mdn

သတင်းဆောင်းပါး - ခင်မေခ

 

ကောင်းကင်ပြာကို ဘယ်သူများဆေးရောင်ခြယ် 
ပန်းတွေကို ဘယ်သူ ရနံ့လေး မွှေးစေတယ် 
ငှက်တွေကိုကွယ် ဘယ်သူတွေ တေး....ဆိုသင်တယ်..... 
ဒီသီချင်းလေးဟာ ရုပ်ရှင်ဇာတ်ဝင်တေး ဖြစ်ပါတယ်။ အချစ်ဘယ်ကစ သီချင်းပါ။

 

ကျွန်မတို့ သတ္တလောကကြီးအဖို့ကတော့ ကောင်းကင်ပြာခြင်း၊ ပန်းတွေ ရနံ့မွှေးခြင်း၊ ငှက်တွေ တေးဆိုခြင်းတွေအတွက် အဓိကဖန်တီးပေးနိုင်သူဟာ ကောင်းမွန်သော ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးနေကောင်း ကျန်းမာဖို့အတွက် ကောင်းမွန်သော ဂေဟစနစ်တွေနဲ့ သန့်ရှင်းသော ပတ်ဝန်း ကျင်ကြီးဖြစ်ဖို့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ကြီး ကျန်းမာရေး ချို့တဲ့မှု၏ အဓိကတရားခံက လေထုညစ်ညမ်းမှုပဲ ဖြစ်ပါတယ်။ ယနေ့အချိန်မှာ ကမ္ဘာကြီးနှင့်လူသားတွေ အဓိကရင်ဆိုင်နေရတဲ့ အကြီးမားဆုံးပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ လူသားတွေရင်ဆိုင်နေရတဲ့ ကျန်းမာရေးချို့ယွင်းမှု ပြဿနာ၊ ရောဂါဘယထူပြောမှုတွေဟာ ဘယ်သူမပြုမိမိမှုပါပဲ။ ကျွန်မတို့ငယ်ငယ်က ဖျားနာပြီဆိုရင် အမေက ဆရာမောင်ဆေးနီမှုန့်ထုပ်ကို ကွမ်းရွက်ပြုတ်ရည်နဲ့ တိုက်လိုက်ရင် ချွေးထွက်ပြီးပျောက်တာ ပါပဲ။ အလွန်ဆုံး လေး၊ ငါးရက် အဖျားရှည်မှ ဆရာဝန်ဆီသွားရတာပါ။ အခုမှာတော့ Flu ဆိုတဲ့ တုပ်ကွေးဟာ ကြောက်ခမန်းလိလိ၊ ကာကွယ်ဆေး ထိုးတာတောင် ကူးစက်တာမြန်ပါတယ်။ ရောဂါတွေလည်း တစ်ခုပြီးတစ်ခုဆန်းဆန်းပြားပြားတွေ ကြားသိမြင်နေရပါတယ်။ မသန့်ရှင်းတော့တဲ့ လေထုကြားထဲမှာ ပိုးမွှားတွေကတော့ ပျော်ရွှင်မြူးထူးစွာ လူးလာခေါက်တုံ့နေကြဟန်တူပါတယ်။

 

ကွင်းဆက်သံသရာ

 

ပိတ်ဆို့နေတဲ့ နောက်ဖေးလမ်းကြားတွေ၊ ရေစီးဆင်းမှုမရှိဘဲ ရပ်ကွက်ထဲမှာလည်ပြီး ထိုင်နေတဲ့ ရေတွေဟာ ခြင်တွေ၊ ယင်တွေရဲ့ ကွန်းခိုရာပါပဲ။ တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံး မိမိအိမ်ရှေ့ တိုင်းမှာ ညီတူညီညာ မြောင်းဖော်၊ မြောင်းဖောက်မှသာ ရေဆိုးတွေဟာ ထွက်ပေါက်တွေက တစ်ဆင့် မြစ်ထဲကိုရောက်မှာပါ။ အဲဒီမှာလည်း ရေဆိုးဆိုရင် ရေဆိုး သီးသန့်သာ ဖြစ်သင့်ပါတယ်။ ရေထဲမှာ စည်းကမ်းမဲ့စွာပစ်ထားတဲ့ အမှိုက်တွေကတော့ သီးသန့်ဆယ်ပြီး အမှိုက်ပုံကို သွားရောက်စွန့်ပစ်ဖို့ လိုပါတယ်။ ဒီလိုမှ မလုပ်ရင် မြစ်ပြင်တစ်ကြောမှာ အမှိုက်ပေါင်းစုံ ပေါလောမျောပြီး မြစ်ကြမ်းပြင်အထိ အန္တရာယ်ပေးမယ့် အမှိုက်တွေဖြစ်ပါတယ်။ ကွင်းဆက်သံသရာလည်သလို အမှိုက်ထဲက ကြွပ်ကြွပ် အိတ်တွေက ရေနေသတ္တဝါ တွေကို ကောင်းကောင်းဒုက္ခပေးနေပါတယ်။

လွန်စွာကြောက်ဖို့ကောင်း

 

