ဘထွန်း

မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှဆောင်ရွက်ခြင်း မရှိသေးသည့် ပညာရေးအသက်အာမခံ (Education Life Insurance) အသစ်ကို Financial Regulatory Department/ Insurance Business Regulatory Board  ၏ ၂၀၁၉ ခုနှစ် မတ်လ (၂၈) ရက်စွဲပါ စာအမှတ် (ဝ၅၇/၂၀၁၉) ဖြင့် မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံကုမ္ပဏီများကို ၁-၄-၂၀၁၉ ရက်မှစ၍ လုပ်ကိုင်ခွင့်ပြုကြောင်း သိရှိရသည်။

ပညာရေးအသက်အာမခံသည် နိုင်ငံတော်ရှိ ကျောင်းတက်အရွယ် ကျောင်းသူကျောင်းသားများအတွက် မရှိမဖြစ်လိုအပ်သော အာမခံအမျိုးအစား တစ်ခုဖြစ်ပြီး အလွန်ကောင်းမွန်သော အာမခံအမျိုးအစားတစ်ခုဖြစ်သည့်အတွက် ကြိုဆိုအားပေးထိုက်သော အာမခံတစ်ခုဖြစ်သည်။ ပညာရေးအသက်အာမခံ စီမံချက်နိဒါန်းတွင် ပညာရေး အသက်အာမခံထားရှိခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုနိုင်သကဲ့သို့ အသက်အာမခံ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်ဟု ဆိုထားသည်ကို တွေ့ရှိရသည်။

