နေပြည်တော် ၈ ဇွန်
နေပြည်တော်
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ထုတ်ပြန်ကြေငြာခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်း ယခင်နှစ်ထက် အနည်းငယ်လျော့နည်းခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သူ (၂၄၈၂၈)ဦးဝင်ရောက်ဖြေဆိုခဲ့ရာတွင် အောင်မြင်သူဦးရေ (၇၆၆၂)ဦးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း အနေဖြင့် (၃၀ ဒသမ ၈၆)ရာခိုင်နှုန်းအောင်မြင်ခဲ့သည်။ ယခင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ (၃၃ ဒသမ ဝ၅)ရာခိုင်နှုန်းအောင်မြင်ခဲ့ရာ အောင်မြင်မှုရာခိုင်နှုန်းအနည်းငယ် ကျဆင်းခဲ့သည်။
ဂုဏ်ထူးထွက်ရှိမှုအနေဖြင့်လည်း ခြောက်ဘာသာဂုဏ်ထူးရှင်(၂၂)ဦး၊ ငါးဘာသာ(၂၈)ဦး၊ လေးဘာ သာ(၄၃)ဦး၊ သုံးဘာသာ(၆၃)ဦး၊ နှစ်ဘာသာ(၁၄၉)ဦး၊တစ်ဘာသာ(၆၉၅)ဦး စုစုပေါင်းဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ(၁၀ဝ၀)ဦးရှိရာ ယခင်ပညာသင်နှစ်တွင် ခြောက်ဘာသာဂုဏ်ထူးရှင်(၂၅)ဦး၊ ငါးဘာသာ(၇၁)ဦး၊ လေးဘာသာ (၉၆)ဦး၊ သုံးဘာသာ (၁၂၅)ဦး၊ နှစ်ဘာသာ(၂၇၆)ဦး၊တစ်ဘာသာ(၁၅၀၁)ဦး စုစုပေါင်း ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ(၂၀၉၄)ဦးရှိခဲ့ရာ ဂုဏ်ထူးထွက်ရှိမှုအနေဖြင့်လည်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။
(ရွှေကုက္ကို)
မကွေး
မကွေးတိုင်းဒေသကြီးအတွင်း၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ(၈၃၉၂၂)ဦး၊ အောင်မြင်သူ(၂၇၀၉၈)ဦး၊ အောင်ချက်(၃၂ ဒသမ ၂၉)ရာခိုင်နှုန်း ရှိခဲ့ကြောင်းသိရပြီး တစ်နိုင်ငံလုံးတွင် ပထမအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့်တို့ဖြင့် ထူးချွန်စွာ အောင်မြင်သူများ ပါဝင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနရုံးမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၁၇၈)ခုမှ ဖြေဆိုသူအောင်မြင်သူများအနက် တစ်ဘာသာဂုဏ်ထူး (၂၈၅၁)ဦး၊ နှစ်ဘာသာဂုဏ်ထူး (၅၃၄)ဦး၊ သုံးဘာသာဂုဏ်ထူး (၂၅၉)ဦး၊ လေးဘာသာဂုဏ်ထူး (၉၂)ဦး ငါးဘာသာ ဂုဏ်ထူး(၄၈)ဦး၊ ခြောက်ဘာသာဂုဏ်ထူး(၃၁)ဦးတို့ ထူးချွန်စွာအောင်မြင်ခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲစာရင်းများအရ ယမန်နှစ်က မကွေးတိုင်းအတွင်း၌ အောင်ချက်ရာနှုန်းသုညဖြစ်ခဲ့သည့် ကျောင်း(၁၆)ကျောင်းရှိခဲ့ပြီး ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် မင်းတုန်း၊ ချောက်၊ ရေနံချောင်း၊ မြို့သစ် နှင့် စလင်း စသည့်မြို့နယ်များ၌ အောင်ချက်သုညရာခိုင်နှုန်းကျောင်း (၉)ကျောင်းရှိခဲ့ကြောင်း သိရသည်။
ဇေယျတု(မကွေး)
မလှိုင်
