၁၃ မေ
“နွယ်ပန်းသွယ်တန်း၊ ခြူးသန်းယှက်လိန် ပြာရီမိန်လာ မြခဲပုလဲသန္တာ...တိမ်ဆေးစုံ၊ ခြယ်လှယ်မှုန်းကာ ....ထစ်ချုန်းတံပိုး၊ မရိုးစည်၊ ဆော်ညိုးညံ၊ သာညင်းသာ.... မေဃဝန်ရေတံခွန်...မေတ္တာမိုး၊ သွန်းဖြိုးစွေကာရွာ....”ရွာ ....”
(မြို့မငြိမ်း - မေတ္တာမိုးရေ)
ကဆုန် နယုန် ဆွေ့ဆွေ့ခုန်
တကယ်တော့ အညာဒေသမှာက ကဆုန်ဆိုတာ ခြစ်ခြစ်တောက်အပူရှိန်ဖြင့် ဆွေ့ဆွေ့ခုန်နေရသောကာလဖြစ်သည်။ ‘ကဆုန် နယုန် ဆွေ့ဆွေ့ခုန်’ သတဲ့ ။ ‘နယုန်မိုးသေး၊ မြက်သားမွေး’ တဲ့။ နယုန်ရောက်ပါမှမိုးဖွဲဖွဲရွာစေသည်။ တစ်ခါတစ်ရံ မပြောမဆိုနှင့်မိုးသားတွေ အုံ့မှိုင်းဆိုင်းတက်လာချင် လာတတ်သည်။ သည်လိုဆိုလျှင် ရန်ကင်းတောင်နှင့် ရိုးမကြားကောက်ကြောင်းပျောက်ကာ ခဲသားရောင်ထူပြိန်းနေတတ်သည်။ အရင်ကတော့ ကဆုန်လဆန်း ၁၄ ရက် သဲပုံစေတီပွဲအခါသမယမှာသာ မိုးရွာသည်ဟု လူကြီးသူမတွေပြောခဲ့ဖူး၏။ အခုတော့ မဟုတ်ပေါင်...။ မရွာ မှနေရော..၊ ရွာပြန်လျှင်လည်း ရွာပုံရွာနည်းကလည်း အရင်ကရွာပုံမျိုး မဟုတ်တော့ ....။ အယ်လ်နီညိုနှစ်တဲ့။ လေရော မိုးရော မိုးသီး မိုးကြိုးရော မထင်မှတ်ဘဲ ရုတ်ခြည်းတိုက်စစ်ဆင်လာပုံမျိုးဖြစ်သည်။ ‘ရှစ်ခွင်တိုင်း အုံ့မှိုင်းမည်းညို’ ဟု ပြောရမလို ....။ ဒေါသတကြီး ....။
အသူရာ နှင့်သိကြားမင်း စစ်ခင်းပုံကလည်း ပြီးမပြီနိုင် ....။ ငယ်စဉ်ကတည်းက အခုလို မိုးတွေညို့လာရင်ဖြင့် ... တံစက်မြိတ်မှ မိုးစက်ဖြောက်ဖြောက်သံတွင် အမေ့ရင်ခွင်ကြားတိုးဝှေ့ပြီး ‘အသူရာ နှင့်သိကြား’ စီးချင်းထိုးကြ၊ အုံနှင့်ကျင်းနှင့် အသိုင်းနှင့်အဝိုင်းနှင့်စစ်ခင်းကြသည့် ပုံပြင်ကို နားထောင်ရတာ အရသာရှိလှသည်။ ငယ်ငယ်ကတည်းက စစ်ပွဲ ....။ အခုထိမပြီးစီးနိုင်တော့ ...။ နှစ်ပေါင်း ၆၀ ကျော် ကြာလုပေါ့။
ဝရဇိန်လက်နက်ကို ပန်းထိမ်မှာပြင်ထားလေသလား
သိကြားမင်းက သူ့ဝရဇိန်လက်နက်ကို ပန်းထိမ်မှာ ပြင်ထားလေသလားဟု အငေါ်တူးစကား ဆိုလာသူတွေကို ချေပလိုဟန်ထင့်။ ထစ်ခနဲရှိ ... အသူရာ ကိုပင်တဒိန်းဒိန်းပစ်ခတ်နေပြန်၏။ ကောင်းကင် တစ်ခွင်လုံး ဝင်းခနဲ လက်ခနဲ ....။ ထို့နောက် ထစ်ချုန်းသံတွေ ပေါက်ကွဲမြည်ဟည်း ...။ အရင်က မိုးကလေးစိမ့်တာနှင့် အိမ်ပိတ်၊ ဆိုင်ပိတ်၊ ကျောင်းနား၊ အလုပ်နားကာ မိုးကို မုန်းမိုး စွေခဲ့သော မန္တလေးလည်း အခုတော့ ဘာတတ်နိုင်သေးလဲ ...။ သည်မိုးမှောင်တုန်း မောင်ပုန်းလို့လည်း မရ ...။ ပြိုမှာလေလား မိုးရဲ့လို့ ငြိုးမာန်ဖွဲ့လို့လည်းမရ ...။ မိုးရွာထဲ မိုးကြိုးမုန်တိုင်းထဲ လျှပ်စစ်မီးမဲ့ မှောင်မိုက်မည်းမှာလည်း စားသုတ်သုတ်၊ သွားသုတ်သုတ်၊ လာသုတ်သုတ်...၊ အလုပ်လုပ်ပေဦးရော .....။
