လင်းအေး

မင်းသုဝဏ်၏ ကဗျာများ

ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ နှစ်ဦးစလုံးပင်အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ် ငယ်စဉ်ကတည်းက ကဗျာရေးဖွဲ့ခဲ့ကြသူများဖြစ်သည်။ (ဆရာမင်းသုဝဏ်သည် တစ်ဆယ့်သုံးနှစ် အရွယ်ကပင် ကဗျာစတင်ရေး ခဲ့သည်) ဘဝတစ်သက်တာလုံး စဉ်ဆက်မပြတ် ကဗျာတွေ ရေးခဲ့ကြပြီး အသက်ရှည်ကြသူများလည်းဖြစ်ရာ ဆရာတို့ရေးခဲ့သော ကဗျာတွေ၊ စာတွေအတော်များ ပါသည်။ အသက်အရွယ်အလျောက် အကြောင်းအရာ အမျိုးမျိုးကို ကဗျာပုံစံအမျိုးမျိုးဖြင့် ရေးစပ်ခဲ့ကြသည်။ စာရေးသူသည် ဆရာနှစ်ဦးစလုံး၏ ကဗျာတိုင်းလိ်ုလိုကိုပင် ကြိုက်ပါသည်။ နှစ်သက်ပါသည်။ ဆရာတို့၏ ကဗျာများကပေးသော အသိအမြင်ကို ရရှိခဲ့သလို ဆရာတို့၏ကဗျာကပေးသော ရသကိုလည်း ရရှိခံစားခဲ့ရပါသည်။ စာရေးသူရရှိခဲ့သော ထိုအသိ၊ ထိုခံစားချက်တို့သည် တန်ဖိုးကြီးမားပါသည်။ ဆရာတို့၏ ကဗျာများသည် ခံစားချက်ပါသလို အတွေးလည်းပါသော ကဗျာများ ဖြစ်ခြင်းကြောင့် ဆရာမြဇင်ပြောသလိုပင် ကဗျာကောင်းများ ဖြစ်ကြပါသည်။ ဆရာတို့၏ ကဗျာများကောင်းနေခြင်းမှာ ဆရာနှစ်ဦးစလုံးပင် ကဗျာရေးရာ၌ အလွန်ဂရုစိုက်၊ အလွန်အားထုတ်၍ ရေးခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟု စာရေးသူထင်ပါသည်။ ဆရာတို့သည် ကဗျာရေးရာ၌ အတွေးကိုလည်း ဂရုစိုက်သည်။ စကားလုံးတွေကိုလည်း ဂရုစိုက်သည်။ ခံစားချက်ကိုလည်း ဂရုစိုက်သည်။ ခံစားချက်ကို ဂရုစိုက်သည်ဆိုရာ၌ ခံစားချက်အတိုင်း (အကြမ်းထည်အတိုင်း) လွှတ်မပေးဘဲ သတိသမ္ပဇဉ်နှင့် ထိန်းသိမ်းစောင့်စည်းပြီးမှ ရသမြောက်အောင် ရေးဖွဲ့ခဲ့ကြခြင်းကို ဆိုလိုပါသည်။ ဆရာတို့သည် အတတ်ပညာလည်း ပြည့်ဝ၊ အနုပညာလည်း အားကောင်းကြသောကြောင့် သူတို့တစ်သက်တာတွင် အဆင့်မြင့်ကဗျာကောင်း၊ ကဗျာသန့်များစွာကို ရေးထုတ်နိုင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။

