ဝါးခယ်မ ၁၅ မေ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာ ဇက်ဆိပ်ကမ်း၌ မေ ၁၄ ရက် နံနက် ၉ နာရီခွဲက ရွှေလောင်းမြစ်ကူး ဇက်ရေယာဉ်ပေါ်သို့တက်စဉ် ရေယာဉ်ခြေနင်းပြား ထိန်းကြိုး ပြတ်တောက်မှုကြောင့် မော်တော်ယာဉ်တစ်စီး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွှေလောင်းကျေးရွာဇက်ဆိပ်ကမ်းတွင် ရွှေလောင်းတံတားဆောက်လုပ်ရေးအထူးအဖွဲ့ ( ၁၅) မှ ငှားရမ်းထားသည့် ယာဉ်အမှတ် 9j / .... JAC အမျိုးအစား ခဲ/အဖြူရောင် ယာဉ်တန်ချိန် (၁၄) တန် ကွန်ကရစ်ဖျော်ရည်များ တင်ဆောင်လျှက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ မန္တလေးမြို့ဌာနခွဲပိုင် ရေနဂါး(၂) ဇက်ရေယာဉ်ပေါ်သို့တက်စဉ် ဇက်ရေယာဉ်၏ ရှေ့ခြေနင်းပြား ထိန်းကြိုးများ ပြတ်တောက်သွားခဲ့ပြီး ဇက်ရေယာဉ်မှာ မြစ်ဘက်သို့ ကန်ထွက်သွားသဖြင့် နောက်သို့လျှောကျ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ နစ်မြုပ်ခဲ့သည့် ယာဉ်နှင့်အတူ လှိုင်သာယာမြို့နယ်နေသူ ယာဉ်မောင်း ကိုကယားကြီး (ခ) ကိုဝင်းအောင် ပျောက်ဆုံးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် တာဝန်ရှိသူများက နစ်မြုပ်ပျောက်ဆုံးခဲ့သည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီ ၁၅ ခန့်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ သေဆုံးခဲ့သည့် ယာဉ်မောင်းအား ရဲဆေးစာဖြင့် ရွှေလောင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရေယာဉ်အုပ်/ရေယာဉ်မောင်း၊ ကျော်စန်းအား ရွှေလောင်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လွှမ်းသီဟ(ဝါးခယ်မ)


