သတင်းဆောင်းပါး - ခင်ရတနာ
ယမန်နေ့မှအဆက်
ဆွမ်ပရာဘွမ်မြို့နယ်သည် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း၏ ၁၃၁ မိုင်တွင် တည်ရှိပြီး ယခင်က ပူတာအိုမြို့မှ ၈၁ မိုင်ခန့်အထိသာ မော်တော်ယာဉ်များ သွားလာနိုင်ခဲ့ရာမှ ယခု အခါ လမ်းများ အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းကြောင့် မြစ်ကြီးနားမြို့မှအတက် သွားရောက်ပါက ခုနစ်နာရီနှင့် ပူတာအိုမြို့မှသွားပါက ငါးနာရီခန့်သာကြာမြင့်သည့် ခရီးတိုအဖြစ် ရာသီမရွေးသွားလာနိုင်ပြီဖြစ်သည်။ နောင်မွန် မြို့နယ်သည် ပူတာအိုမြို့မှ ၇၇ မိုင်ခန့် ကွာဝေးပြီး မော်တော်ကားဖြင့် ငါးနာရီခန့် စီးနင်းရောက်ရှိနိုင်သည့်အပြင် ပန်နန်းဒင်မြို့မှာ နောင်မွန်မြို့နယ်အတွင်း တည်ရှိပြီး နောင်မွန် မြို့နှင့် ၃၆ မိုင်ခန့် ကွာဝေးကာ ဆိုင်ကယ်လမ်းဖြင့် အဓိကအားထားသွားလာရသည့် မြို့တစ်မြို့ ဖြစ်သည်။
ခေါင်လန်ဖူးမြို့နယ်မှာမူ ပူတာအိုမြို့နှင့် ၁၃၂ မိုင်ခန့် ကွာဝေးသဖြင့် ၂၀၁၄ ခုနှစ်အထိ ပူတာအိုမြို့မှ မချမ်းဘောမြို့သို့ မော်တော်ယာဉ်ဖြင့် သွားလာရပြီး မချမ်းဘောမှ ခေါင်လန်ဖူးသို့ ကိုးရက်ခန့် ခြေကျင် ခရီးဆက်ခဲ့ကြရသည်။ ၂၀၁၅ ခုနှစ်တွင် မချမ်းဘောမှ မဂွေဇလမ်းပိုင်းအထိ မြေသားလမ်း ဖောက်လုပ်ထားပြီး ဆိုင်ကယ်ဖြင့် ခရီးဆက်နိုင်ခဲ့သည်။ ၂၀၁၈-၂၀၁၉ ခုနှစ်တွင်မူ မချမ်းဘော-မဂွေဇ-ခေါင်လန်ဖူး လမ်းပိုင်းကို ဆန်းလွတ်ချက်တောင်ထိပ်အထိ မော်တော်ယာဉ်များ သွားလာနိုင်ရန် အဆင့်မြှင့် တင်ပေးခဲ့သည့်အတွက် ယခုအခါ ဆန်းလွတ်ချက်တောင်ထိပ်မှ ခေါင်လန်ဖူးမြို့အထိ ခြေကျင် ခရီး သုံးရက်ဖြင့် ရောက်ရှိနိုင်ခဲ့ပြီး ဆက်လက်၍ လည်း ခေါင်လန်ဖူးမြို့အထိ မော်တော်ယာဉ်များ သွားလာနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ် သည်။
မိုင်တစ်ထောင်ကျော် ကားလမ်းဖောက်လုပ်
၂၀၁၅ ခုနှစ်တွင် ပူတာအိုခရိုင်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေ ရန် ရည်ရွယ်၍ လမ်းများနှင့် တံတားများကို တိုးချဲ့ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင် တည်ဆောက်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းဇယား များအရ ၂၀၁၅ ခုနှစ်တွင် ကတ္တရာလမ်း၊ မြေသား လမ်း၊ ကျောက်ချောလမ်းနှင့် အမာခံမြေသား