ပါရမီရှင်တစ်ဦးဖြစ်

ပထမဆုံးခေတ်စမ်းကဗျာဟု သတ်မှတ်ကြသည့် ‘ပိတောက်ပန်း’ ကဗျာကို ဆရာဇော်ဂျီသည် အသက်၂၁ နှစ်အရွယ် ၁၉၂၈ ခုနှစ်တွင် ရေးဖွဲ့ခဲ့ပါသည်။ ထိုပိတောက်ပန်းကဗျာမှာပင် ဒဿန ပါနေသည်ကိုတွေ့ရမည်ဖြစ်ပါသည်။ ကဗျာကို သံချိုပုံစံဖြင့် ရေးဖွဲ့ထားရာ အသံလည်းသာ အတွေးလည်းပါသော ကဗျာ ဖြစ်ပါသည်။ ဆရာမင်းသုဝဏ် ကဗျာရေးစ ဖွဲ့စပ်သော ကဗျာများ (၁၉၂၆-၃၀) မှာ ဂန္ထဝင်ပုံစံဖြင့် ရေးထားသော မိုးဘွဲ့၊ တောဘွဲ့၊ ရာသီဘွဲ့ ကဗျာများဖြစ်ပါသည်။ အကြောင်းအရာအနေဖြင့် မထူးခြားသော်လည်း ရေးဖွဲ့ပုံ၊ စကားလုံးသုံးနှုန်းပုံတို့မှာ အလွန်ပြေပြစ်ညက်ညော ပါသည်။ ကဗျာရေးခါစ လူငယ်လေးတစ်ဦး ရေးဖွဲ့သော ကဗျာတွေမှာပင် ကဗျာဆရာသည် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားမြင်သာနေပါသည်။

ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့နှင့်အတူ ခေတ်စမ်းစာပေ၏ ရှေ့ဆောင်ရှေ့ရွက် တစ်ဦးဖြစ်သူ သိပ္ပံမောင်ဝက ‘ဦးသိန်းဟန် (ဇော်ဂျီ) သည် နက်နဲသော အကြောင်းအရာများကို ဖွဲ့ဆိုရာ၌ ကျွမ်းကျင်သကဲ့သို့ကိုဝန်မှာ အလွမ်း၊ အဆွေး၊ ချစ်ခန်း၊ ကြိုက်ခန်းများကိုဖွဲ့ဆိုရာ၌ ကျွမ်းကျင်ပေသည်’ ဟု စာဆိုနှစ်ဦးကိုထောမနာပြုခဲ့ပါသည်။ ဆရာကြီးဂျီအိပ်ချ်လုစ်က ‘သူ (မင်းသုဝဏ်) သည် ကဗျာတွင် တွေ့နေကျ၊ မြင်နေကျ သာမညများ၊ ရပ်ထဲရွာထဲက အသုံးအနှုန်းများ၊ တောဓလေ့နှင့် သားချော့တေးချင်း အတိုအထွာများကိုနှစ်လို၏။ နိုင်ငံခြားသားတစ်ယောက်ပင် သူ့တေးကဗျာ၏ သပ်ရပ်မှုကိုခံစားနိုင်သည်။ သို့သော် ထိုချိုသာခြင်းမှ အင်အားကြီးတစ်ခုထွက်၏။ နူးညံ့သိမ်မွေ့ခြင်းမှ ထွက်လာသော အင်အားကြီး၊ မိမိခံစားမှုများကိုသိ၍ ထိုခံစားမှုများကို ယုံသောသူ၊ ယင်းတို့ကို ထုတ်ဖော်ပြရဲသူတစ်ဦး၏ အား၊ မိမိအသည်းနှလုံးကို ကြည့်လျက်ရေးသော စာရေးသူတစ်ဦး၏ အားဖြစ်လေသည်’ ဟု ချီးကျူးခဲ့သည်။ (ဂျီအိပ်ချ်လုစ်၏ မင်းသုဝဏ်စာအုပ် အမှာစာ ဩဂုတ်၊ ၁၉၃၆၊ ကိုတာမြန်မာပြန်)

