Dr. အောင်အောင်မင်းပါမောက္ခချုပ်(ငြိမ်း)

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့မှာရှိတဲ့ ဆရာ ဇော်ဂျီရာပြည့်စာကြည့်တိုက်မှ ရွေ့လျားစာကြည့်တိုက် ၃၁ တိုက်အထိ တိုးချဲ့ဖွင့်လှစ်တဲ့သတင်းကို ကြေးမုံမှာ ဖတ်လိုက်ရပါတယ်။ အဲဒီစာကြည့်တိုက်ကို လာရောက်ဖို့အခက်အခဲရှိတဲ့ ကျောင်းသား ကျောင်းသူများအတွက် ရည်ရွယ်ပြီး ဖျာပုံမြို့နယ်ထဲက အခြေခံပညာ ကျောင်းပေါင်း ၃၀ မှာ ဇွန်လ ၇ ရက်နေ့က စတင်ဖွင့်လှစ်ပေးခဲ့တာပါ။ ဒီကျောင်းတွေထဲမှာ အစိုးရကျောင်းများသာမကဘဲ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ သီလရှင်သင် ပညာရေးကျောင်းနဲ့ ဖျာပုံအကျဉ်းထောင်တို့ ပါဝင်တာတွေ့ရလို့ ဝမ်းသာပီတိဖြစ်မိပါတယ်

ဒါ့အပြင် ရွေ့လျားစာကြည့်တိုက်တစ်တိုက်မှာ ကလေးသူငယ်စာအုပ် ၁၀ဝ ပါဝင်ပြီး တစ်လတစ်ကြိမ် စာကြည့်တိုက်အလုပ်အမှုဆောင်အဖွဲ့နဲ့ စေတနာ့ဝန်ထမ်း လူငယ်တွေက ကျောင်းစာကြည့်တိုက်များအရောက် စာအုပ်လဲလှယ်ပေးပါတယ်။ အင်မတန် ထိရောက်အကျိုးရှိတဲ့ အစီအစဉ်ပါ။ ဒီလိုစီစဉ်ပေးတဲ့ စာကြည့်တိုက် အလုပ်အမှုဆောင်များနဲ့ စေတနာရှင်လူငယ်များကို လေးစားဂုဏ်ယူမိပါတယ်။ အလားတူ ရွေ့လျားစာကြည့်တိုက်တွေ မြန်မာနိုင်ငံအနှံ့ ကျေးလက်နဲ့ နယ်စပ်ဒေသမကျန် တိုးတက်ပြန့်ပွားလာရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့ စဉ်းစားရင်းရွေ့လျား စာကြည့်တိုက်နဲ့ပတ်သက်လို့ အတွေးနယ်ချဲ့မိပါတယ်။

“ရွေ့လျားစာကြည့်တိုက်အစ လူထုပညာ နယ်လှည့်စာကြည့်တိုက်က” လို့ပြောရင် မှန်ပါလိမ့်မယ်။ ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက် ၁၉၄၉ ခုနှစ်မှာ လူထုပညာရေး ကောင်စီ ဖွဲ့စည်းပြီး လူထုပညာလုပ်ငန်း တွေကို ၁၉၅၈ ခုနှစ်အထိ ၁၀ နှစ်ကြာ ဆောင်ရွက်ခဲ့ကြပါတယ်။ အကျဉ်းချုပ်တင်ပြရရင် လူထုပညာရေး ကောင်စီက လူထုဌာနနဲ့ စာကြည့်တိုက်များကို ကျေးလက်နယ်စပ်အနှံ့ ဆောက်လုပ်ပေးပြီး ကျေးရွာ ပြည်သူလူထု မျက်စိပွင့်လာအောင် စာဖတ်ခန်းများဖွင့်ပေးခြင်း၊ လူထုကျန်းမာရေး ဆေးခန်းများ ဖွင့်လှစ်ပြီး ဆေးကုသပေးခြင်း၊ ‘အ’ သုံးလုံးသင်တန်းနဲ့ သက်မွေး ပညာသင်တန်းမျိုးစုံ ဖွင့်လှစ်သင်ကြားပေးခြင်း စတာတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တစ်ခုထူးခြားတာက လူထုပညာယာဉ်ကြီးများနဲ့ နယ်လှည့်စာကြည့်တိုက်သေတ္တာ၊ ဆေးပေးခန်း၊ ရေဒီယိုနဲ့ရုပ်ရှင်ပြဇာတ်များ သယ်ဆောင်ပြီး ကျေးရွာပြည်သူများကို အသိပညာ၊ ဗဟုသုတတွေ ဖြန့်ဝေပေးခဲ့တာပါ။ လူထုပညာစာစောင်တွေလည်း မြို့ရွာအနှံ့ဖြန့်ဝေခဲ့ပါတယ်။ ဒီလိုဆယ်စုနှစ်တစ်ခုအတွင်း နယ်လှည့်စာကြည့်တိုက် ယာဉ်နဲ့ ကျေးလက်အနှံ့သွားပြီး ပညာ၊ ဗဟုသုတမျိုးစုံ ဖြန့်ဖြူးနိုင်လို့ ပြည်သူတွေရဲ့ အတွေးအမြင်ပြောင်းလဲပြီး သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားရေးတွေ အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်စေခဲ့တာလို့ ထင်မြင်သုံးသပ်မိပါ တယ်။

၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ ပညာရေးစနစ်လည်း ယိုယွင်းလာခဲ့ပြီး စာကြည့်တိုက်တွေရဲ့ အခန်းကဏ္ဍ တဖြည်းဖြည်းမှေးမှိန်လာတော့ ပြည်သူတွေရဲ့ ပညာမျက်စိလည်း ချို့တဲ့ခဲ့ရတယ်။ နိုင်ငံကိုဦးဆောင်သူတွေရဲ့ အသိပညာရေချိန်နဲ့ ဆင်ခြင်တုံတရားမရှိခဲ့လို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံမှုနဲ့ မဲအပြတ်အသတ် အနိုင်ရခဲ့တယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစတာတွေ ပြန်လည်ဦးမော့လာအောင်  အားသွန်ခွန်စိုက် ကြိုးပမ်းလာတာ လေးနှစ်ကာလထဲ ရောက်လာပါပြီ။ အထူးသဖြင့် ‘ပညာရေး’ ကဏ္ဍကို ရေတိုရေရှည် ပညာရေးစီမံကိန်းများ ချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော်နေချိန် ဖြစ်ပါတယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ထူထောင်ပြီး လူငယ်တွေ သက်မွေးပညာ ကိုယ်စီပါပြီး ပညာမျက်စိပွင့်လာအောင် မနေမနား ဆောင်ရွက်နေတာ တွေ့မြင်နေရပါတယ်။ အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသတွေမှာ စာကြည့်တိုက် မဆိုထားနဲ့ သတင်းစာ၊ ဂျာနယ်စာစောင် ဖတ်ရဖို့ အခွင့်အလမ်းနည်းလှပါတယ်။ စာအုပ်၊ စာပေနဲ့ အလှမ်းဝေးတော့ သူတို့ရဲ့အသိပညာ၊ ဗဟုသုတ အလွန်ချို့တဲ့ကြရှာပါတယ်။ မြို့နဲ့ အလှမ်းဝေးတဲ့ အခြေခံကျောင်း တွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ရွေ့လျားစာကြည့်တိုက်ယာဉ်တွေနဲ့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူတွေအတွက် သုတ၊  ရသစာအုပ်များ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ကာတွန်းစာစောင်များ ငှားပေးပါတယ်။ စာကြည့်တိုက်ယာဉ်ပေါ်တက်ပြီး စာအုပ်တွေကို စိတ်ဝင်တစား လာရောက်ဖတ်ရှုကြတဲ့ ကျောင်းသားလူငယ်တွေရဲ့ အပျော်မျက်နှာလေးတွေမြင်ရတာ စိတ်ကြည်နူးစရာပါပဲ။ ကျောင်းစာကြည့်တိုက်မရှိသေးတဲ့ ကျောင်းတွေကို ဦးစားပေးပြီး ရွေ့လျားစာကြည့်တိုက် အစီအစဉ်နဲ့ အလှည့်ကျ သွားရောက်ငှားရမ်းပေးသင့်ပါတယ်။ ဒီလို သုတ၊ ရသစာအုပ်တွေ ငှားရမ်းဖတ်âစေခြင်းဖြင့် ကျောင်းသား လူငယ်တွေ ဗဟုသုတတိုးပွားပြီး အတွေးအခေါ်ရင့်ကျက်လာစေတာ အမှန်ပါပဲ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆုချီးမြှင့်ခံရသူကိုယ်ထူကိုယ်ထ စာကြည့်တိုက်တွေ ထူထောင်ပြီး စာအုပ်တွေ အခမဲ့ငှားရမ်းပေးတဲ့ ကိုဇော်ဇော်လို လူငယ်မျိုးတွေရှိနေတာ နိုင်ငံအတွက် အားရှိစရာပါ။ သူကိုယ်တိုင်ပညာအခြေခံ အားနည်းပေမယ့် စေတနာနဲ့ အသိပညာမနည်းတဲ့သူမို့ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ပရဟိတစာကြည့်တိုက် လုပ်ငန်းမျိုး လုပ်နိုင်တာပါ။ ကိုဇော်ဇော်က သူ့စာကြည့်တိုက်မှာ လစဉ်ထွက်သမျှ စာအုပ်၊ စာပေမျိုးစုံကို ဝယ်ဖြည့်ထားပြီး အနီးဝန်းကျင် ကလေးလူငယ်တွေ စာဖတ်လာအောင် စည်းရုံးနိုင်ခဲ့တယ်။ ပိုပြီးထူးခြားတာက စာကြည့်တိုက် မလာနိုင်သူတွေအတွက် စက်ဘီးတစ်စီးနဲ့ စာအုပ်မျိုးစုံတင်ပြီး တစ်လမ်းဝင် တစ်လမ်းထွက် စာအုပ်တွေ အခမဲ့ ငှားပေးပြန်တယ်။ ဖတ်ပြီးတဲ့စာအုပ်တွေကိုလည်း နောက်အပတ်တွေမှာ အလှည့်ကျ ပြန်လဲပေးတာကို ဝတ္တရားမပျက်လုပ်ပေးနေတာ သူရဲ့စေတနာနဲ့ ဝီရိယပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ လူကြီးတွေတောင် မလုပ်နိုင်တဲ့ စာကြည့်တိုက်ပရဟိတ အလုပ်ကို လုပ်ပြခဲ့တာပါ။ ဒီလိုတစ်နိုင်တစ်ပိုင် ရွေ့လျားစာကြည့်တိုက်မျိုး လုပ်ဆောင်နေတဲ့ ကိုဇော်ဇော်ရဲ့ စိတ်ဓာတ်နဲ့ စေတနာကို ချီးကျူးဂုဏ်ပြုထိုက်ပါတယ်။ ဒီလိုမှန်ကန်တဲ့ပရဟိတ လုပ်ရပ်မျိုးကို အခြားလူငယ်တွေလည်း နမူနာ ယူသင့်ပါတယ်။