လမ်းများ တည်ဆောက်အဆင့်မြှင့်တင်မှုမှာ မိုင်ပေါင်း ၅၄၅ မိုင်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဆင့်မြှင့်တင်မှုမှာ မိုင်ပေါင်း ၃၅၄ မိုင်၊ ၂၀၁၇ ခုနှစ်တွင် မိုင်ပေါင်း ၃၅၀ မိုင် ၇ ဖာလုံနှင့် ၂၀၁၈ ခုနှစ်တွင် မိုင်ပေါင်း ၃၅၀ ကျော်ကို ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။ လမ်းများအဆင့်မြှင့်တင် တိုးချဲ့တည်ဆောက်ခြင်းအပြင် တံတားအတို အရှည်များစွာကိုလည်း ၂၀၁၅ ခုနှစ်မှစတင်ကာ တည်ဆောက်ပြုပြင်ခဲ့ကြောင်း သိရပြီး ၂၀၁၅ ခုနှစ် တွင် ၁၂၉၁ စင်း၊ ၂၀၁၆ ခုနှစ်တွင် ၁၁၈၅ စင်း၊ ၂၀၁၇ ခုနှစ်တွင် ၁၄၃၁ စင်းနှင့် ၂၀၁၈ ခုနှစ်အတွင်း ၁၄၃၁ စင်းတို့ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ပန်နန်းဒင်မှသည် ခါကာဘိုရာဇီ
ပူတာအိုခရိုင်အတွင်း ခါကာဘိုရာဇီရေခဲ တောင်သည် အရှေ့တောင်အာရှတွင် အမြင့်ဆုံး တောင်ဖြစ်ပြီး ပေပေါင်း ၁၉၂၉၆ ပေခန့် မြင့်မားသည်။ နောင်မွန်မြို့နယ်အတွင်း မြန်မာနိုင်ငံ၏ မြောက်ဖျားအစွန်းဆုံးမြို့ ဖြစ်သည့် ပန်နန်းဒင်မြို့ ဒဟွမ်းဒမ်းကျေးရွာအနီးတွင် တည်ရှိသည်။ ခါကာ ဘိုရာဇီတောင်သို့ တက်ရောက် နိုင်ရန် ပူတာအို မြို့မှ ၁၆၄ မိုင်ခရီးကို ခြေကျင်ဖြင့် ၁၂ ရက် (၁၁) ညအိပ်ခရီးရှည်ကို သွားရောက်မှသာ ရောက်ရှိနိုင်သည့် သွားလာရန် ခက်ခဲကြမ်းတမ်းသည့် တောင် ဖြစ်သည်။
“ကျွန်တော်တို့ ပန်နန်းဒင်ကနေ မြေသား လမ်းတော့ စဖောက်နေပြီ။ အသုံးပြုလို့တော့ မလွယ်သေးဘူး။ ပူတာအိုကနေ နောင်မွန်း-ပန်နန်း ဒင်ကတော့ မိုးရာသီမဟုတ်ရင် ကားနဲ့သွားလာလို့ ရပါတယ်။ ပန်နန်းဒင်မှာက မြို့မရပ်ကွက်တစ်ခုပဲ ရှိတယ်။ အဲဒီကနေ ခါကာဘိုရာဇီတောင်ကို ခြေကျင်ခရီးပဲရှိမယ်။ တောင်ခြေရောက်ဖို့အထိ အတော်လေးခက်ခဲတယ်။ တောင်ပေါ်တက်ရသလို လျှိုထဲဆင်းရတယ်။ ကျောက်ကမ်းပါးကိုလည်း တွယ်တက်ရတယ်။ ရာသီဥတုကြမ်းရင်တော့ မရဘူး။ ပြန်ဆင်းကြရတယ်။ ဒေသခံတွေကတော့ အမဲလိုက်တာရှိတယ်။ မိုးတွင်းဆိုရင်တော့ သိပ်မသွားကြဘူး။ ဒီလိုအချိန်ကတော့ သွားကြတယ်။ တောင်တက်သူလည်း လောလောဆယ်တော့ မရှိ သလောက်ပဲ။ ရာသီမရွေး ပူတာအိုကနေ ပန်နန်းဒင်လောက်အထိ ချောချောမောမောနဲ့ လာနိုင်မယ်၊ တောင်ခြေအထိကိုလည်း လမ်း ဖောက်လုပ် နိုင်မယ်ဆိုရင်တော့ ခရီးသွားတွေ ပိုပြီးလာနိုင်တယ်။ အခုက တောင်ပြိုတာ၊ လမ်းပြိုတာလည်း မကြာခဏ ဖြစ်တတ်တော့ ခရီးသွားတွေက သိပ်မလာကြဘူး” ဟု ပန်နန်း ဒင်မှ ကိုခင်ဖန်ဆိန်းအောင်က ပြောပြသည်။