အမွှမ်းတင်ထား

ဆရာဇော်ဂျီကလည်း ဆရာမင်းသုဝဏ်ကိုဝမ်းတွင်းပါ စာဆိုဉာဏ်ရှိသူအဖြစ် အမွှမ်းတင်ထားပါသည်။ ဆရာက ‘ကဗျာဆရာနှင့် စာဆိုခြားချင်တိုင်း ခြားလေစွ၊ စာတတ်သူ၊ ကဗျာစပ်နည်းတတ်သူတိုင်း ကဗျာဆရာ ဖြစ်နိုင်သည်။ သို့ရာတွင် ပင်ကိုစာဆိုဉာဏ်ပါအောင် ဖွဲ့ဆိုနိုင်သူမှသာ စာဆိုဖြစ်နိုင်သည်။ စာကိုသင်ယူလျှင်တတ်သည်။ ကဗျာစပ်နည်းကိုလည်း သင်ယူလျှင်တတ်သည်။ ဝမ်းတွင်းပါ စာဆိုဉာဏ်ကိုကား သင်ယူ၍ တတ်ဖို့ဝေးစွ။ သင်ယူ၍ပင် မရ...။ ကံကောင်းသော မြန်မာနိုင်ငံတွင် ယခုအခါ မင်းသုဝဏ်ကလောင်ဘွဲ့ဖြင့် ကဗျာဖွဲ့ဆိုလေ့ရှိသော စာဆိုသည် ထွန်းကားလျက်ရှိလေပြီ’ ဟု ဆိုခဲ့ပါသည်။ (ဇော်ဂျီ၏ နိဒါန်း-သပြေညိုနှင့် အခြားကဗျာများ ၁၉၅၁)

ဆရာဦးဝင်းဖေ(မြဇင်)က မင်းသုဝဏ်၏ ကဗျာများ ကို အပိုင်းသုံးပိုင်းခွဲ၍ စိတ်ဖြာသုံးသပ်ခဲ့သည်။ အပိုင်း သုံးပိုင်းခွဲ၍ သတ်မှတ်ရာ၌ ကဗျာသုံးခေတ်ကို အခြေတည်၍ သတ်မှတ်ခြင်းဖြစ်သည်။ ဦးဝင်းဖေပိုင်းခြားသော ခေတ်သုံးခေတ်မှာ ခေတ်စမ်းကြိုကဗျာခေတ် (၁၉၁၀ မှ ၁၉၃၀ ပြည့်နှစ်)၊ ခေတ်စမ်းကဗျာခေတ် (၁၉၃၀ မှ ၁၉၄၀ ပြည့်နှစ်)၊ ခေတ်စမ်းနှောင်းကဗျာခေတ် (၁၉၄၅ မှ ၁၉၇၀) (ဒုတိယကမ္ဘာစစ်ကာလကို သုညခေတ်ဟု သတ်မှတ်သည်) ကဗျာခေတ်များကို ခံစားပုံအခြင်းအရာနှင့် စကားသုံးပုံအခြင်းအရာတို့ကို ကြည့်ပြီး ပိုင်းခြားသတ်မှတ်သည်။ ဦးဝင်းဖေက ခေတ်စမ်းကြိုကဗျာခေတ်၏ ခံစားပုံမှာ သဘာဝပတ်ဝန်းကျင်၊ လူ့ပတ်ဝန်းကျင်တို့ကို ကြည့်ပြီးလျှင်အတွေ့ကို အတွေ့အတိုင်း၊ အရှိကို အရှိအတိုင်း ခံစားသည်မဟုတ်။ တကယ့်အမြင်၊ တကယ့်အတွေ့၊ တကယ့်အဖြစ်အပျက်တို့မှ ယေဘုယျသဘောကို ထုတ်ယူကာ ခံစားသော ယေဘုယျခံစားပုံဖြစ်ကြောင်း ဖော်ပြသည်။ ခေတ်စမ်းကြိုကဗျာများသည် စကားသုံးရာ၌ စကား ပရိယာယ်ကြွယ်ဝရေး၊ အပြောက်အမွမ်း အဆင်တန်ဆာ ကြွယ်ဝရေးတို့ကို အရေးပေးသည်။ လုပ်လီလုပ်လဲ့ ကနွဲ့ကလျ စကားလုံးများကို ရှေ့တန်းတင်သည်။ ကဗျာ၏ ပြင်ပအသွင်၊ ပြင်ပလက္ခဏာတို့တွင် နစ်မွန်းနေသဖြင့်အနက်ကို အာရုံစိုက်သင့်သလောက် မစိုက်နိုင်ရှိရသည်။ ဆရာဝင်းဖေက မင်းသုဝဏ်၏ မိုးရာသီဘွဲ့ လေးချိုး၊ ချစ်လို့ခေါ်သည်၊ တောမြိုင်ခြေလမ်း၊ ခါနွေဆန်းတော့ လွမ်းမိတယ် ကဗျာတို့ကို ခေတ်စမ်းကြိုကဗျာများ၏ နမူနာအဖြစ်တင်ပြခဲ့သည်။

