၂၈ မေ
မော်ဖဒေသက မက်မန်းဆိုသောမြို့ကလေး
မက်မန်းမြို့လေးကို ကျွန်တော်သတိရနေမိတယ်။ ရင်ထဲမှာရှိတဲ့အတိုင်းပြောရရင်တော့ သတိရနေမိတယ်ဆိုတာထက် လွမ်းနေမိတာ။ ဒါတောင် တစ်ခေါက်ပဲရောက်ဖူးတာနော်။ သို့သော်ငြားလည်းပေါ့လေ၊ ၂၀ဝ၃ ခုနှစ် စက်တင်ဘာလကစပြီး မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေမှာ နယ်စပ်မှတ်တမ်းဆိုတဲ့ခေါင်းစဉ်နဲ့ နယ်စပ်ဒေသတစ်ခုချင်းအလိုက် ယခင်အခြေအနေ၊ ငြိမ်းချမ်းရေးရပြီးနောက် ယခုအခြေအနေ၊ ဆောင်ရွက်ပေးပြီးတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအကြောင်း ရေးခဲ့ဖူးတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးနေတဲ့ဒေသ ၁၈ ခုထဲမှာ မော်ဖဒေသ (မက်မန်းဒေသ) လည်းတစ်ခု အပါအဝင်ဖြစ်တာမို့ သူနဲ့ပတ်သက်ပြီး မော်ဖမှာ ရွာတဲ့မိုး။
တစ်ခါတုန်းက မော်ဖဒေသ
တစ်ခါတုန်းက မော်ဖဒေသမှာဆိုတဲ့ ဆောင်းပါးနှစ်ပုဒ်စပြီးရေးသား တင်ပြခဲ့ဖူးပါတယ်။ သည်တုန်းက ရေးမည့်သာ ရေးရတာ မော်ဖဒေသကို ကျွန်တော်မရောက်ဖူးသေးဘူး။ နတလမှာ ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်သွားတဲ့ ဗိုလ်မှူးကြီးသန်းဆွေ(သံအမတ်ကြီး- ငြိမ်း)ရဲ့ အတွေ့အကြုံတွေ၊ ဒီဒေသမှာ ရာထူးအဆင့် အမျိုးမျိုးနဲ့ စစ်ဆင်ရေးဝင်ခဲ့ဖူးတဲ့ ကိုဇော်ဦး၊ ကိုစိန်လင်း၊ ကိုအုန်းမြင့်၊ ကိုစန်းဝေတို့ပြန်လည် ပြောကြားမှုတွေအပေါ် ခံစားပြီး ရေးဖွဲ့လိုက်တာ၊ မော်ဖဒေသက တိုက်ပွဲအကြောင်းတွေ၊ ဆားကအစ စားသောက်ကုန်ရှားပါးတာတွေ၊ အဲဒီလိုဒေသမျိုးမှာ ဗိုလ်မှူးကြီးသန်းဆွေ တပ်ရင်းမှူး တာဝန်ထမ်းဆောင်စဉ်က မက်မန်းဒေသ ဝန်ထမ်းများနဲ့ ပူးပေါင်းပြီး ရှင်အပါး ၁၀ဝ ပြုပွဲကြီး ကျင်းပခဲ့ပုံတွေ၊ မော်တော်ကားကို မမြင်ဖူးမစီးဖူးကြတဲ့ ရွာသားတွေကို ရိက္ခာလာပို့တဲ့ တီအီး-၁၁ ကားကြီးတွေပေါ်တင်ပြီး မောင်းခိုင်း၊ စီးခိုင်းခဲ့တာတွေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၈၉ ခုနှစ်က စတင်ပြီး မော်ဖဒေသမှာ ဆောင်ရွက်ပေးခဲ့တဲ့နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း ဖော်ပြပေးခဲ့ပါတယ်။