မိုးအေးသောကြောင့် အပူလျော့သည်။ ဒါက ဝမ်းသာ စရာ .....။ မိုးအေးသောကြောင့် ဆည်ရေကန်ချောင်း ပြည့်ဖောင်းသည်။ ဒါလည်း ဝမ်းသာစရာ ...။ မိုးအေးသောကြောင့် မီးရေးထင်းရေး စိတ်အေးရ၏။ ဒါလည်း ဝမ်းသာစရာ .....။ မိုးကြောင့် ရုပ်ဝတ္ထုအပူတွေလျော့ပါး၊ အေးမြသွားတာ ဝမ်းသာစရာချည်းဖြစ်၏။
သည်မိုးကြောင့် ရင်တွင်းအပူတွေလည်း လျော့ပါးစေချင်သည်။ သည်မိုးကြောင့် လောဘအပူ၊ မောဟအပူ၊ ဒေါသအပူတွေလည်း လျော့ပါးစေချင်၏။ လျော့ပါး ....၊ လျော့ပါး ....၊ ဖြည်းဖြည်းချင်းပျောက်ကွယ်.....။
ဒါမှ ... မေတ္တာမိုးရေအစစ်အမှန်ဖြစ်ချေမည်။ မိုး .... မိုး .... ရွာလိုက်ပါတော့ မိုး .....။
ရွာသောမိုးတိုင်း မေတ္တာမိုးရေမိုးစက်များချည်းဖြစ်လိုက်စမ်းပါဘိ ....။
ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထစ်ချုန်းမြည်ဟည်းလာပြန်သည်။ ဝရဇိန်လက်နက်က တဝင်းဝင်း ....၊ အသူရာနှင့် သိကြား မင်းလည်း စစ်ခင်း၍ မပြီးနိုင်သေး ....။ ကြာပဲ ကြာလှချည့် ......။ ။
မည်သို့ဆိုစေ... ၊ နှစ်သစ် စနစ်သစ်မှာ မေတ္တာမိုးရေ ဖြိုင်ဖြိုင် သွန်းဖြိုးစေလိုတော့သည်။
မေတ္တာမိုး
နွယ်ပန်းသွယ်တန်း ခြူးသန်းယှက်လိန် ပြာရီမိန်လာမြခဲပုလဲသ္တာ... တိမ်ဆေးစုံ၊ ခြယ်လှယ်မှုန်းကာ ....
ထစ်ချုန်းတံပိုး၊ မရိုးစည်၊ ဆော်ညိုးညံ၊ သာညင်း သာ ....
မေဃဝန်ရေတံခွန် ... မေတ္တာမိုး၊ သွန်းဖြိုးစွေကာ ရွာ ....
သဘာဝအကြည်နှိုးတဲ့ကာ သားမျိုးငှက်မျိုး အပေါင်းတို့ပါ
ချစ်တေး အေးအေးမြမြ သီကာသီကာ ပျော်ရွှင်ကြတာ...
ပသာဒစက္ခုရှုခင်း တောတောင်ရေမြေ သာသာယာယာ
ခက်ဖြာညွန့်ဝေ မိုးရေဆွတ်ဖျန်း လန်းဆန်းစိုပြည်စွာ။
ဥဒ္ဒိဿ ရည်ရွယ် ပတ္ထနာ မေတ္တာရေထူး မိုးသို့နူးကာအပူမောင်းထုတ်နှင်မှာ အစဉ်ချမ်းမြေ့ကြည်သာ...
လိုတရ စိတ်တိုင်းကျကာ သောကကင်းဝေး မာမာဆာဆာ ကိုယ်စိတ်ချမ်းသာ ဆင့်ကာမြင့်လျက်တိုးတက်ကျက်သရေဖြာ..။
(မြို့မငြိမ်း- မေတ္တာမိုးရေ)
[မြို့မငြိမ်းက မြို့မအသင်းအတွက် မေတ္တာပို့သီချင်း လေးပုဒ် ရေးစပ်ပေးခဲ့သည်။ အဆိုပါ လေးပုဒ်မှာ ပို့သမြို့မေတ္တာ (မေတ္တာပို့အမှတ်-၁)၊ မေတ္တာမိုးရေ (မေတ္တာပို့အမှတ်-၂)၊ ထပ်တရာလန်း (မေတ္တာပို့အမှတ်-၃)၊စန်းကြည်(မေတ္တာပို့အမှတ်-၄)တို့ဖြစ်ပါသည်]
ဆူးငှက်


