၆ ဇွန်
လစ်ဗျားရေတပ်သည် လစ်ဗျားနိုင်ငံ အနောက်ဘက် ကမ်းလွန်တွင် သီးခြားရှာဖွေကယ်ဆယ်ရေးနှစ်ခုတွင် ရွေ့ပြောင်းနေထိုင်သူ ၁၂၅ ဦးကို ကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ပထမ ရှာဖွေကယ်ဆယ်ရေးသည် ထရီပိုလီမြို့တော် အနောက်ဘက် ၄၅ ကီလိုမီတာ ခန့်၊ Zawyia မြို့၏ ကမ်းလွန် ၁၀၃ ကီလိုမီတာ အကွာတွင် ရွေ့ပြောင်းနေထိုင်သူ ၈၀ ဦး ကို ကယ်ဆယ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Ayob Qassem က ပြောကြားခဲ့သည်။
ဒုတိယ ရှာဖွေကယ်ဆယ်ရေးသည် Bouri ကမ်းလွန်ရေနံမြေ၏ မြောက်ဘက်၊ ထရီပိုလီ အနောက်မြောက်ဘက် ၆၅ ကီလိုမီတာ အကွာတွင် ရော်ဘာလှေပျက်တစ်စီးပေါ်ရှိ ရွေ့ပြောင်းနေထိုင်သူ ၄၅ ဦးကို ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း ထိုကြေညာတွင် ထပ်လောင်းဖော်ပြထားသည်။
လစ်ဗျား ရေတပ်သည် ရွေ့ပြောင်းနေထိုင်သူ ၅၀ဝ ကျော်ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကယ်တင်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်းက လုံခြုံရေးအခြေအနေများကြောင့် လစ်ဗျား ကမ်းလွန်တွင် ကယ်ဆယ်ခဲ့သော ရွေ့ပြောင်းနေထိုင်သူများကို ထိန်းသိမ်းရေးစခန်း သို့ မပို့သင့်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။
ဧပြီလအစောပိုင်းကတည်းက အရှေ့အခြေစိုက် စစ်တပ်သည် မြို့တော်ထရီပိုလီ ကို ကုလသမဂ္ဂ ထောက်ခံသော အစိုးရထံမှ အာဏာသိမ်းယူရန် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆိုအရ ယခုအချိန်ထိ တိုက်ပွဲများတွင် သေဆုံးသူ ပေါင်း ၆၀၇ ဦး ရှိပြီး ၃၂၆၁ ဦး ဒဏ်ရာရရှိခဲ့သည်။
လစ်ဗျားရှိဆိပ်ကမ်းမြို့က လုံခြုံမှုမရှိကြောင်းနှင့် ရွေ့ပြောင်းနေထိုင်သူများကို ထိန်းသိမ်းရေးစခန်းသို့ မပို့သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်းက ထပ်လောင်းပြောဆိုသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို


