၁၄ ဇွန်
“ ကျောင်းသား ကျောင်းသူများသည် မြန်မာနိုင်ငံ၏ ကြီးမားသည့်အင်အား တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံအတွက် အရေးကြီးသည့် အနာဂတ်များလည်း ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် လုံခြုံကောင်းမွန်စွာ လေ့လာသင်ယူနိုင်သည့်အခွင့်အရေးများ၊ လုံခြုံကောင်းမွန်ပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် ကျောင်းပတ်ဝန်းကျင်များ၊ ကျန်းမာစွာ နေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်မှသာ ပြည့်စုံကောင်းမွန်သည့် အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း” ဇွန်လ ၁၂ ရက်နေ့ကပြုလုပ်သော ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ကျောင်းသား ကျောင်းသူများသည် အနာဂတ်အတွက် သားကောင်းရတနာများဖြစ်သည်ကို အားလုံးက သိရှိထားပြီး ပညာရေးသာမက ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းအောင် အလေးထား ဆောင်ရွက်ပေးလျက်ရှိသည်။ မျက်မှောက်ကာလ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ပညာသင်ကြားရေး၌ လုံခြုံကောင်းမွန်ရေးနှင့် ကျန်းမာရေးအလေ့အကျင့်ကောင်းများ ဖြစ်ထွန်းရေးအတွက် လိုအပ်ချက်များနှင့် ဆောင်ရွက်ဖွယ်တို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးပြောကြားခဲ့သည်။
ကျန်းမာရေးနှင့်ညီညွတ်သည့် ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရန် ကျောင်းသား ကျောင်းသူများ၊ ပညာရေးမိသားစုများနှင့် မိဘပြည်သူများအကြား ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ၁၉၉၆ ခုနှစ်မှစတင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မူဘောင်များကို အခြေခံကာ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အလုပ်တာဝန်များဟုသာ အများစုက နားလည်ထားကြသည်။ ကျောင်းကျန်းမာရေးအတွက် ဆိုင်ရာတို့ကဆောင်ရွက်ပေးပြီးနောက် ပွဲပြီးမီးသေ ဖြစ်သွားကြသည်။ အမှန်တကယ်တွင် အရေးကြီးသော ကျောင်းကျန်းမာရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာဌာနသာမက ကျောင်းသား လူငယ်များ၊ ဆရာ ဆရာမများ၊ မိဘများ အားလုံးလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။
ကျောင်းသား ကျောင်းသူများအဖို့ တစ်နေ့တာ၌ ကျောင်းစာသင်ခန်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် အချိန်ကုန်ဆုံးရသဖြင့် ဘဝအထောက်အကူပြု ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်ကို သင်ကြားပေးခဲ့သည်။ သို့သော် ဝန်ထမ်းနှင့် သင်ကြားမှု အထောက်အကူပြုပစ္စည်းများလိုအပ်မှု၊ ဆရာ ဆရာမများ၊ မိဘပြည်သူများ၏ စိတ်ပါဝင်စားမှုအားနည်းခြင်း တို့ကြောင့် ခရီးမရောက်သည်ကိုတွေ့ရသည်။
ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချရေးနှင့် ကျန်းမာသော ဝန်းကျင်ကောင်းများ ဖြစ်ထွန်းရေးအတွက် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေတွင် ကျောင်းနှင့် တက္ကသိုလ်များ၌ ဆေးလိပ်သောက်ခွင့် မရှိသည့်အပြင် ကျောင်းပရဝဏ်မှ ပေ ၁၀ဝ အတွင်း ဆေးလိပ်ရောင်းချခြင်းမပြုရ၊ အသက် ၁၈ နှစ် မပြည့်သေးသည့်သူကို ဆေးလိပ်ရောင်းချခြင်း (သို့မဟုတ်) ပေးကမ်းခြင်းမပြုရဟု ထည့်သွင်း ပြဋ္ဌာန်းထားသော်လည်း ထိရောက်စွာအရေးယူမှု အားနည်းနေသည်။
ထို့ကြောင့် အဆိုပါအားနည်းချက်များကို ကျောင်းသား၊ မိဘ၊ ဆရာ၊ သက်ဆိုင်ရာတို့ ပူးပေါင်းလက်တွဲပြီး ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည် ဖြစ်သည်။ ကျောင်းသင်ရိုးညွှန်းတမ်းတွင် ကာယပညာအချိန်များ ပါရှိပြီးဖြစ်သည်။ ကျောင်းသား ကျောင်းသူများ ကိုယ်လက်လှုပ်ရှားမှုနှင့်ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းဖြင့် ကိုယ်ကာယကြံ့ခိုင်လာနိုင်သည်။ လူငယ်လူရွယ်များ စွဲလမ်းနေသော ဂိမ်းကစားခြင်းမှ လျော့ပါးသက်သာစေနိုင်သည်။
သို့ဖြစ်ရာ အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့်ကျောင်းသား ကျောင်းသူ၊ လူငယ် လူရွယ်များ ကျောင်းသင်ပညာရပ်များကိုသာမက ကျောင်းသား၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် လုံခြုံစိတ်ချပျော်ရွှင်စေရေး၊ ကျန်းမာကြံ့ခိုင်သော ကျောင်းသား ကျောင်းသူများ ဖြစ်စေရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်များကို အလေးထားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ


