရှိ CGI ဖြစ်ပါက ပရီမီယံကြေး ၂% ၊ အပေါင်မဲ့ CGI ဖြစ်ပါက ပရီမီယံကြေး ၃% ကိုလည်း မြန်မာ့အာမခံလုပ်ငန်းသို့ငွေချေးသူက ပေးဆောင်ရပါမည်။ CGI စနစ်ဖြင့် ထုတ်ချေးငွေအား အများဆုံးကျပ်သိန်း(၂၀ဝ)အထိ သတ်မှတ် ထားပါသည်။


ထုတ်ချေးငွေများအနက် အနည်းဆုံး ၈၀% ကို ပုံသေရင်းနှီးငွေ (Fixed Capital) အဖြစ်လည်းကောင်း၊ အများဆုံး ၂၀% အား လုပ်ငန်းရှင်များ၏ လှည့်လည်ရင်းနှီးငွေ (Working Capital) အဖြစ်လည်းကောင်း အသုံးပြုရမည်ဖြစ်ပါသည်။ ပုံသေရင်းနှီးငွေကို စက်ရုံ၊ အလုပ်ရုံများ ဆောက်လုပ်ခြင်း၊ စက်ပစ္စည်း၊ စက်ကိရိယာများ ဝယ်ယူခြင်းစသည့် ပုံသေပိုင်ပစ္စည်းတွင် ရင်းနှီးရန်ဖြစ်ပြီး မြေဝယ်ယူခြင်း (သို့) မြေ အသုံးပြုမှုဆိုင်ရာ မူပိုင်ခွင့်ဆောင်ရွက်ရာတွင် ရင်းနှီးခွင့်မပြုပါ။


JICA MSME Two-Step Loan ချေးငွေရယူလိုသော MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့နှင့် နီးစပ်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ကြောင်း  မြန်မာ့စီးပွားရေးဘဏ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်အရ သိရသည်။  


(သတင်းစဉ်)