ပူတာအိုနှင့် နီးစပ်မှုရှိပြီး တက်ရောက် သူများအတွက် ပိုမိုအဆင်ပြေစေမည့် ဖုန်ကန်ရာဇီတောင်၊ ဂမ်လန်ရာဇီတောင်နှင့် ဖုန်ရင် ရာဇီတောင်တို့ကိုလည်း ယခုနှစ်ပိုင်းအတွင်း လာရောက်သူများပြားကြောင်း ဒေသခံများထံမှ သိရှိရသည်။ “တောင်တက်ဖို့အဆင်ပြေဆုံးက ဖုန်ကန်ရာဇီပါ။ သူ့ထက် အပင်ပန်းခံနိုင်ရင် တော့ ဖုန်ရင်တောင် တက်လို့ရတယ်။ ဂမ်လန်ရာဇီ ကတော့ တက်လို့မရဘူး” ဟု ပူတာအိုအခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ကိုမိုးမင်းသိန်းက ပြောသည်။
ခရီးသွားတို့နှစ်ခြိုက်သည့် ဖုန်ကန်ရာဇီ
ဖုန်ကန်ရာဇီတောင်မှာ ပူတာအိုမြို့မှ ၆၅ မိုင်ခန့် ကွာဝေးပြီး ယခင်က သွားလာရန်ခက်ခဲသော်လည်း ယခု ခါးလန်ကျေးရွာနှင့် ဇီယာဒမ်း ကျေးရွာအထိ ဆိုင်ကယ်လမ်း၊ ကားလမ်းများ ပေါက်သဖြင့် တောင်တက် ခရီးအတွက်များစွာ လွယ်ကူကြောင်း၊ ပြည်တွင်း၊ ပြည်ပ တောင်တက်ခရီးသွားများ အများဆုံး လာရောက်ကြကြောင်း သိရှိရသည်။ ဂမ်လန်ရာဇီတောင်မှာမူ ရေခဲများ ရာသီအားလုံးဖုံးလွှမ်းနေသဖြင့် ခရီးသွားများ တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ကချင်ပြည်နယ် ပူတာအိုဒေသသည် သဘာဝသယံဇာတများဖြစ်သည့် တောတောင် ထူထပ်ပြီး ရှားပါးသည့် တိရစ္ဆာန်များနှင့် ငှက်မျိုး စိတ်များ နေထိုင်ကျက်စားရာ ရေခဲတောင်ဂေဟ စနစ်၊ သဘာဝတောတောင်များ၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ သဘာဝအလှရတနာများ အပြင် ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ ခန္တီးရှမ်း စသည့် တိုင်းရင်းသားလူမျိုးစုများ စုစည်းနေထိုင်သည့် အေးချမ်းသောဒေသတစ်ခုဖြစ်သည်။ ဇီဝဘူမိ ဒေသကြီးများဖြစ်ကြသည့် ယူရေးရှား (Eura-sia)၊ အိန္ဒိယတိုက်ငယ်၊ အင်ဒိုချိုင်းနားဒေသ တို့၏ ဆုံမှတ်ဖြစ်ခြင်း ကြောင့် အခြားဒေသတွင် မတွေ့ရှိရသည့် ဇီဝမျိုးစိတ်များကိုလည်း တွေ့ရှိရကြောင်း၊ အင်ဒိုမလေးယန်း (Indo-Mala-yan) နှင့် ပလေယားတစ် (Palaractic) ဂေဟနယ်မြေတို့နှင့် တွဲစပ်ထားသဖြင့် အပူပိုင်းဒေသနှင့် အအေးပိုင်းဒေသ နှစ်မျိုးလုံး၏ ဖွဲ့စည်းပုံဂေဟကို တစ်နေရာတည်းတွင် မြင်တွေ့ရကြောင်း ဒေသဆိုင်ရာ အချက်အလက်များအရ သိရှိရသည်။