ပြောလိုရင်းကတော့ မော်ဖဒေသကို မရောက်ဖူးသေးသည့်တိုင် ၂၀ဝ၃-၂၀ဝ၄ ခုနှစ်မှာ မော်ဖ(မက်မန်းဒေသ)ဟာ ကျွန်တော့်ရင်ထဲကိုရောက်နေပါပြီ။ ညွှန်ကြားရေးမှူးဘဝမှာ ရှမ်းပြည်နယ်ကို ခဏတာဝန်ယူလိုက်ရပါသေးတယ်၊ ဒါပေမယ့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ (တောင်ပိုင်း) ဒေသတွေ၊ ကိုးကန့်၊ ပလောင်၊ ပအိုဝ်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတို့ကို ရောက်ခဲ့သော်ငြားလည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းဒေသနဲ့ အလှမ်းဝေးဆဲ၊ အရောက်အပေါက်မရှိဆဲဘဲဖြစ်ခဲ့ရပါတယ်။ ရှမ်းပြည်နယ်ကို တာဝန်ယူထားရာက ကချင်၊ ချင်း၊ စစ်ကိုင်းနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ပြောင်းကိုင်ရတဲ့ အခါ မော်ဖဒေသနဲ့ ပိုလို့ပိုလို့ ဝေးသွားပါပြီ။
ကိုယ်ချင်းစာတရားထားမှု
ဒီလိုနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်ထဲမှာမှ ကျွန်တော်အသွားချင်ဆုံးနေရာ မော်ဖ(မက်မန်းဒေသ)ကို ရောက်ခဲ့ရ၊ မင်းရန်အောင်စေတီတော်ကို ဖူးမြော်ခဲ့ရတာပဲ ဖြစ်ပါတယ်။ မော်ဖဒေသရဲ့ တစ်ချိန်က ပုံရိပ်တွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ လမ်းပန်းဆက်သွယ်ရေးကတော့ တိုးတက်လာတာအမှန်ပါပဲ။ နတလ၊ ပဆင၊ ကျေးလက်သူ့အပိုင်းနဲ့သူ တာဝန်ယူလုပ်ပေးနေပါတယ်။ မက်မန်းက တစ်မြို့တစ်ခရိုင်ဘဝနဲ့ ခရိုင်အဆင့်ရထားပြီး ဝန်ထမ်းအားလုံးကလည်း သံယောဇဉ်ကြီးစွာ ကြိုးစားဆောင်ရွက်နေတာ တွေ့ခဲ့ရပါတယ်။ မက်မန်းကအပြန်မှာ ဗိုလ်ချုပ်အောင်ဇော်အေး (ယခု ရမခတိုင်းမှူး)က ကျေးရွာ ၁၂ ရွာအတွက်ဆိုလာမီး ၃၆၆ စုံ၊ ဝန်ထမ်းအိမ်ရာ နှစ်လုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်း ခွင့်ပြုပေးပါရန် တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ခွင့်ပြုပေးခဲ့ပါတယ်။ မက်မန်းမြို့က ဆောက်လုပ်ဆဲဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွက်လည်း ပြည်ထောင်စုဝန်ကြီးထံတင်ပြပြီး အလှူငွေများ လှူဒါန်းခွင့်ရခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာစေဖို့အတွက် ရောင်အူကြီးကနေ အနောက်ဘက်သံလွင်မြစ်ထိ ၁၂ မိုင် ဖောက်ခွင့်ရရှိရေးလည်း ပြည်ထောင်စုဘတ်ဂျက်(သို့မဟုတ်) ပြည်နယ် ဘတ်ဂျက်နဲ့ ဆောင်ရွက်နိုင်အောင် အကြံပြုခဲ့ပါတယ်။ အောင်သံလွင်- ကောင်းကေး-ရောင်အူကြီး-ဝမ်စလောင်း၂၃ မိုင်ကတော့ ပြည်ထောင်စုဘတ်ဂျက်၊ ရှမ်းပြည်နယ်အစိုးရဘတ်ဂျက်တွေနဲ့ တော်တော်လေးကောင်းနေ ပါပြီ။ မက်မန်းမြို့လေးနဲ့ မက်မန်းဒေသ ပိုပြီးဖွံ့ဖြိုး တိုးတက်လာစေဖို့ဆိုရာ မှာ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍတွေ ယခုအခြေအနေ ထက်မြင့်မားလာဖို့ လိုအပ်ပါတယ်။ မီးစက်နဲ့ ညနေ၆ နာရီကနေ ည ၉ နာရီအထိပဲပေးနိုင်တဲ့ အခြေအနေကနေ လွတ်မြောက်စေချင်လှပါပြီ။ ရေအားလျှပ်စစ်ရဖို့ ကြိုးပမ်ဆောင်ရွက်နေကြတယ်လို့ ကြားရတာကြောင့်လည်း ဝမ်းသာမိပါတယ်။ ကျွန်တော်တို့လည်း မြစ်ဝကျွန်းပေါ်က ရွာတစ်ရွာမှာ ရေနံဆီ မီးခွက်နဲ့ဘဝကိုစခဲ့ရတာမို့ နယ်စပ်ဒေသအားလုံးအပေါ် ကိုယ်ချင်းစာ တရားထားမိပါတယ်။
မက်မန်းမြို့လေးကို သတိတရရှိနေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ မိုင်းပျဉ်းမြို့နယ် အထကတုံတာ ကျောင်းအုပ်ကြီး ဆရာကြီး ဦးမြင့်သိန်းက မတ်လအတွင်း မက်မန်းမြို့အထကကို သွားပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့ရတာတွေ၊ စာမေးပွဲတာဝန်အပြီးမှာ ပန်ဆန်းဘက်ကိုမရောက်ခဲ့သည့်တိုင် ပွိုင့် ၆၀၂၈၊ ပွိုင့် ၅၇၁၀ တောင်ကုန်းတွေဘက်ကို ရောက်ခဲ့တဲ့အကြောင်း၊ ဆရာကြီးမောင်ဆွေသက် (ဗိုလ်မှူးကြီး ညွန့်ဆွေ- ငြိမ်း)ရဲ့ ရေးသားခဲ့သော ကဒူးမမှ မော်ဖသို့ စာအုပ်ကိုဖတ်ပြီးကတည်းက ထိုဒေသကို ရောက်ဖူးချင်နေသူဖြစ်ကြောင်း၊ မွတ်နိုးနဲ့ ကောင်းလန်းရွာတွေအထိ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ဒေသထွက် ဆန်မလုံလောက်တဲ့အတွက် စားရေးအခက်အခဲမရှိအောင် ရိက္ခာဆန်ထောက်ပံ့ပေးသင့်တဲ့ ဒေသတွေဖြစ်ကြောင်း၊ ပြောင်းဖူးနဲ့ လက်ဖက်ခြောက် ထွက်ပေမယ့် ဈေးကွက်မရှိလို့ ရောင်းဝယ်ဖောက်ကားဖို့ခက်ခဲကြောင်း ရေးသားတင်ပြထားပါတယ်။ ကိုယ်တွေကလည်း မက်မန်းဒေသကို သတိရနေမိချိန်မှာ ဆရာကြီးရဲ့ ရေးသားချက်တွေကို ဖတ်ရတဲ့အခါ ပိုပြီးလွမ်းမိသွားပါရောလား မက်မန်းမြို့လေးရေ.....။
သံယောဇဉ်လွန်းတင်ခဲ့မိလေသော ခေါင်လန်ဖူး
ပင်စင်စားဘဝကို ရောက်သွားသည့်တိုင် ဌာနအကြီးအကဲများက အကူအညီတောင်းလာတာရယ်၊ ကိုယ်တိုင်ကလည်း ဝါသနာပါတာရယ်ကြောင့် ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ပထမပတ်မှာ မြန်မာ့ရုပ်မြင်သံကြားက ဦးဇေယျာကျော်ဝင်း ခေါင်းဆောင်တဲ့ ရိုက်ကူးရေးအဖွဲ့နှင့်အတူ ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ပန်နန်းဒင်ဒေသများရဲ့ ဖွံ့ဖြိုးတိုးတက်မှုများနဲ့ မဂွေဇ-ခေါင်လန်ဖူးကားလမ်း ၆၅ မိုင် ၄ ဖာလုံဖောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရောက်ရိုက်ကူးခဲ့ကြပါတယ်။ အဲဒီ့နောက် ကျွန်တော့်စာမူထဲကအတိုင်း အိပ်မက်လမ်းသို့ ခရီးရှည်အမည်နဲ့ မိနစ် ၅၀ ခန့်မျှ အားပါးတရ တည်းဖြတ်ထုတ်လွှင့်သွားခဲ့ကြပါတယ်။ မဂွေဇ-ခေါင်လန်ဖူးကားလမ်း ၆၅ မိုင် ၄ ဖာလုံအနက် ဆန်းလွတ်ချက်တောင်ထိပ်အထိ ဖောက်လုပ်ပြီးသမျှ ၃၃ မိုင် ၆ ဖာလုံလမ်းပိုင်းကို ၂၀၁၉ ခုနှစ်ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းမှာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ခေါင်လန်ဖူးဘက် ကျန်တဲ့လမ်းပိုင်းကို ဆက်လက်ဖောက်လုပ်ပေး နေပါတယ်။
ခေါင်လန်ဖူးမြို့ကနေ ဆန်းလွတ်ချက်တောင်ဘက်ကို လတ်တလောသွားလာနိုင်အောင် ဆိုင်ကယ်လမ်း ဖောက်လုပ်နေပါတယ်။ ဆိုင်ကယ်စီးလို့မရသေးတဲ့ ကြားလမ်းခရီးလေးကိုပဲ လမ်းလျှောက်ရမှာဖြစ်ပါတယ်။ လမ်းလျှောက်ရတယ်ဆိုပေမယ့်လည်း တစ်ချိန်က ကားလမ်း လုံးဝမပေါက်ခင် ပူတာအိုကနေ ခေါင်လန်ဖူးထိ ၁၁ ရက်၊ ၁၂ ရက်ခန့် ခြေကျင်လျှောက်ရပါတယ်။ အဲဒီနောက် ၂၀၁၀ ပြည့်နှစ် ပူတာအို-နောင်မွန်ကားလမ်းပေါက်သွားတော့ ကျန်ခရီးကိုအနည်းဆုံး သုံးလေးရက်လောက်လျှောက်နေရဆဲ။ ဟော အခုနေခါမှာတော့ ကြားထဲမှာ နာရီပိုင်းလောက်လေးပဲ လမ်းလျှောက်ရတော့တာပါ။ ပြီးခဲ့တဲ့ မတ်လထဲမှာ ခေါင်လန်ဖူးဒေသကနေ နောင်မွန်မြို့ကို သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူလေးများ ဆန်းလွတ်ချက် တောင်ထိပ်အရောက် တပျော်တပါး နေ့လယ်စာစားနေကြတဲ့ မှတ်တမ်းဓာတ်ပုံတွေ တွေ့လိုက်ရပါတယ်။ နတလက လမ်းဖောက်နေတဲ့ အဖွဲ့ကလည်း ကလေးအားလုံးကိုကားတွေပေါ်တင်ပြီး နောင်မွန်မြို့အထိ လိုက်ပို့ပေးခဲ့ကြောင်း သိရပါတယ်။ သူတို့လေးတွေကို ဖျတ်ခနဲတွေ့လိုက်ရတဲ့အခါ ခေါင်လန်ဖူးဒေသရဲ့ ပညာရည်မြင့်မားရေးကို လက်ဆင့်ကမ်း တာဝန်ယူကြရမည့်အနာဂတ် ပဲ့ကိုင်ရှင်လေးတွေအဖြစ် ယုံကြည်အားထားစိတ်တွေ ဖြစ်ပေါ်လာမိတာအမှန်ပါပဲ။ ရဝမ်တိုင်းရင်း သားတွေမညံ့ကြောင်း ကျွန်တော့်ရဲ့ဆောင်းပါးတွေမှာ ဖော်ပြခဲ့ပြီးပါပြီ။ ပို၍ ပို၍ တိုးတက်စေချင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုဒဏ်ကို ခါးစည်းခံစားရင်း ပညာရေး၊ ကျန်းမာရေးကအစ လူမှုစီးပွားဘဝ အားလုံးနောက်ကျကျန်ရစ်နေရတာ ဖြစ်ပါတယ်။
