၉   မေ

 

လူ့သမိုင်းစတင်ဖြစ်တည်ပြီးနောက် လူ့ယဉ်ကျေးမှုစနစ်ထွန်းကားလာ ခြင်းနှင့်အတူ မတူကွဲပြားသော ယဉ်ကျေးမှု ဓလေ့ထုံးစံအလိုက် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဘာသာတရားအသီးသီး ပေါ်ထွန်းလာသည်။ ဘာသာတရားများစွာ ရှိသည့်အနက် ယနေ့ကမ္ဘာပေါ်တွင် အထင်အရှားရှိသည့်ဘာသာကြီးလေးခုမှာ ကမ္ဘာ့လူသားများ၏ ယုံကြည်ရာ၊ ကိုးကွယ်အားထားရာ ဘာသာကြီးများဖြစ်ပေသည်။

 

ကိုးကွယ်မှုဆိုင်ရာဘာသာတရားတိုင်းတွင် လူသားတို့ကို အကျိုးဖြစ်ထွန်းစေမည့်၊ လူ့ဘောင်လောကကို အေးချမ်းသာယာစေမည့် ညွှန်ပြမှုများ၊ သွန်သင်ဆုံးမမှုများပါရှိကြရာ အားလုံးသည် မေတ္တာတရားအပေါ်တွင်အခြေခံပြီး လူသားတို့၏ ကိုယ်ကျင့်သိက္ခာဆိုင်ရာများ၊ တရားမျှတမှု၊ စာနာထောက်ထားမှုနှင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးချမ်းသာမှု တရားအမျိုးမျိုး ပါရှိပေသည်။

 

သို့ရာတွင် ဘာသာတရားတို့ကို လိုက်နာကျင့်သုံးကြသောလူတို့၏ ပုဂ္ဂလခံယူချက်ကွဲပြားမှုကြောင့် ဘာသာအချင်းချင်း၊ လူအချင်းချင်း ပဋိပက္ခဆောင်ခဲ့သော သမိုင်းကြောင်းရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉ ရာစုအစောပိုင်းက အရှေ့အလယ်ပိုင်းဒေသတွင် ခရူးဆိတ်စစ်ပွဲဟုခေါ်သည့် ဘာသာရေးစစ်ပွဲမျိုးပင် ပေါ်ပေါက်ခဲ့ပြီး ယနေ့ထက်တိုင်တစ်ဖက်နှင့်တစ်ဖက် စစ်မီးမငြိမ်းနိုင်ဘဲ လူအများ ထိခိုက်သေကျေပျက်စီး နေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာပေါ်ရှိ မတူကွဲပြားသော ဘာသာကြီးများ ပေါင်းစည်းလက်တွဲပြီး ငြိမ်းချမ်းသောအသွင် ဆောင်နိုင်ကြစေရန် ကြိုးပမ်းအားထုတ်နေကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးထွန်းကားရန်အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို ယမန်နှစ် နိုဝင်ဘာလက ပထမအကြိမ် ကျင်းပခဲ့ပြီးနောက် ယခုဒုတိယအကြိမ် ကျင်းပနိုင်ခဲ့သည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ် မြင်တွေ့ခဲ့ရသည်။

 

မေလ ၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ ဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်၍ ယနေ့ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်ကြီးများသည် ဘာသာတရား၏ အဆုံးအမများကို လိုက်နာခံယူပြီး ညီညွတ်ငြိမ်းချမ်းသော လူ့ဘောင်ဘဝ တည်ဆောက်နိုင်ရေး၊ က္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ပိုမိုတိုးတက်ခိုင်မာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ မတူညီကွဲပြားသော ဘာသာဝင်များအကြား အပြန်အလှန်နားလည်မှု၊ လေးစားယုံကြည်မှုများ တည်ဆောက်ပြီး ငြိမ်းချမ်းလုံခြုံသာယာသော လူ့ဘောင်ဘဝတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ဘာသာတရားတိုင်းသည် ငြိမ်းချမ်းခြင်းကို ဆောင်ထားပေရာ ဖြစ်ပေါ်ခဲ့သော ပြဿနာပဋိပက္ခများသည် ဘာသာတရားအပေါ်တွင် မတည်ဘဲဘာသာရေးကို အကြောင်းပြသည့် အစွန်းရောက်သူများ၏ အမုန်းတရားများ၊ အကြမ်းဖက်မှုများကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ပေသည်။ ကမ္ဘာ့သမိုင်းတွင် ရက်စက်သော အကြမ်းဖက် တိုက်ခိုက်မှုများမှာ တိုက်ခိုက်သူတို့က ကိုးကွယ်ရာဘာသာနှင့် အကြောင်းဆက်ပြီး မပြီးဆုံးနိုင်သော ပဋိပက္ခ အသွင်ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် မတူကွဲပြားသည့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံအတူယှဉ်တွဲနေထိုင်လျက်ရှိရာ ဘာသာအချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုများထားရှိပြီး တည်ငြိမ်အေးချမ်းသည့် လူနေမှုဘဝကို မြှင့်တင်နိုင်ရေး၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပွားအောင် တားဆီးကာကွယ်ရေး၊ ပဋိပက္ခကြောင့် ဒုက္ခရောက်သူများကို အပြည့်အဝ ကူညီစောင့်ရှောက်ပြီး ပြန်လည်ထူထောင်ပေးရေး၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ယုံကြည်ကိုးကွယ်ရာ ဘာသာတရားများ၏ သွန်သင်ဆုံးမချက်များနှင့်အညီ အပြန်အလှန်လေးစားမှုဖြင့် ပူးပေါင်းရေးတို့ကို ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ကမ္ဘာ့လူသားများ ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရားအသီးသီးတို့တွင် လူသားအကျိုးပြု၊ လူ့ဘောင်လောကအကျိုးပြု လမ်းညွှန်မှာကြားချက်များ၊ အဆုံးအမတရားများ ပါရှိပြီးဖြစ်ရာ ကောင်းမြတ်သော လောကပါလတရားနှင့်အညီ မတူညီသော ဘာသာဝင်များအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွ လက်တွဲနေထိုင်နိုင်သော ငြိမ်းချမ်းရေးစိတ်ထားများ ပျံ့နှံ့ကိန်းအောင်းလာအောင် လူတိုင်းလူတိုင်း ကျင့်ကြံအားထုတ်ကြရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