ခေတ်စမ်းကဗျာတွင် ကိုယ်တိုင်ကိုယ်ကြပ် ခံစားတွေးခေါ်မှတ်မိသော အခြင်းအရာများကို ဖွဲ့ဆိုသည်။ ခေတ်စမ်းကဗျာတစ်ပုဒ်ဖြစ်သော ‘ပူတော့၏’ တွင် မင်းသုဝဏ်သည် အာရုံကို ဖြစ်ပေါ်သည့်အတိုင်းခံစား၍ ခံစားရသည့်အတိုင်းလည်း ရိုးရိုးတွေးကာ ရိုးရိုးရေးသည်။ ရိုးရိုးတွေး၊ ရိုးရိုးရေးသောကြောင့်လည်း ဖြောင့်စင်းသည်။ တော်တည့်သည်။ ခေတ်စမ်းကဗျာဆရာတို့သည် စကားသုံးရာ၌ တိတိကျကျ တိုတိုတုတ်တုတ်ဖြင့် တိုက်ရိုက်ဖော်ထုတ်မှုကို ရယူနိုင်အောင် ကြိုးစားကြသည်။ စကားကို ကစားစရာ အဖြစ်မသုံးဘဲ အတွေးအခေါ် အတွေ့အကြုံတို့ကို ဖော်ကျူး ရန်အတွက် အသုံးပြုကြသည်။ ခေတ်စမ်းကြိုနှင့် နှိုင်းလျှင်ခေတ်စမ်းသည် စကားသုံးပုံနှင့်ပတ်သက်၍ စိတ်အလိုမလိုက် ထိန်းသိမ်းလာသည်။ ရှောင်ကြဉ်လာသည်။ နှုတ်စောင့်စည်းလာသည်။ ထို့ကြောင့်လည်း သိမ်မွေ့နက်နဲသော အကြောင်းအရာတို့ကို ကိုင်တွယ်ရာတွင်ထိမိပိုင်နိုင်လာသည်။ မင်းသုဝဏ်၏ ခေတ်စမ်းကဗျာများ အဖြစ် ငယ်လင်မောင်ကြီး၊ ငွေစင်ရော်သို့၊ ဝါတွင်းချိန်၊ ဗြောသံ၊ အမိကိုယ်စား၊ သပြေညို၊ ဝါကျွတ်ကန်တော့ပန်း၊ ကဗျာဉာဏ် ကဗျာတို့ကို ဆရာဝင်းဖေက ဥပမာပေးသည်။