မဂွေဇ- ခေါင်လန်ဖူး ကားလမ်းကြီးပေါက်သွားရင်တောင် ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်ဆောင်ရပါဦးမယ်။ ၂၀၁၈ ခုနှစ်အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားရရှာတဲ့ ကျောင်းဆရာမလေး ဇယ်နော အကြောင်းကိုခရမ်ခူ(မြစ်ကြီးနား)က သူရိယနေဝန်းဂျာနယ်မှာ ရေးသားခဲ့ပါတယ်။ မြစ်ကြီးနားဇာတိ၊ ကချင်တိုင်းရင်းသူ ဆရာမလေးဇယ်နော၊ ကျောင်းဆရာမအလုပ်ကို ဝါသနာပါလွန်းလို့ PPTT ဝင်လျှောက်ပြီး တာဝန်ကျရာ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲက ဖန်တုံအလက (ခွဲ) ကျောင်းကိုသွားခဲ့တယ်။ ဒီအချိန်က မဂွေဇ-ခေါင်လန်ဖူး လမ်းမှ မပေါက်သေးဘဲလေ၊ ဆိုင်ကယ်တစ်လှည့် ခြေကျင်တစ်လှည့်နဲ့ သွားခဲ့ရ၊ ဆန်းလွတ်ချက်တောင်ကြီးကိုကျော်၊ ခေါင်လန်ဖူးကိုရောက်ပြီးနောက် ဖန်တုံရွာဘက်ကို မိုင် ၄၀ လောက် နှစ်ညအိပ်သုံးရက်ထပ်ပြီး လမ်းလျှောက်ရသေးတယ်လို့ ဆိုပါတယ်။ ဖန်တုံအလကကိုရောက်ပြီး လေးလလောက်အကြာမှာပဲ အားနည်းပြီး ဖျားပါပြီ။ ပါလာတဲ့ဆေးဝါးတွေကိုလည်း ရွာကနေမကောင်းဖြစ်သူတွေကို တိုက်လိုက်လို့ ကိုယ်ဖြစ်တဲ့အချိန်မှာ သောက်စရာဆေးက မရှိတော့ပြီ။ ကျွန်တော်ကြားဖူးထားတာ တစ်ခုကလည်း နယ်စွန်နယ်ဖျားကိုသွားရတဲ့ ပညာရေးဝန်ထမ်းတွေဟာ ရွာလူထုကိုတတ်နိုင်သမျှ ဆေးဝါးကုသပေးရင်း ပညာဒါနအပြင် ကျန်းမာရေးပညာပေး လုပ်ငန်းတွေပါ လုပ်ဆောင်ပေးလေ့ရှိကြတယ် ဆိုတာပါပဲ။
ဒီလိုနဲ့ ဆရာမလေး ဇယ်နောရဲ့ အစ်ကိုဖြစ်သူက အပြေးအလွှားလိုက်သွားခဲ့ပြီး ရွာလူကြီးတွေရယ်၊ ကျောင်းအုပ်ဆရာကြီးရယ် အကူအညီနဲ့ မြန်မာ-တရုတ်နယ်စပ်က မြို့လေးကို ပို့ပေးခဲ့ပေမယ့် ရှိန်းခေါင်ရွာလေးမှာပဲ ဆုံးပါးသွားခဲ့ကြောင်း သိရပါတယ်။ ဇယ်နောရေ ... သမီးရဲ့ကိုယ်စားနှုတ်ဆက်လိုက်ပါတယ် ဖာမရာအေ...။ ဘာကြောင့် ဒီလိုဖြစ်သွားရသလဲ။ လမ်းပန်းဆက်သွယ်ရေးပါပဲ။ ခေါင်လန်ဖူးမြို့နယ်အတွင်းမှာ သည်ထက်ပိုပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့လိုနေပါသေးတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်ကလည်း ခေါင်လန်ဖူးမှတစ်ဆင့် လန်ဆယ်-ချီဖွေမှသည် မြစ်ကြီးနားအထိ နယ်စပ်ပတ်လမ်း တစ်ခုပေါ်ပေါက်လာရေး ဖြစ်တာနှင့်အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ရင်ထဲက ထာဝရဟိုမိန်း
