တင်ဝင်းလေး၊ ဓာတ်ပုံ - ဘော်ဂါသွေး
ယခုအခါ ရန်ကုန်မြေ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုမှာ တစ်စတစ်စ အားနည်းလာသည်ကို လေ့လာတွေ့ရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တစ်နှစ်ထက်တစ်နှစ် ယာဉ်တိုက်မှုကြောင့် သေဆုံးသူများ ပိုမိုများပြားလာသည်ဟု ဆိုရမည်ဖြစ်သည်။ တိပစွာဆိုရသော် ယာဉ်တိုက်မှုကြောင့် နေ့စဉ် ၁ ဒသမ ၆ ဦးခန့် အသက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်ဟု ကမ္ဘာလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု လက်ကမ်း စာစောင်ငယ်မှ တွေ့ မြင်လိုက်ရသည်။
(၅) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့က ရန်ကုန်မြို့ လူစည်ကားရာ နေရာများ၌ မေ ၆ ရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ အတွင်းရေးမှူး (၂) ဦးအောင်နိုင်နှင့် တွေ့ဆုံခဲ့ရာတွင် “ကျွန်တော်တို့အဖွဲ့အနေနဲ့က ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးမှုတွေ ဆောင်ရွက်ခဲ့တာပါ။ ခရီးသွားပြည်သူတွေ၊ မော်တော်ယာဉ်မောင်းသူတွေ၊ ဆိုင်ကယ်စီးသူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ရင်ထဲက အသိရှိရှိနဲ့ အမြဲလိုက်နာနိုင် တတ်ကြစေဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်”ဟု ဆိုသည်။
စည်းကမ်းလိုက်နာသူများ ဂုဏ်ပြု
မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လူကူးမျဉ်းကျားမှ လမ်းကူးသူ၊ တံတားပေါ်မှ လမ်းကူးသူ၊ ကားပါကင်၌ စည်းကမ်းနှင့်အညီရပ်သူ၊ Yellow Box အား ချန်လှပ်၍ စနစ်တကျ ရပ်တန့်သူ၊ လူကူးမျဉ်းကျားမှ လမ်းကူးသူအား ယာဉ်ကိုရပ်တန့်၍ စောင့်ဆိုင်းပေးသူ၊ မီးပွိုင့်များရှိ လူကူးမျဉ်း-ရပ်မျဉ်းများတွင် စည်းကမ်းနှင့်အညီ ရပ်တန့်သောယာဉ်များကို ကျေးဇူးတင်စကား ပြောကြား၍ လက်ကမ်းစာစောင်နှင့် ငွေဖြည့်ကတ်များ လက်ဆောင်ပေးခြင်း၊ မှတ်တိုင်မှ ယာဉ်လိုင်းပေါ်သို့တက်စဉ် တိုးဝှေ့တက်ခြင်းမပြုဘဲ တန်းစီ၍ တက်သူ၊ ဆင်းသူများကို လက်ကမ်းစာစောင်နှင့် ငွေဖြည့်ကတ်၊ လက်ကိုင်ပဝါ၊ ဘောလ်ပင် စသည်များ လက်ဆောင်ပေးခြင်းဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာသူများအပေါ် ဂုဏ်ပြုခဲ့သည်။