၂၀၁၈-၂၀၁၉ ပညာသင်နှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက် ၆ နာရီအချိန်မှ စတင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အတွင်းရှိ စာစစ်ဌာန အသီးသီးတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မလှိုင်မြို့နယ်မှ ကျောင်းသား / ကျောင်းသူ (၄၉၇၇) ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ(၂၄၈၀) ဦးအောင်မြင်ခဲ့ပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင်(၇၈) ဦး ၊ ငါးဘာသာ ဂုဏ်ထူးရှင်( ၂၀၅ ) ဦး လေး ဘာသာ ဂုဏ်ထူးရှင်( ၁၈၃) ဦး ၊ သုံးဘာသာ ဂုဏ်ထူးရှင် (၁၂၈) ဦး၊ နှစ် ဘာသာ ဂုဏ် ထူးရှင် (၁၄၅) ဦး ၊ တစ်ဘာ သာဂုဏ်ထူးရှင်( ၂၆၆)ဦး ၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ (၁၀ဝ၅) ဦးရှိသည်။ တစ်မြို့နယ်လုံး အနေဖြင့် အောင်ချက် ရာခိုင်နှုန်း (၄၉ ဒသမ ၈၃) ရာနှုန်းရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)
ပြည်
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ယနေ့နံနက်အစောပိုင်းက ထွက်ပေါ်လာပြီဖြစ်ရာ ပြည်ခရိုင် ခြောက်မြို့နယ်စာစစ်ဌာန အသီးသီး၌ စာရင်းရှိ ၁၃၆၇၆ ဦးတွင် ဖြေဆိုသူ ၁၂၈၅၁ ဦးအနက် ၃၉၀ဝ ဦးအောင်မြင်ကြောင်း၊ ယင်းအနက် တစ်ဘာသာဂုဏ်ထူးရှင် (၃၆၈) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂၉)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁၄)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၂)ဦး နှင့် ခြောက်ဘာသာဂုဏ်ထူးရှင် (၂)ဦး စုစုပေါင်း (၄၆၆)ဦး ဂုဏ်ထူးဖြင့်အောင်မြင်ကြောင်း၊ ပြည်ခရိုင်ချုပ် အောင်ချက်ရာခိုင်နှုန်း (၃၀ ဒသမ ၃၅)ရာခိုင်နှုန်း ဖြစ်ကြောင်း ပြည်ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
MDN
ဖားကန့်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်သည် ယနေ့ထုတ်ပြန်သော ၂၀၁၉ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းဆိုင်ရာ အချက်အလက်များအရ ကချင်ပြည်နယ်တစ်ခုလုံးတွင် အောင်ချက် အကောင်းဆုံး မြို့နယ်ဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ် အတွင်း ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ၊ တာမခန်နှင့် ကာမိုင်းစာစစ်ဌာနများတွင် စုစုပေါင်းဖြေဆိုသူ (၃၀၂၄)ဦး ရှိသည့်အနက် (၁၀၄၀)ဦး အောင်မြင်ရာ အောင်ချက်ရာခိုင်နှုန်း (၃၄ ဒသမ ၃၉) ရှိခဲ့သည်။
ဖားကန့်မြို့နယ်ပါဝင်သည့် မိုးညှင်းခရိုင်အတွင်း မိုးညှင်းမြို့နယ်တွင် ဖြေဆိုသူ(၆၀၆၉)ဦး၊ အောင်မြင်သူ(၁၉၃၉)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း (၃၁ ဒသမ ၉၅)နှင့် မိုးကောင်းမြို့နယ်တွင် ဖြေဆိုသူ (၃၆၁၁)ဦး၊ အောင်မြင်သူ(၁၁၂၇)ဦး၊ အောင်ချက်ရာခိုင်နှုန်း(၃၁ ဒသမ ၂၁)တို့ဖြစ်ရာ ဖားကန့်မြို့နယ်က အောင်ချက်ရာခိုင်နှုန်းအရ (၃၄ ဒသမ ၃၉)ဖြင့် တစ်ခရိုင်လုံး၏ပထမချိတ်ခဲ့ပြီး ကချင်ပြည်နယ်တစ်ခုလုံးတွင်လည်း အောင်ချက်အကောင်းဆုံးမြို့နယ် တစ်ခုဖြစ်သည့် နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