နိမိတ်ပုံကို ထိရောက်စွာ အသုံးပြု

ခေတ်စမ်းနှောင်းခေတ်တွင် ခံစားပုံမှာ ပို၍လေးနက်လာသည်။ ခေတ်စမ်း၏ ဥဒါန်းသဘောကို လွန်မြောက်လာသည်။ လူတို့၏ နေ့စဉ် မြင်တွေ့ ကြားနာရသော အာရုံများနှင့် ခံစားတွေးတော စိတ်ကူးမှုများကို အချင်းချင်း ဆက်စပ်ပေးလာသည်။ နေ့စဉ်ထိတွေ့ခံစားရသော အခြင်းအရာများနှင့် ပတ်သက်၍ ဆင်ခြင်စဉ်းစားတတ်လာအောင် ပြုလုပ်ပေးသည်။ တစ်ကိုယ်တော် တွေ့ထိခံစားမှုများကို အများဆိုင်တွေ့ထိခံစားမှုများဖြစ်လာအောင် ပို့ဆောင်ပေးလာသည်။ ခံစားချက်ကိုလည်း ထိန်းကွပ်လာသည်။ လွန်ကဲသည်အထိ လွှတ်မပေးတော့ဘဲ မဇ္ဈိမပဋိပဒါ အလယ်အလတ်ကျကျ မျှမျှတတရှိအောင် စီရင်လာ သည်။ ကဗျာကိစ္စအတွက်လိုအပ်သော ခံစားမှုအတိုင်း အတာ ရရှိအောင် နိမိတ်ပုံကို ထိရောက်စွာ အသုံးပြုလာသည်။ ပျဉ်းမငုတ်တိုကို ကြည့်ပါ။

ခေတ်စမ်းနှောင်းတွင် ပါဝင်သော မင်းသုဝဏ်၏ ကဗျာများသည် မင်းသုဝဏ်၏ ပင်ကို စိတ်နေစိတ်ထားကို ကိုယ်စားပြုခြင်းမှ သွေဖည်ခြင်းမရှိခဲ့ပေ။ မင်းသုဝဏ်သည် ချစ်တတ်သည်၊ ခင်တတ်သည်၊ ကြင်နာတတ်သည်၊ အရာရာကို ကရုဏာဖြင့် ကြည့်တတ်သည်။ ထို့ကြောင့်မင်းသုဝဏ်၏ ကဗျာများသည် အကြမ်းဖက်ကဗျာများ မဟုတ်၊ အနုဖက်ကဗျာများ ဖြစ်ကြသည်။ စောဒက တက်ကဗျာများမဟုတ်၊ အတည်ပြုကဗျာများ ဖြစ်ကြသည်။ ပုစ္ဆာကဗျာများမဟုတ်၊ အဖြေကဗျာများ ဖြစ်ကြသည်။ (ဝင်းဖေ ကဗျာခေတ်သုံးခေတ်၏ သရုပ်များ)

(ဦး)ဝင်းဖေသည် ဆရာမင်းသုဝဏ်၏ ကဗျာများ တိုးတက်ပြောင်းလဲလာပုံကို သုံးသပ်ဖော်ပြခဲ့ရာ၌ ဆရာ ကဗျာစတင်ရေးသားခဲ့သော ၁၉၂၆ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်ကာလအတွင်း ကဗျာများကို တင်ပြခဲ့ခြင်း ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်၏နောက်ပိ်ုင်းတွင် ဆရာမင်းသုဝဏ်သည် ကဗျာတွေ ဆက်လက်ရေးဖွဲ့ခဲ့ရာ ဆရာ့ကဗျာများသည် အကြောင်းအရာ ပိုမိုကြွယ်ဝလာသလို ခံစားချက်များလည်း ပိုမိုထက်မြက်လာခဲ့ပါသည်။ အတွေးအခေါ်မှာလည်း ပိုမိုပြည့်ဝ ရင့်ကျက်လာသည်ကို တွေ့ရပါသည်။ ကဗျာရေးဟန်၊ ကဗျာပုံစံလည်း ပြောင်းသွားသည်။ အသက်ကြီးမှ ရေးသောကဗျာများက ပိုမိုလေးနက်လာသော အမြင်အတွေးတွေ ပါရှိလာသည်။ ဆရာသည်လေးနက်သော ဒဿနကို လွယ်ကူပေါ့ပါးသော ပုံစံဖြင့်ဖွဲ့ဆိုသည်။