ရှားပါးအပင်နှင့် တိရစ္ဆာန်များ
ရှားပါး တောရိုင်းတိရစ္ဆာန်များဖြစ်သည့် သားမင်း၊ ရေခဲတောင်ဆိတ်၊ ပန်ဒါနီ၊ အင်းကျား၊ တောင်ဆိတ်နီ၊ တောဆိတ်၊ မြောက်မြီးရှည်၊ ဂုံရှန်ဂျီ၊ ဆတ်ခလောက်၊ ဖြူမြီးဖွာ၊ ဟိမဝန္တာ ဝက်ဝံ၊ ကြောင်မင်း၊ ကြောင်မြင်း၊ ကြောင်သလင်း၊ ဝါရောင်းငှက်ခေါင်းဖြူ၊ ငှက်မင်းသား၊ ကြိုးကြာ (ခေါင်းမည်း)၊ အောင်လောင်တို့ရှိပြီး နို့တိုက် သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငှက်များ၊ လိပ်ပြာများ၊ ငါးများ စုံလင်စွာတွေ့ရှိရပြီး မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။ ထင်ရှားသော တောရိုင်း တိရစ္ဆာန်များမှာ ပန်ဒါနီ၊ ကတိုးဂျီ၊ အာသံမျောက်၊ အင်းကျား၊ မလေးဝက်ဝံ၊ ဟိမဝန္တာ ဝက်ဝံ၊ မိုနာရစ်ငှက်၊ ဇာမဏီငှက်နှင့် အောက်ချင်း လည်ပင်းနီငှက်တို့အပါအဝင် ရှားပါးသော သစ်ခွမျိုးများအပါအဝင် အပင်မျိုးစိတ်များ၊ တောရိုင်း တိရစ္ဆာန်များနှင့် တိုင်းရင်းဆေးပင်များလည်း ပေါက်ရောက်ကြောင်း သိရှိရသည်။
သုတေသနပြု မှတ်တမ်းတင်ထားနိုင်သည့် ဇီဝမျိုးစုံမျိုးကွဲတို့အနက် နို့တိုက်သတ္တဝါ ၃၄ မျိုး၊ ငှက်မျိုးစိတ် ၄၉၂ မျိုး၊ အပင်မျိုးစိတ် ၇၆၆ မျိုးတို့ ရှိကြပြီး နို့တိုက်သတ္တဝါများဖြစ်သည့် ပန်ဒါနီ၊ သားမင်း၊ ကတိုးဂျီ၊ ရေခဲတောင်ဆိတ်၊ တောင်ဆိတ်နီတို့သည့် ယေဘုယျအားဖြင့် အမြင့်ပေ ၉၀ဝ၀ အထက်ရှိ ရေခဲတောင်တန်း များတွင် နေထိုင်ကြပြီး ရေခဲအရည်ပျော်ချိန်တွင် တောင် ထိပ်ရှိ မြက်ခင်းပြင်များပေါ်တွင် ကျက်စားကြခြင်း ဖြစ်သည်။
ဒေသခံများသည် စားနပ်ရိက္ခာအတွက် ရိုးရာ အဆိပ်လူးမြားဖြင့် ပစ်ခတ်ခြင်း၊ ထောင်ချောက် ထောင်ဖမ်းဆီးခြင်းများဖြင့် လုံလောက်သော စားနပ်ရိက္ခာအတွက်သာ အမဲလိုက်ကြပြီး သားမင်း နှင့် ဇီးတင်နေသော အမေသားကောင်များ၊ မျောက်လွှဲကျော်များကို မူလကတည်းက ဖမ်းဆီး ခြင်းမပြုသည့်အပြင် အမဲလိုက်ရာသီပြက္ခဒိန် မှတ်သား၍ စနစ်တကျ ကောင်းမွန်သော မုဆိုး အလေ့အထများကို သုံးစွဲကြောင်း ဒေသခံများထံမှ သိရသည်။
“အခုနောက်ပိုင်းမှာတော့ စီးပွားဖြစ် ဖမ်းဆီး သတ်ဖြတ်တာတွေ ရှိလာတယ်။ ဈေးကွက်ကလည်း နီးစပ်တယ်။ ပုံမှန် ရိုးရာစားသောက်နေထိုင်မှုမျိုး မဟုတ်တော့ဘူး။ သဘာဝနယ်မြေအတွင်းမှာ ထောက်ချောက်တွေ ပိုသုံးလာတယ်။ အလွန်အကျွံတွေ ဖြစ်လာတယ်။ ကိုင်းထောင်ချောက်ဆိုရင် အခု ၃၀ ကနေ ၅၀ လောက်အထိ ချထားကြတယ်။ တရားမဝင်အမဲလိုက်တာတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်မြှင့်တင်ရန်လို
သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲစုံလင်ရာ သဘာဝထိန်းသိမ်းရေး နယ်မြေများအတွင်း သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို တစ်ဖက်နိုင်ငံ၏ ဝယ်လိုအားကြောင့် မျိုးမချန်ဘဲ ရောင်းချနေခြင်းကြောင့် ဇီဝမျိုးစုံ၊ မျိုးကွဲတို့ ရှင်သန်နေထိုင်ရာ ဂေဟစနစ်များ၏ ဟန်ချက်ကို ထိခိုက်စေပြီး ယင်းအခြေအနေ အချို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲတို့နှင့် ဂေဟစနစ်ကို ထိခိုက်စေကြောင်း သိရှိရသည်။ ယင်းတို့အပြင် တောမီးလောင်ခြင်းနှင့် ရှို့မီးများကြောင့်လည်း သဘာဝသယံဇာတကို ထိခိုက်နေကြရကြောင်း သိရသည်။ ထို့အပြင် ရေဝေရေလဲဒေသဖြစ်ပြီး မြစ်ချောင်းပေါများသည့် အတွက် ငါးသယံဇာတများကို ယခင် ကွန်ပစ်ခြင်း ထက်ကျော်လွန်၍ လျှပ်စစ်ရှော့ခ်တိုက်ဖမ်းခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်းများကိုလည်း လုပ်ဆောင် နေကြကြောင်း ဒေသဆိုင်ရာအချက်အလက်များ အရ သိရှိရသည်။
ပူတာအိုဒေသ၏ သစ်တောဖုံးလွှမ်းဧရိယာ သည် ၆၇၉၀၈၅၆ ဧကရှိပြီး ဒေသ၏ ၈၃ ရာခိုင် နှုန်းရှိသည်။ သစ်တောဖုံးလွှမ်းဧရိယာ၏ ၅ ရာခိုင်နှုန်းမှာ ရေခဲဖုံးလွှမ်းပြီး တောင်ပေါ် အမြဲ စိမ်းတော၊ ဝါးနွယ်တောများကို မြင်တွေ့ရသည်။ သစ်တောမြေများတွင် ကြိုးဝိုင်းတော၊ ကြိုးပြင် ကာကွယ်တော၊ သဘာဝထိန်းသိမ်းရေး နယ်မြေ များနှင့် သစ်တောဖုံးလွှမ်းလျက်ရှိသည့် အစိုးရ စီမံပိုင်ခွင့်ရှိသောမြေ (ကြိုးပြင်တော) ဟူ၍ ပိုင်းခြားထားကြောင်း ခရိုင်အုပ်ချုပ်ရေးဦးစီး ဌာနမှသိရှိရသည်။ သစ်တောများတွင် ကြေးလန်၊ သတီ၊ သစ်အယ်၊ ရေပိတုန်း၊ တောင် သရက်၊ တောင်ချယ်ရီ၊ စကားဝါ၊ သစ်မင်း၊ ကျောက်ထင်းရှူး၊ ရှိပါးနှင့် ထင်းရှူးပင်များ ပေါက်ရောက်ပြီး သစ်မွှေး၊ ကြိမ်၊ ဝါး၊ ပျားရည်၊ ပျားဖယောင်း၊ အဆိပ်ဥနှင့် ရိုးရာဆေးဖက်ဝင် အပင်များဖြစ်သည့် ရှီးပတီး၊ မချစ်ဥ၊ ခမ်း တောက်မြစ်၊ ခူရှားဥ၊ ရေခဲတောင်ဂျင်ဆင်း၊ ဆားချီ၊ ရှားကောပါကောတို့ကိုလည်း တူးယူ နိုင်ကြသည်။
(ဆက်လက်ဖော်ပြပါမည်)


