ရိယာဒ် ၁၇ ဇွန်
ဟော်မုဇ်ရေလက်ကြားတောင်ဘက် အိုမန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုများတွင် အီရန်နိုင်ငံပါဝင်ခဲ့ကြောင်း ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားက စွပ်စွဲလိုက်သည်။
သက်သေပြ
အီရန်အစိုးရသည် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ တီဟီရန်သို့လာရောက်သည့်ခရီးစဉ်ကို လေးစားသမှုမရှိခဲ့ကြောင်း၊ အီရန်နိုင်ငံ၌ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရှိနေချိန်အတွင်း ရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခြင်းအားဖြင့် ၎င်း၏ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများကို တုံ့ပြန်ခဲ့ကြောင်း၊ တိုက်ခိုက်ခံခဲ့ရသည့် ရေနံတင်သင်္ဘောနှစ်စင်းအနက် တစ်စင်းမှာ ဂျပန်နိုင်ငံမှဖြစ်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံပိုင်သတင်းစာက အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆော်လ်မန်အား ကိုးကား၍ ရေးသားဖော်ပြခဲ့သည်။ အီရန်နိုင်ငံက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဒေသတွင်း၌ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်ကို တိုက်ခိုက်မှုများက သက်သေပြနေပြီး အီရန်နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်သော သာမန်တိုင်းပြည်တစ်ခုအဖြစ် ဆက်ရှိမည်လား သို့မဟုတ် ရန်လိုသော နိုင်ငံတစ်ခုအဖြစ် ဆက်ရှိမည်လား ဆိုသည်ကို မဆုံးဖြတ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။
ဆော်ဒီအာရေဗျနိုင်ငံက ဒေသတွင်း၌ စစ်ပွဲဖြစ်ပွားသည်ကို မလိုလားသော်လည်း ပြည်သူ၊ အချုပ်အခြာအာဏာနှင့်အကျိုးစီးပွားများကို ခြိမ်းခြောက်မှုများပြုလုပ်လာပါက စစ်ပွဲဆင်နွှဲရန် ဝန်လေးမည်မဟုတ်ဟု သူကဆိုသည်။ ဆော်ဒီအာရေဗျနိုင်ငံတွင် ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အီရန်နိုင်ငံကို အပြစ်ဖို့ထားသည့် အမေရိကန်ပြည်ထောင်စု၏ မဟာ မိတ်တစ်နိုင်ငံ ဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-ကျော်ထိုက်စိုး