အားထုတ်ပြန်ဆို

ဆရာ့သဘောထား ခံယူချက်တို့သည် ဗုဒ္ဓတရားတော်ဘက်သို့ ပိုမိုတိမ်းညွတ်လာသည်ကိုလည်း တွေ့မြင်ရပါသည်။ မေတ္တာ၊ ကရုဏာ၊ ခန္တီ (သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း) အတိတ်ကို ပြန်သတိရလွမ်းဆွတ်ခြင်း အတ္တကိုဖယ်ခွာ၍ ငါ မဟုတ်သော အနတ္တတရားကို မြင်အောင်ရှုကြရန် တိ်ုက်တွန်းခြင်း စသည့်အကြောင်းအရာများကို ရေးဖွဲ့လာသည်။ ငှက်ကလေးတွေအကြောင်း၊ တိရစ္ဆာန်လေးတွေအကြောင်း ကဗျာများရေးဖွဲ့ခဲ့သလို မြတ်စွာဘုရားဖြစ်တော်စဉ် ငါးရာ့ငါးဆယ်ဇာတ်တော်များ (ဇာတ်တော်ပေါင်း ၂၄၀ ကျော်) ဓမ္မပဒ ပါဠိဂါထာတော်များ (ဂါထာ ၄၂၃ ပုဒ်) တို့ကို ပြန်ဆိုခဲ့သည်။ ဂျပန် ဟိုက္ကူ ကဗျာတွေကိုလည်း အားထုတ်ပြန်ဆိုခဲ့ပါသေးသည်။ ထူးခြားသည်မှာ ဆရာသည် အသက် ၈၀ ကျော်အရွယ်တွင် ကလေးကဗျာလေးများကိုလည်း ပြန်လည်ဖွဲ့ဆို ရေးသားခဲ့ခြင်းပင်ဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် ခေတ်စမ်း ကဗျာစာအုပ် ထုတ်ဝေသောအခါ သိပ္ပံမောင်ဝက ခေတ်စမ်းကဗျာ ဝေဖန်ချက်ဆောင်းပါး၌ ‘ကိုဝန်၏ ကဗျာများတွင် ရွှင်ပျသော ကဗျာဉာဏ်ကို မမြင်ရပေ’ ဟု မှတ်ချက်ပြုခဲ့သည်။ ထိုအချိန်က ဆရာမင်းသုဝဏ် ဟဒယနှလုံးတွင် အဆွေးဓာတ်ကဲနေသည်လား မပြောတတ်ပါ။ သိပ္ပံမောင်ဝ သုံးသပ်ရေးသားခဲ့ပြီး နောက်နှစ်ပေါင်း ၅၀ အကြာတွင်ရေးသည့် ဆရာ့၏နှောင်းပိုင်း ကဗျာ တော်တော်များများနှင့် ကလေးကဗျာများတွင်မူ ရယ်ရွှင်မြူးထူးဖွယ် အကြောင်းအရာများကို အကြောင်းအရာနှင့် လိုက်ဖက်သော ‘ဟန်’နှင့် ရေးဖွဲ့ထားသည်။ (ဖက်ရှင်မယ်၊ ကိုရေချမ်း၊ အသပြာ၏ ဂုဏ်တစ်ရပ်၊ ရွှေဧည့်သည်၊ ဪကျောင်းအစ်မ စသည့် ကဗျာများ)၊ ဆရာ၏ ဟာသရသမြောက် ကဗျာများသည် လောဘကြီးသူ၊ ဒေါသကြီးသူ၊ အတ္တကြီးသူတို့ကို လှောင်ပြောင်သရော်ထားသော ကဗျာများဖြစ်သည်။ လှောင်ပြောင်သည်ဆိုသော်လည်း ရင့်သီးကြမ်းတမ်းစွာ ရေးသားခဲ့ခြင်းမျိုး မဟုတ်ပါ။ ပညာရှိ ကဗျာဆရာကြီးပီပီ ပျော်ရရုံ၊ ရယ်ရရုံလောက်သာ ဖွဲ့ဆိုခဲ့ပါသည်။ ဆရာမင်းသုဝဏ်၏ အစောပိုင်း ကလေးကဗျာလေးများက ဖတ်ရှုသူကိုကြည်နူးစေပြီး အနှောင်းပိုင်း ကလေးကဗျာများက ဖတ်ရှုသူကို ရွှင်မြူးစေပါသည်။

ကြေးမုံ