စာကြည့်တိုက်ဆိုတာ သုတ၊ ရသစာပေ၊ အနုပညာ၊ အားကစား၊ အထွေထွေဗဟုသုတနဲ့ အတွေးအမြင် စုံလင်စွာ ပေါင်းစုထားတဲ့ ပညာဘဏ်တိုက်တစ်ခုပါ။ မြန်မာနိုင်ငံမှာ စာကြည့်တိုက်တွေ အားကောင်းမောင်းသန်ဖွံ့ဖြိုးလာဖို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့လိုပါတယ်။ အထူးသဖြင့် သက်ဝင်လှုပ်ရှားရွေ့လျား စာကြည့်တိုက်တွေ မြို့ပေါ်ရော ကျေးလက်ပါအနှံ့ တိုးတက်ပြန့်ပွားအောင် အစိုးရဝန်ကြီးဌာနများ၊ မြန်မာ နိုင်ငံ စာကြည့်တိုက်အသင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နှင့် စာကြည့်တိုက်အဖွဲ့အစည်းများအပါအဝင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကူညီနိုင်ဖို့ အရေးကြီးပါတယ်။ ရွေ့လျားစာကြည့်တိုက်တွေ ပိုမိုသက်ဝင်လှုပ်ရှားပြီး အရေအတွက်များလာရင် လူတွေရဲ့အသိဉာဏ်၊ ဗဟုသုတတွေတိုးပွားကာ စိတ်ဓာတ်နဲ့အတွေးအခေါ် ပိုမိုရင့်ကျက်လာစေမှာပါ။ အသိပညာရေချိန်မြင့်လာတဲ့ လူ့အဖွဲ့အစည်းဖြစ်လာရင် ဒုစရိုက်မှုတွေနဲ့ အကျင့်ပျက်ဆိုးသွမ်းမှုတွေ လျော့ပါးစေနိုင်မှာ ဖြစ်ပါကြောင်း။

ကြေးမုံ