ပညာရေးအဟောသိကံ မဖြစ်ရေး

လက်ရှိနိုင်ငံတော်ကို အုပ်ချုပ်နေသောအစိုးရသည် နှစ်စဉ်ပညာရေးဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲနေပြီး “ကျောင်းနေ တိုး၍ ကျောင်းထွက် နည်းရမည်” ဆောင်ပုဒ်နှင့်အညီ မူလတန်းပညာကို မသင်မနေရမူဖြင့် ကျောင်းနေအရွယ် ကလေးသူငယ်များ ကျောင်းနေစေရန် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးကာ ကျောင်းသုံးစာအုပ်များနှင့် ဝတ်စုံများကိုပင် အခမဲ့ ထုတ်ပေးလျက်ရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကကျပေသည်။ လူတိုင်းစာတတ်မြောက်ရန် ကျောင်းနေစာသင်အရွယ်များ ပညာရေးအဟောသိကံ မဖြစ်ရန် အရေးကြီးသည်။ ပညာရေး အဟောသိကံ မဖြစ်ဖို့ဆိုရင် ကျောင်းသား ကျောင်းသူများသည် မိမိတို့ကို အဓိကထောက်ပံ့ပေးသော အုပ်ထိန်းသူ၊ မိဘများဆုံးပါးစေကာမူ ၎င်းတို့တက်ရောက် နေသော အတန်းပညာသင်ကျောင်းများမှ ငွေကြေးမတတ်နိုင် (တစ်နည်းကျောင်းစရိတ်မရှိ) ၍ ကျောင်းထွက်ရသည့် အခြေအနေမျိုးမရောက်အောင် တက်ရောက်သင်ကြား နေသော (ကျောင်း/တက္ကသိုလ်) များမှ ထွက်ခွာမသွား နိုင်ရန် ဆက်လက်ပညာဆည်းပူး သင်ကြားနိုင်ရေးအတွက် လုံလောက်သော ငွေကြေးထောက်ပံ့မှုတစ်ရပ် လိုအပ်မည် ဖြစ်သည်။ ထိုသို့လိုအပ်သောထောက်ပံ့ငွေကို နိုင်ငံတော်မှ သော်လည်းကောင်း၊ အခြားလူမှုရေးအဖွဲ့အစည်းများမှ သော်လည်းကောင်း၊ သို့တည်းမဟုတ် ၎င်းတို့အတွက် ထားရှိသော ပညာရေးအာမခံကသော်လည်းကောင်း ရရှိခံစား၍ ပညာကို စဉ်ဆက်မပြတ် ဆက်လက်သင်ယူနိုင်ပေမည်။ ဆိုလိုသည်မှာ ၎င်းကျောင်းသား ကျောင်းသူ၏ လိုအပ်၍ ကုန်ကျမည့် ကျောင်းစရိတ်ကို လစဉ်သော်လည်းကောင်း၊ နှစ်စဉ်သော်လည်းကောင်း ပုံမှန်ထောက်ပံ့ပေးခြင်းတို့သည်သာ အဓိက ရည်မှန်းချက်ဖြစ်သင့်သည်။ ကျောင်းသားအခြေပြု ပညာရေးအာမခံ ဖြစ်သင့်သည်။ အကျိုးခံစားခွင့်ရှိသူ (Beneficiary) သည် ဆုံးရှုံးနစ်နာသူ၏ ကျောင်းသားကျောင်းသူများသာ ဖြစ်ရမည်။ မည်သူတစ်ဦးတစ်ယောက်မျှ ခံစားခွင့် မပြုသင့်ပေ။ တရားဝင်ဆောင်ရွက်ရန် ရေးဆွဲထားသော ပညာရေးအသက်အာမခံ စီမံချက် အပိုင်း (၄) စာပိုဒ် (၃၈) အပိုဒ်ခွဲ (က)ဟု ဖော်ပြထားသော သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit) အပိုဒ်ခွဲငယ် (၁) (၂) (၃) တို့တွင် အာမခံထားသူသေဆုံးပါက အာမခံထားငွေကို အကျိုးခံစား ခွင့်ရှိသူကိုသာ ထုတ်ပေးမည်။ စာပိုဒ်ခွဲငယ် (၂) တွင် အကျိုး ခံစားခွင့်လွှဲအပ်ခံရသူသည် (၁၈)နှစ် မပြည့်သေးသူဖြစ်လျှင် အာမခံလုပ်ကိုင်ခွင့် ဥပဒေ (၁၂) (စ)နှင့်အညီ မိဘအရင်း (သို့) တရာဝင် မွေးစားမိဘ (သို့) တရားဝင်အုပ်ထိန်းသူကို ထုတ်ပေးမည်ဟုလည်းကောင်း၊ စာပိုဒ်ခွဲငယ် (၃) တွင် အာမခံထားသူ သေဆုံးချိန်တွင် အကျိုးခံစားခွင့် လွှဲအပ်သူက သေဆုံးပြီးဖြစ်ကာ အကျိုးခံစားခွင့်ထပ်မံ လွှဲပြောင်းထားခြင်း မရှိလျှင် အာမခံလုပ်ပိုင်ခွင့်ဥပဒေ (၁၂) (ဆ) အရ ခင်ပွန်း၊ ဇနီး၊ သား၊ သမီး၊ မြေး၊ ညီအစ်ကို၊ မောင်နှမ၊ မိဘဟု အမွေစား အမွေခံဥပဒေနှင့်အညီ ထုတ်ပေးမည်ဟုဆိုထားသည်ကို တွေ့ရသည်။ အမွေဆက်ခံခွင့်ဥပဒေ (Succession Law) အရလည်းကောင်း၊ အာမခံလုပ်ငန်း၏ အသက်အာမခံဥပဒေ၊ အာမခံလုပ်ငန်းဥပဒေများသည် အမွေဆက်ခံခွင့်နှင့် ပတ်သက်၍ အကျိုးခံစားခွင့်များကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် သတ်မှတ်ထားခြင်းဖြစ်သော်လည်း ယခု ကျင့်သုံးမည့် ပညာရေး အသက်အာမခံသည် အသက်အာမခံ စာသားပါသည့်အတွက် အသက်အာမခံနှင့် ရောထွေးလျက်၊ အသက်အာမခံစနစ်ကျင့်သုံးသော အကျိုးခံစားခွင့်အတိုင်း ကျင့်သုံးသည်ဟု ထင်မြင်ယူဆပါသည်။ ယခုလုပ်ကိုင်ဆောင်ရွက် ခွင့်ပြုသည့် ပညာရေးအသက်အာမခံသည် မိမိတို့၏ ချစ်လှစွာသော သား/သမီးများ၊ မိမိတို့ကွယ်လွန်ပြီးနောက် ပညာရေးစကောစကဖြင့် ကျောင်းဆက်လက် မတက်နိုင်သဖြင့် ကျောင်းမထွက်ရစေရန် ကျောင်းပညာ ဆက်လက်ဆည်းပူး ခွင့်ရစေရန် ပညာရေးအဟောသိကံ မဖြစ်ရန် ရည်ရွယ်ရင်း ဖြစ်သည့်အတွက် အကျိုးခံစားခွင့်သည် အဓိကအထောက်အပံ့ ဖြစ်သော မိဘ၊ အုပ်ထိန်းသူ၊ ထောက်ပံ့ပေးသော အဖွဲ့အစည်း မဲ့သည့်အခါ အကျိုးခံစားခွင့်ရရှိသူမှာ အာမခံထားသူ၏ အကျိုးခံစားခွင့်ပေးအပ်ထားသူ ကျောင်းသား ကျောင်းသူ စာသင်သားများသာ ဖြစ်သင့်သည်ဟု ထင်မြင်ယူဆခြင်း ဖြစ်ပါသည်။ အကယ်၍များ အကျိုးခံစားခွင့်ရှိသူသည် အခြားပုဂ္ဂိုလ် တစ်ဦးဖြစ်၍ အမှန်တကယ် အကျိုးခံစားခွင့် ရထိုက်သူ ကျောင်းသား ကျောင်းသူအတွက် သုံးစွဲခြင်းမပြုဘဲ အကြောင်း တစ်ခုခုကြောင့်ရရှိသော အာမခံငွေကို ဆက်လက်ထောက်ပံ့ ခြင်းမပြုခဲ့သော် ခံစားခွင့်ခံစားထိုက်သည့် ကျောင်းသား ကျောင်းသူများကို ရည်ရွယ်ပြီးဆောင်ရွက်သော ပညာရေး အာမခံသည် ရည်ရွယ်ချက် အထမြောက်နိုင်လိမ့်မည် မထင်ပါ။ ထို့ကြောင့် ပညာရေးအဟောသိကံ မဖြစ်အောင် ပညာရေးကို ဆုံးခန်းတိုင်အောင် ဆက်လက်ပညာသင်ကြားရေးအတွက် ပြုလုပ်သော ပညာရေးအာမခံသည် ကျောင်းသား ကျောင်းသူ များသာ အကျိုးခံစားခွင့်ရှိသူသာ ဖြစ်သင့်သည်