အတွင်းရေးမှူး(၂) ဦးအောင်နိုင်က “ကားပါကင်တွေ စနစ်တကျရပ်ထားတဲ့ကားတွေကို ယာဉ်မောင်းရှိရင် ယာဉ်မောင်းကို စည်းကမ်းတကျရပ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပြီး ငွေဖြည့်ကတ် လက်ဆောင်ပေးခဲ့ပါတယ်။ ယာဉ်ပေါ်မှာ လူမရှိရင်လည်း ကားမှာကျွန်တော်တို့ အဖွဲ့ရဲ့ ဖုန်းနံပါတ်ကပ်ထားပေးခဲ့ပြီး ဒီဖုန်းနံပါတ်ကို ပြန်ဆက်ပေးပါ။ စနစ်တကျယာဉ်ရပ်နားထားမှုကြောင့် ကျေးဇူးတင်ပါကြောင်း၊ ဆုလက်ဆောင် ပစ္စည်း လာရောက်ထုတ်ယူဖို့ ရေးသားခဲ့ပါတယ်၊ အဲဒီအတွက် တုံ့ပြန်မှုက တန်ဖိုးပိုကြီးခဲ့ပါတယ်။ လက်ဆောင်ပစ္စည်းထက် ကျွန်တော်၊ ကျွန်မတို့ကို အခုလို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင်ပါကြောင်းဆိုတဲ့ ပြန်ကြားမှုတွေပါ ယာဉ်စည်းကမ်းလိုက်နာမှုအပေါ် သူတို့ရဲ့ ရင်ထဲကို ရောက်စေခဲ့တဲ့ ဆောင်ရွက်မှုမျိုးပါ။ အခုလို လှုပ်ရှားမှုမျိုးတွေကိုလည်း ရန်ကုန်မြို့အပါအဝင် အခြားမြို့ ကြီးတွေနဲ့တွဲပြီး တစ်နှစ်ကို သုံးကြိမ်လောက်အထိ ဆောင်ရွက်နေပါတယ်” ဟု ရှင်းပြ ခဲ့သည်။
အသိပညာပေး ဟောပြော
ထို့အပြင် ယာဉ်လိုင်းများပေါ်သို့ တက်ရောက် ၍ လူပေါင်းစုံကိုင်တွယ်သည့် လက်ကိုင်ကွင်းများ အား ကိုင်တွယ်ရသည့်အတွက် ကျန်းမာရေးအလို့ငှာ လက်သန့်ရှင်းရေးအဖြစ် လက်ဆေးဆီ (ဂျယ်) များ အသုံးပြု၍ လက်တွေ့သုတ်လိမ်းပြခြင်း၊ ဂျယ်နှင့်တစ်ရှူးများ ဝေငှခြင်း၊ တစ်ဖန် လိုင်းကား ဂိတ်ရင်းဂိတ်ဖျားများသို့ သွားရောက်၍ ယာဉ်မောင်းသူများ ခေတ္တနားနေချိန်၌ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန်၊ ခရီးသည်များနှင့်အဆင်ပြေစွာ ဆက်ဆံရေး ကောင်းမွန်ကြစေရန်တို့အတွက် အသိပညာပေး ဟောပြောခြင်းနှင့်အတူ လက်ဆောင်ပစ္စည်း ပေးဝေငှခြင်းကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေမှုအပေါ် အားတစ်ခုဖြစ်စေ ခဲ့သည်။
သို့သော်..၊ ယခုရက်ပိုင်းအတွင်း အွန်လိုင်း စာမျက်နှာပေါ်၌ တွေ့လာရသည်။ “လူကူး မျဉ်းကျားမှ ကူးကြပါ၊ တံတားပေါ်မှ ကူးကြပါ၊ ဖမ်းနေပါသည်။ ဒဏ်ငွေကျပ် ၃၀ဝဝဝ ရိုက်နေပါသည်” ဆိုသည့် သတိပေးမှုစာနှင့်ပုံများ ဖြစ်ပါသည်။
ကျေးဇူးတင်စရာကောင်းပါသည်။ လမ်းသွား ခရီးသွားပြည်သူများအား ကြိုတင်ပေးခြင်းအတွက်ပါ။ အမှန်တကယ်ဟုတ်၏ မဟုတ်၏ ဆိုသည်မှာ သေချာဖို့တော့ လိုအပ်ပေသည်။
တစ်ချိန်က ပုဂံပြည်က အမျိုးသမီးကြီးတစ်ဦး မိမိဆန်ထည့်သည့် ဆန်ကောလေထဲတွင် လွင့်ပါသွားသည်ကို “ငါ့ဆန်ကော ငါ့ဆန်ကော” ဟု အော်၍ လိုက်ဖမ်းရာမှ ပုဂံပြည်သူတို့နားအကြား မှားကာ ဘုရင်တစ်ပါး၏အမည်(ဘွဲ့) “ငါ့စက္ကော၊ ငါ့စက္ကော” ဟု လွဲမှားခဲ့သည့် အမှားမျိုးများ ဖြစ်လာမည်ကို စိုးရိမ်မိပါသည်
