လဲချား ၂၈ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့၊ ရပ်ကွက်(၃)၊ ကျောင်းပန်စာသင်တိုက် တောင်ဘက်ရှိ လယ်ပေါ် ဘုန်းကြီးကျောင်းဟောင်း ဝင်းအတွင်း၌ မေ ၂၄ ရက်က ကျောင်းပန်ဘုန်းကြီးကျောင်း ဆရာတော် ဦးဆောင်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်စဉ် ဉာဏ်တော်သုံးပေခန့်ရှိ မြေပေါက်ရုပ်ပွားတော် တစ်ဆူကိုတွေ့ရှိရာမှ ထိုနေရာ ဝန်းကျင်၌ ဆက်လက်တူးဖော်ရာ ဉာဏ်တော် ၇ လက်မခန့်ရှိ ကြေးရုပ်ပွားတော် အဆူ ၄၀ နှင့် ဉာဏ်တော် ၈ လက်မခန့်ရှိ ဦးခေါင်းတော်၊ လက်တော်နှင့် ခြေတော်ပြတ် စကျင်ရုပ်ပွားတော်များကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါရုပ်ပွားတော်များ တူးဖော်တွေ့ရှိမှုနှင့်ပတ်သက်၍ ကုသိုလ်ယူ ပါဝင်တူးဖော်ခဲ့သူ ဒေသခံတိုင်းရင်းသား ဦးအားရှိုက ရုပ်ပွားတော်များတွေ့ရှိသည့်နေရာတွင် နောက်ရက်များ၌ ဆက်လက်တူးဖော်ခဲ့ရာ လေးရက်အတွင်း စုစုပေါင်း ၈၈ ဆူရှိပြီဖြစ်ကြောင်း၊ အနက်လေးပေခန့်တူးပြီး ထုံးနှင့်အုတ်ကြောင်းကိုတွေ့ရှိပါက ထိုနေရာတွင် ရုပ်ပွားတော်များ တူးဖော်တွေ့ရှိနိုင်ကြောင်း၊ နောက်ထပ်လည်း တူးဖော်တွေ့ရှိနိုင်သေးကြောင်း၊ ယခုတွေ့ရှိထားသော ရုပ်ပွားတော်များသည် သက်တမ်း နှစ် ၂၀ဝ ခန့် ရှိနိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်း၏ ထင်မြင်ယူဆချက်ကို ပြောပြသည်။
ကျန်ရှိနေသေးသော ရုပ်ပွားတော်များကို ပြန်လည်ပင့်ဆောင်ပူဇော်နိုင်ရန် တူးဖော်ရှာဖွေခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တူးဖော်တွေ့ရှိထားသော ရုပ်ပွားတော်များကို အဆိုပါ ကျောင်းဟောင်းဝင်း အတွင်းမှာပင် ယာယီစံကျောင်းတော် တည်ဆောက်လျက် အပူဇော်ခံထားရှိကြောင်း သိရှိရသည်။
ကေသီ (ပြန်/ဆက်)