ပရီမီယံ(Premium)အာမခံကြေးတွက်ချက်ခြင်း

ပရီမီယံဆိုသည်မှာ အာမခံအတွက် အရစ်ကျပေးသွင်းငွေ တစ်နည်းအာမခံကြေးကို ဆိုသည်။ အာမခံကြေးတွက်ချက်ရာတွင် ဆုံးရှုံးနိုင်မှုအခြေအနေ (Risk Management) ၊ အာမခံထား လိုသူ၏ဝင်ငွေ (Per Capita Income) နှင့် ဆုံးရှုံးမှုအတွက် အကျိုးခံစားခွင့် (Benefit) တို့ကို နှိုင်းယှဉ်တွက်ချက်ရမည် ဖြစ်သည်။ ဆုံးရှုံးမှုအန္တရာယ်ကို အစိုးရိမ်ကြီးပြီး ပရီမီယံကို အလွန်အကျွံ တိုးမြှင့်ထားခြင်းမျိုးလည်း မဖြစ်သင့်။ အာမခံ ထားလိုသူများ၏ တစ်ဦးချင်းဝင်ငွေ နည်းသည့် အခြေအနေမျိုးတွင် ပရီမီယံကို အလွန်အမင်း မြှင့်ထား၍လည်းမသင့်။ အာမခံထားလိုသူများ ဝယ်ယူနိုင်မည်မဟုတ်။ ထို့အတူ အာမခံ ထားလိုသော်လည်း အကျိုးခံစားခွင့်နည်းနေပါကလည်း ထိုအာမခံအမျိုးအစားမှာ လူကြိုက်နည်း၍ ဝယ်ယူလိုကြမည် မဟုတ်။ ထိုကြောင့် ပရီမီယံတွက်ချက်ရာတွင် အာမခံကုမ္ပဏီ အတွက်လည်းအကျိုးရှိ၊ အာမခံထားလိုသူများလည်းတတ်နိုင်၊ နိုင်ငံတော်လည်း အကျိုးရှိနိုင်မှသာ အာမခံအမျိုးအစားတစ်ခု အောင်မြင်နိုင်မည်ဖြစ်သည်။