အမှန်အားဖြင့် ခရီးသွားပြည်သူအများ လမ်းစည်းကမ်းလိုက်နာမှု အားနည်းလာသည်မှာ အတော်ကြာလာခဲ့ပြီ ဖြစ်ပါသည်။ ကြုံရာနေရာ မှ လမ်းဖြတ်ကူးနေကြသည်ကို နေ့စဉ်နှင့်အမျှ မြင်တွေ့နိုင်ပေသည်။
လိုက်လံဖမ်းဆီးပြီး ဒဏ်ငွေများရိုက်
တစ်ချိန်က နှစ်များကြာခဲ့ပါပြီ။ မျဉ်းကျားက မကူး၍ မော်တော်ယာဉ်ကြီးဖြင့် လိုက်လံဖမ်းဆီးပြီး ဒဏ်ငွေများရိုက်ခဲ့ဖူးပါသည်။ အကြောင်း အမျိုးမျိုးကြောင့် ထိုသို့ လိုက်လံဖမ်းဆီးခြင်း မရှိတော့သည့်အတွက် စည်းကမ်းလိုက်နာမှုများ မရှိတော့ခြင်းဖြစ်ပေသည်။
လူကူးတံတားများ အကုန်အကျခံတည်ဆောက်
ထိုစဉ်က ယခုကဲ့သို့ လူကူးတံတားများ များပြားစွာ မရှိခဲ့ပါ။ အဓိကလူကူးမျဉ်းကျားများ သာလျှင်ရှိခဲ့ပါသည်။ ယခုအခါ လမ်းဆုံလမ်းခွ များ၌ လူကူးတံတားများကို အစိုးရက ငွေကြေး အမြောက်အမြား အကုန်ကျခံကာ တည်ဆောက် ပေးထားသည်ကို တွေ့ရသည်။
သို့သော် သက်ကြီးရွယ်အိုနှင့် ကျန်းမာရေး မကောင်းသူများမှမဟုတ်၊ လူငယ်၊ လူရွယ်များ ပင် တံတားပေါ်မှကူးသန်းကြရန် ဝန်လေးနေကြ သည်။
နေ့စဉ်ရာချီဖြတ်သန်းကူးနေ
လမ်းဆုံအဟန့်အတားမရှိရာ လူကူးတံတား အောက်မှသာလျှင် အပြေးအလွှား ဖြတ်ကူးနေ ကြသည်။ အထူးသဖြင့် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ လူကူးတံတား လေးဖက် လေးတန်အောက်မှ နေ့စဉ်ရာချီဖြတ်သန်းကူး နေသည်ကို မြင်တွေ့နိုင်မည်ဖြစ်ပေသည်။
သို့အတွက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အအနေဖြင့် ယင်းနေရာကို ဗဟိုပြု၍ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပေသည်။ တံတားအောက်ရှိ ယာဉ်ထိန်းရုံးလေးမှ အသံချဲ့စက် ဖြင့် “ခရီးသွားပြည်သူများခင်ဗျား - လူကူး တံတားပေါ်မှတက်၍ လမ်းကူးကြပါရန် မေတ္တာ ရပ်ခံပါတယ်” ဆိုသည့်အသံမှာ စဉ်ဆက်မပြတ် ထွက်ပေါ်နေသည်။ ထို့အပြင် စည်းကမ်းမဲ့လမ်းကူး ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို အသိပေး လွှင့်ထုတ်ပေးလျက် ရှိသည်။ ထို့အပြင် ယာဉ်ထိန်းရဲမေများက လက်ကိုင်ဟွန်းလေးများ ဖြင့် စည်းကမ်းမဲ့လမ်းမကူးကြပါရန်နှင့် တံတားပေါ် မှသာ ကူးကြပါရန် အသိပေးနှိုးဆော်လျက်ရှိ နေသည်။
ခရီးသွားများက ကားလမ်းပေါ်မှ ဖြတ်သန်း ကူးသန်းမှုကို အကျင့်ပါနေဟန်တူ၏။ ဇွတ်အတင်း ကူးလာကြသူများကို ယာဉ်ပေါ်သို့ခေါ်တင်၍ ခေတ္တ စောင့်ဆိုင်းစေခဲ့သည်။