၁၉၉၆ ခုနှစ်မှာ MTA အဖွဲ့ အကြွင်းမဲ့ လက်နက်စွန့်ချိန်၊ အထူးအုပ်ချုပ်ရေးအဖွဲ့မှာ နတလအဖွဲ့ဝင်တစ်ဦးအနေဖြင့် စတင်ရောက်ခဲ့ဖူးသော ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသက ဟိုမိန်း၊ ထိုမှ ၁၈ နှစ်ခန့်အကြာ ၂၀၁၄ ခုနှစ်မှာ လုပ်ငန်းညွှန်မှူးအနေဖြင့် ထပ်မံရောက်ခဲ့သော ဟိုမိန်း၊ အဲ့ဒီ ဟိုမိန်းမြို့လေးကိုပဲ ၂၀၁၇ ခုနှစ်မှာ တတိယအကြိမ်မြောက် ထပ်မံရောက်ခဲ့ပါသေးတယ်။ ဟိုမိန်းမြို့ကို ဘယ်အချိန် ဘယ်ကာလမှာ သတိအရဆုံးလဲလို့မေးလာခဲ့ရင် သင်္ကြန်ရောက်တိုင်း မေ့မရတဲ့ဒေသတစ်ခုလို့ပဲ ဖြေချင်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ရယ်၊ MTA တပ်ဖွဲ့ဝင်ဟောင်းတွေရယ်၊ တပ်မတော်သားတွေရယ်၊ နယ်မြေခံလူထုရယ် ပူးပေါင်းဆင်နွှဲခဲ့တဲ့ သင်္ကြန်ပွဲတော်ကို ကျွန်တော့်စိတ်ထဲမှာ ငြိမ်းချမ်းရေးသင်္ကြန်လို့ မှတ်ယူထားတာကြောင့်ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး သင်္ကြန်အဖြစ် ကျွန်တော့်ရင်ထဲမှာ စွဲနေတဲ့သင်္ကြန်က နှစ်ခုပဲရှိတာပါ။ နောက်တစ်ခုက ၁၉၉၁ ခုနှစ် ဧပြီလ မှာ ဦးအိုက်မုန်းတို့ PSLA အဖွဲ့ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့အချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)က နမ့်ဆန်မြို့မှာ သူတို့နဲ့အတူ ဆင်နွှဲတဲ့သင်္ကြန်ပါ။ ဒါကြောင့် သင်္ကြန်ရောက်ပြီဆိုရင် ကျွန်တော်သည်နေရာ သည်ဒေသတွေကိုပဲ လွမ်းဆွတ်တမ်းတ နေမိတယ်ဆိုပါတော့။ နှစ်ကာလကြာလာတာနဲ့အမျှ ဟိုမိန်းမြို့လေးဟာ ဝန်ထမ်းမြို့လေးတစ်ခုလို စနစ်တကျ ဖြစ်လာတာရယ်၊ တရားဥပဒေစိုးမိုးမှုရှိလာတာရယ်၊ ဒေသခံတွေနဲ့ စည်းလုံးညီညွတ်မှု အားကောင်းလာတာတွေကို မြင်ရကြားရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီနှစ်သင်္ကြန်မှာလည်း ရေကစားမဏ္ဍပ်တွေထိုးပြီး ကစားကြတာတွေ့ရပါတယ်။ ဝိသုဒ္ဓိကျောင်းတော်ကြီးမှာ မိုင်းဖုန်းဆရာတော်ကြီး ကြွရောက်တရားချီးမြှင့်တဲ့အတွက် ဟိုမိန်းဌာနေ ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးမဟာကြာနဲ့ ဧည့်ပရိသတ်တွေ စည်စည်ကားကား နာယူနေကြတာကိုလည်း ကြားသိလိုက်ရလို့ ဝမ်းသာပီတိဖြစ်မိပါရဲ့။ ဟိုမိန်းဒေသ လမ်းပန်းဆက်သွယ်ရေး ဒီထက်ကောင်းလာဖို့ရယ်၊ နောင်လုံကန်ကြီးကနေ ရေအားလျှပ်စစ်ထုတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြစေဖို့ရယ်၊ တောင်းဆုခြွေရင်း မက်မန်း၊ ခေါင်လန်ဖူးနဲ့ ဟိုမိန်းလွမ်းချင်းကို ရေးဖွဲ့လိုက်ရပါတယ်။
မြင့်စိုး(နတလ)