လက်ရှိဆောင်ရွက်ခွင့်ပြုသော ပညာရေးအသက်အာမခံ၏ ပရီမီယံနှုန်းထားများကို လေ့လာရာတွင် Double Benefit Plan တွင် အသက် ၃၀ နှစ်ရှိ မိဘတစ်ဦး အာမခံထားငွေ သိန်း ၅၀ ၊ ကာလ ၉ နှစ်သက်တမ်းအတွက် ကျသင့်ငွေ တစ်လ လျှင် ကျပ် ၈၄၀ဝဝ ကို လည်းကောင်း၊ Basic Benefit ရှိ အသက် ၃၀ အရွယ် အာမခံထားငွေသိန်း ၅၀ ကာလ ၉ နှစ် သက်တမ်းအတွက် တစ်လလျှင် ဆောင်ရမည့် ပရီမီယံ ကျပ် ၇၈၅၀ဝ$ ပေးဆောင်ရမည် ဖြစ်သည်ကို တွေ့ရသည်။ လက်ရှိနိုင်ငံတော်၏ စီးပွားရေးအခြေအနေ ပြည်သူတို့၏တစ်နှစ်တာ တစ်ဦးချင်းဝင်ငွေ (Per Capital Income)၊ ၎င်းတို့၏ လူနေမှုဘဝ၊ တစ်လအတွက် စားသုံးမှု ကုန်ကျစရိတ် (Cost Of Living) တို့နှင့် နှိုင်းယှဉ်တွက်ချက်မည်ဆိုပါက ဤမျှများပြားသော ပရီမီယံဖြင့် မိမိတို့ကျင့်သုံးမည့် ပညာရေး အသက်အာမခံစနစ် အောင်မြင်နိုင်မည်၊ မအောင်မြင်နိုင်မည်ကို ချင့်ချိန်၍ အသေးစိတ်တွက်ချက်သင့်သည်။ အာမခံအမျိုး အစားအသစ် စတင်ဖြန့်ဖြူး (Launch) ဆောင်ရွက်မည်ဆိုလျှင် (Homogeneous Exposures (or) Insurance Risks)အပေါ်တွင် မူတည်၍ တွက်ချက်ဆုံးဖြတ်သင့်သည်။ အထက်တွင် ဖော်ပြခဲ့သကဲ့သို့ အာမခံထားမည့်သူ အရေအတွက်၊ ပရီမီယံ နှုန်းထား၊ ဆုံးရှုံးနိုင်ခြေစသည်တို့ ပါဝင်သင့်သည်။

ပေးဆောင်ရမည့်အာမခံပရီမီယံနှင့် ပညာရေးအသက်အာမခံ ထားရှိနိုင်မှု အခြေအနေပေါ်တွင် လေ့လာသုံးသပ်ခြင်း

မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ဆင်းရဲသား အလုပ်သမားများနှင့် တောင်သူလယ်သမားများဖြစ်ကြသည်။ မြို့နေ လူတန်းစားမှာ ၃၀ ရာခိုင်နှုန်း သာရှိသည်။ ၂၀၁၈ ခုနှစ် Myanmar Statistical Yearbook ၏ စာရင်းအရ ၂၀၁၇- ၂၀၁၈ခုနစ် ပြည်ထောင်စုစာရင်းအရ မူလတန်း ကျောင်းသား ကျောင်းသူပေါင်း ၅၀၃၈၆၀ဝကျော်၊ အလယ် တန်း ၂၉၃၅၉၈၀ နှင့် အထက်တန်း ၁၀ဝ၉၇၀ဝ ကျော် ရှိကြောင်းနှင့် တက္ကသိုလ်များနှင့် ကောလိပ်ပေါင်း ၆၀ တွင် အဆင့်မြင့်ပညာတက်ရောက်နေသူ ၉၃၁၀ဝဝ ကျော်ရှိသည်။ အဝေးသင်တက္ကသိုလ်ပညာရေးနှင့် Institute Of Education တို့တွင် ၂၀၁၇ ခုနှစ်၌ ပထမနှစ်တက်ရောက်သူ ၁၅၁၀ဝဝ ကျော်၊ ဒုတိယနှစ်တွင် ၁၂၈၆၀ဝ ကျော်၊ တတိယနှစ်တွင် ၉၉၀ဝဝ ကျော်၊ စတုတ္ထနှစ်တွင် ၇၈၀ဝဝ ကျော်၊ ပဥမနှစ်တွင် ၃၂၀ဝ ကျော် စုစုပေါင်း ၄၅၉၈၀ဝ ရှိသည်ကို လေ့လာသိရှိရသည်။ ပုဂ္ဂလိက ပညာရေးတွင် ၂၀၁၇ ခုနှစ်စာရင်းအရ မူလတန်း ကျောင်းသား ကျောင်းသူ ၄၄၄၀ဝ ကျော်၊ အလယ်တန်းတွင် ၃၆၉၀ဝ ကျော်နှင့် အထက်တန်းပညာရေးတွင် ၉၇၇၀ဝ ကျော် စုစုပေါင်း ၁၇၉၀ဝဝ ရှိသည်ကို စာရင်းအရတွေ့ရှိရသည်။ အသက်အရွယ်အလိုက် နိုင်ငံ၏ ၂၀၁၆ ခုနှစ် သေဆုံးမှုစာရင်းကို လေ့လာလျှင် လူဦးရေ ကျား/မ ၁၀ဝဝ လျှင် အသက် ၃၀-၃၄ နှစ်ကြား လေးဦး၊ အသက် ၄၀-၄၄ နှစ်ကြား ၆ ဒသမ ၇ ဦး၊ အသက် ၅၀-၅၄ နှစ်ကြား ၉ ဒသမ ၉ ဦး၊ အသက် ၆၀-၆၄ နှစ်ကြား ၁၈ ဒသမ ၉ ဦး ရှိသည်ကို တွေ့ရှိရသည်။ ဤမျှ ကျောင်းသား ကျောင်းသူ ဦးရေနှင့် နိုင်ငံ၏သေဆုံးမှုနှုန်းကို တင်ပြရခြင်းမှာ တန်ဖိုးဖြတ် ပညာရှင် (Actuary) များအတွက် ခန့်မှန်းဆုံးရှုံးနိုင်ခြေ(Proximate Maximum Loss (PML)) ကိုတွက်ချက်၍ ပရီမီယံနှုန်း (Premium Rate) နှင့် အများဆုံး အကျိုးခံစား ခွင့်များကို ခန့်မှန်းတွက်ချက်နိုင်ရန် အာမခံလုပ်ငန်းကြီးကြပ် ရေးအဖွဲ့မှ အသေးစိတ် စီမံဆောင်ရွက်သင့်သည်။ အာမခံ ကုမ္ပဏီအချို့ တန်ဖိုးဖြတ်ပညာရှင် (Actuary) များ ငှားရမ်း ဆောင်ရွက်ကြောင်း သိရှိရသည့်အတွက် သုံးသပ်နိုင်ရန် ဖြစ်ပါသည်။

အာမခံအမျိုးအစားသစ်တစ်ခု တီထွင်ဆောင်ရွက်တော့ မည်ဆိုပါလျှင် ထိုအာမခံအမျိုးအစားသည်-

၁။အာမခံထားလိုများအတွက် ပေးဆောင်ရမည့် ပရီမီယံသည် ၎င်းတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု မဖြစ်စေဘဲ သင့်တင့်မျှတသက်သာသော နှုန်းထားဖြစ်သင့်သည်။

၂။အကျယ်ပြန့်ဆုံးသော အကာအကွယ် (Widest Cover) ဖြစ်သင့်သည်။

၃။ထိရောက်သောအကျိုးခံစားခွင့် (Effective Bene-fit) ဖြစ်သင့်သည်။

၄။ရှုပ်ထွေးပွေလီသော ပေါ်လစီစည်းမျဉ်းစည်းကမ်းများ (Complicated Policy Terms & Conditions)မဖြစ်စေသင့်။

၅။ဆုံးရှုံးမှုတောင်းခံရာတွင် ရှင်းလင်းလွယ်ကူသော လုပ်ငန်းစီမံချက်ရှိသင့်သည်။

၆။အကျိုးခံစားခွင့်ရှိသူများ ထိရောက်သော အကျိုး ခံစားခွင့် ရရှိခံစားစေသင့်သည်။

သို့မှသာ အသစ်တီထွင်သော အာမခံအမျိုးအစား တစ်ခုသည် အောင်မြင်မည်ဟု ထင်မြင်ယူဆသည်။ ဥပမာ ကျောင်းသား ကျောင်းသူတစ်ဦး၏ အဓိကဝင်ငွေ ရှာဖွေပေးသော မိဘနှစ်ဦးအနက်မှ တစ်ဦးသည် ၎င်း၏ သား/သမီးအတွက် ပညာရေးအသက်အာမခံ ထားရှိရာတွင် စာသင်နှစ် တစ်နှစ်အတွက် သင်ကြားရမည့်အတန်း (မူလတန်း၊ အလယ် တန်း၊ အထက်တန်း၊ အဆင့်မြင့်ပညာ) အလိုက် ကျောင်းဖွင့်သည့် အချိန်တွင် နှစ်စဉ်ပရီမီယံ (Not Refundable)ပေးဆောင်စေပြီး ထိုစာသင်နှစ်တွင် အာမခံထားသူမိဘ သေဆုံးပါက သေဆုံးသည့် ပညာသင်နှစ်မှ တက္ကသိုလ်ပညာ ပြီးဆုံးသည်အထိ ထောက်ပံ့ငွေအကျိုး ခံစားခွင့်ရရှိစေနိုင်မည့် အာမခံမျိုးဖြစ်သင့်သည်။ လအလိုက်၊ နှစ်အလိုက် ခံစားခွင့် ရှိသော ထောက်ပံ့ကြေးကို တက်ရောက်နေသည့် အတန်း (မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့်) နှင့် ပေးဆောင်ထားသည့် ပရီမီယံပေါ်တွင် ဆက်လက်ပညာ သင်ကြားရေးအတွက် တွက်ချက်၍ လုံလောက်သော ထောက်ပံ့ကြေး ခွင့်ပြုခြင်းမျိုးဖြစ်သည်။ နှစ်စဉ်ပေးဆောင် ရမည့် ပရီမီယံနှုန်းမှာလည်း မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းများအတွက် (၅၀ဝဝ၊ ၈၀ဝဝ၊ ၁၀ဝဝဝ) ထက်မများသော နှုန်းထားများသာဖြစ်သင့်ပါသည်။ သို့မှသာ ကျောင်းသား မိဘများအနေဖြင့် မိမိတို့သားသမီးများအတွက် ပညာရေးအသက်အာမခံကို ဝယ်ယူထားပေးနိုင်မည်ဟု ထင်မြင်ယူဆသည်။ ထိုနည်းတူစွာ စာသင်ကျောင်း အသီးသီးတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ၏ ပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရေး ဖြတ်တောက်ခြင်းမရှိဘဲ ဆက်လက်ပညာ သင်ကြားနိုင်မည်ဖြစ်သည်။ ယခုခွင့်ပြုသည့် ပညာရေး အသက်အာမခံကို နိုင်ငံတော်အစိုးရမှဦးစီးလျက် ယခုကျင့်သုံးနေသော သူတစ်ပါးထိခိုက်မှု အာမခံကဲ့သို့ မထားမနေရစနစ် ကျင့်သုံးမည်ဆိုပါက နိုင်ငံအတွက်လည်း အကျိုးရှိ၊ အာမခံ ကုမ္ပဏီများလည်း လုပ်ငန်းတွင်ကျယ်၊ ကျောင်းသား ကျောင်းသူ မိဘများလည်း အာမခံထားနိုင်၊ မိမိတို့ သား/ သမီးများ၏ ပညာရေး နောင်ရေးစိတ်အေးရ၊ ကျောင်းများတွင် လိုအပ်လျက်ရှိသော သင်ယူမှု အထောက်အကူများကိုလည်း အာမခံရန်ပုံငွေဖြင့် ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသောကြောင့် သုဝဏ္ဏသာမဇာတ်တော်ပါ ဝသုန္ဒရီနတ်သမီးလည်း ဝမ်းသာရ၊ မိဘနှစ်ပါးမျက်ကွင်းလည်းအလင်းရ၊ မြားဆိပ်သင့် သုဝဏ္ဏသာမလည်း မြားဆိပ်ပြယ်၍ နတ်လူသာဓုခေါ်နိုင်မည့် အာမခံ အမျိုးအစား တစ်ခုဖြစ်လာမည်ဟု ထင်မြင်ယူဆပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

မြန်မာ့အလင်း