အေးအေးချမ်းချမ်းပြန်
ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးတစ်ဦးက “ခရီးသည်တွေ လမ်းစည်းကမ်းအသိပညာတွေ ရှိစေဖို့အတွက် အခုလို ပညာပေးခြင်းလုပ်ငန်း စီမံချက်ကို မေ ၁၄ ရက်ထဲက ဒီတံတားအောက် မှာစတင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်မှာ ပြဋ္ဌာန်းထားတာက ပြစ်မှုပြစ်ဒဏ် တစ်ခုမှာ အနိမ့်ဆုံးဒဏ်ငွေကျပ် ၃၀ဝဝဝ သတ်မှတ်ထားတာရှိပါတယ်။ အဲဒါနဲ့ ထင်ယောင် ထင်မှားဖြစ်ပြီး လာမေးတာတွေရှိပါတယ်။ လူမှု စာမျက်နှာ(အွန်လိုင်း)မှာ တက်နေတာတွေရှိ ပါတယ်။ အဲဒါကိုပဲ ကျွန်တော်တို့ ရှင်းပြနေရပါတယ်။ ဒါပေမယ့် အခုလက်ရှိအချိန်အထိ မျဉ်းကျားက မကူးလို့၊ တံတားပေါ်က မကူးလို့ဖမ်းပြီး ဒဏ်ငွေ ကျပ် ၃၀ဝဝဝ ရိုက်တာ လုံးဝမရှိခဲ့ပါဘူး။ အသိပညာပေးပြီး လိုရာခရီးကို အေးအေးချမ်းချမ်း ပြန်သွားတဲ့သူတွေပဲ ရှိပါတယ်”ဟု ရှင်းပြ သည်။
စောင့်ဆိုင်းထားသူများ သတ်မှတ်ဦးရေ ပြည့်လာသည့်အခါ အမှတ် (၇) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ (ရန်ကုန်/အနောက်) မှ ဒုတိယ တပ်ခွဲမှူး - ရဲမှူး မျိုးအောင်မြင့်က စည်းကမ်းမဲ့ လမ်းကူးခြင်းကြောင့် ကြုံတွေ့ရမယ့်အန္တရာယ်များကို ရှင်းလင်းပြောကြားပေးပြီး အရေးယူ ပြစ်ဒဏ်ပေး ဆောင်ရွက်ခြင်းထက် စည်းကမ်းတကျလမ်းကူးနိုင်ကြစေရန် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်များကိုသာ အဓိကထား ဆောင်ရွက်နေပါကြောင်း အသိပညာပေး ဟောပြောကာ လိုရာခရီးသို့ ပြန်ခွင့်ပေးခြင်းဖြစ်သည်ကို တွေ့မြင်ခဲ့ရသည်။ ဒဏ်ငွေရိုက်ခြင်း လုံးဝမရှိပေ။
စည်းကမ်းနှင့်အကျင့်သည် အဓိကဖြစ်
လူတစ်ဦးတစ်ယောက်အနေဖြင့် စည်းကမ်း နှင့် အကျင့်သည် အဓိကဖြစ်ပေသည်။ အခြားသူ များက စည်းကမ်းမဲ့ လမ်းကူးနေကြခြင်းအပေါ် လိုက်ပါကူးခြင်းသည် မိမိ၏ လူ့ကျင့်လူ့တန်ဖိုးကို ဖော်ပြနေခြင်းသာလျှင် ဖြစ်ပေသည်။
အထူးသဖြင့် စည်းကမ်းမဲ့ လမ်းကူးခြင်းကြောင့် အချိန်မရွေး ယာဉ်အန္တရာယ်နှင့် ကြုံတွေ့နိုင်သည်ကို သတိချပ်သင့်ပေသည်။ ယခုကဲ့သို့ စီမံချက်ရှိမှ၊ ယာဉ်ထိန်းရဲရှိမှသာလျှင် မျဉ်းကျား၊ တံတားပေါ်မှ လမ်းကူးခြင်းထက် မိမိနှလုံးသားက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအပေါ် အလေး ထား၍ အစဉ်ထာဝရ လိုက်နာနိုင်ကြပါစေဟု....



