နေပြည်တော် ၁၀ ဇွန်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည့် ဇွန်လ(ဒုတိယ) (၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း သိရသည်။
မိုးအခြေအနေ - စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ရွာနိုင်ပါသည်။
မိုးရွာရက် - မိုးရွာရက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၉)ရက် ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၄)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
MDN