နောက်ဖေးလမ်းကြားတွေ သန့်ရှင်းဖို့ကိုလည်း လူမှုရေးအဖွဲ့အစည်းတွေ၊ ပရဟိတသမားတွေနဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး စံပြပြယုဂ်အဖြစ် “နောက်ဖေးလမ်းကြား အနုပညာ” သန့်ရှင်းဖန်တီးမှု တွေကို သတင်းမီဒီယာ တွေထဲမှာ တွေ့နိုင်ပါတယ်။ ဒါတွေကို အားကျအတုယူပြီး လိုက်လုပ်တဲ့ သူတွေရှိသလို နေမြဲတိုင်းနေ၊ အမှိုက်ပစ်မြဲတိုင်းပစ်၊ စည်းကမ်းမဲ့ချင်တိုင်း မဲ့နေကြသူတွေကလည်း ဒုနှင့်ဒေး ဖြစ်ပါတယ်။ လူဆိုတာ တစ်ဦးတစ်ယောက်တည်း၊ တစ်မိသားစုတည်း၊ တစ်အိမ်တည်း နေကြရတာ မဟုတ်ပါဘူး။ အုပ်စုလိုက်၊ အဖွဲ့လိုက်၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အလိုက် စုဖွဲ့ပြီးနေကြတာ ဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်း သန့်နေလို့၊ သန့်ရှင်းနေလို့ ပတ်ဝန်းကျင် တစ်ခုလုံး သန့်ရှင်းမှာမဟုတ်သလို၊ ဟာ.... ငါတစ်ယောက်တည်း အမှိုက်ပစ်၊ ကွမ်းတံတွေး ထွေးလိုက်လို့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံး ညစ်ပတ်သွားမှာ မဟုတ်ပါဘူးဆိုတဲ့၊ အရေးမကြီးပါဘူး ဆိုတဲ့ အတွေးအခေါ်တွေဟာ ကောင်းမွန်သော ပတ်ဝန်းကျင်ကြီးဖြစ်ပေါ်ဖို့အတွက် လွန်စွာကြောက်ဖို့ ကောင်းတဲ့အတွေးတွေဖြစ်ပါတယ်။

ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားမှာ လေအရည်အသွေးကျဆင်းမှု ကြောင့် ကျန်းမာရေးထိခိုက်စေခြင်းနှင့်လူ့သက်တမ်းတိုစေခြင်းတို့ဖြစ်စေကြောင်း သိရှိရပါတယ်။ စစ်တမ်းများအရ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့အချို့နေရာများတွင် မိနစ်တိုင်း မိနစ်တိုင်း လူ ၁၃ ဦးခန့် သက်တမ်းမစေ့မီ သေဆုံးနေကြကြောင်းကိုလည်း ဖတ်ရှုရ ပါတယ်။

 

အားလုံးပါဝင်ဆောင်ရွက်

 

ဟုတ်ပါပြီ။ ကျွန်မတို့ပတ်ဝန်းကျင်ကြီး နေကောင်းဖို့ ဘာတွေကုစား ကြပါမလဲ။ အမှိုက်များ စနစ်တကျ စွန့်ပစ်ရမည့်အပြင် ချေဖျက်ဖို့မလွယ်ကူတဲ့ပလတ်စတစ်သုံးစွဲမှုကို မရပ်တန့်နိုင်ရင်တောင် လျှော့ချဖို့ အားလုံးပါဝင်ဆောင်ရွက်ဖို့လိုပါမယ်။

သစ်ပင်စိုက်ခင်းတွေ တောအုပ်သဖွယ်ဖြစ်ဖို့ အုပ်စုလိုက် စိုက်ခင်းတွေဖြစ်ထွန်းအောင် စိုက်ပျိုးဖို့ လိုပါမယ်။ “ဥတုရာ သီ တောကိုမှီ၏”ဟု ဆိုသလိုသစ်တောငယ်လေးတွေ မြေလွတ်၊ မြေလပ်တိုင်းမှာ စိုက်ပျိုးဖို့လိုပါတယ်။ လေထုအရည်အသွေးသန့်ဖို့အတွက် သစ်ပင်တွေရဲ့ ဆောင်ရွက်ချက်ဟာ အဓိကအကျဆုံးဖြစ်ပါတယ်။ နောက်တစ်ချက်က မီးခိုးတွေပါ။ ကျွန်မတို့မြန်မာလူမျိုးတွေဟာ နိစ္စဓူဝ မီးဖိုချောင်ကိစ္စရပ်တွေမှာ ထင်းနဲ့ မီးသွေးကိုတော်တော်များများ အားထားကြပါတယ်။ ထင်းက ထွက်တဲ့ မီးခိုး၊ မီးသွေးမီးဖိုမီးမွှေးရာမှ ထွက်လာတဲ့အခိုးအငွေ့တွေဟာ လေထုထဲမှာ တော်တော်နဲ့ မပျောက်နိုင်ပါဘူး။ လမ်းတွေထဲမှာ စားသောက်ဆိုင်တွေ၊ နေအိမ်တွေရဲ့ မီးဖိုချောင်ကထွက်တဲ့ အခိုး အငွေ့တွေဟာ မနက်မိုးလင်းတာနဲ့ လေကောင်း လေသန့်တွေကို ဖျက်ဆီးနေတဲ့ မီးခိုးတွေနဲ့ ဝေသီ နေတာ တွေ့နိုင်ပါတယ်။ မီးသွေးနဲ့ထင်းကထွက်တဲ့ မီးခိုးဟာ လူတွေအတွက် ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတာ သာဓကပြရမယ်ဆိုရင် ကျွန်မကြီးတော် တစ်ယောက်ထမင်းဟင်း ချက်ရင် ထင်း၊ မီးသွေးပဲ သုံးပါတယ်။ ကြီးတော်ကြီးရဲ့ မီးဖိုချောင်ဟာ အမြဲတမ်းမီးခိုးမပြတ်ပါဘူး။ ဟင်းချက်ရင် ချက်၊ မချက်ရင် ထမင်းချက်၊ မချက်ရင် ရေနွေးတည်၊ ဒါမှမဟုတ် အလုပ်ကပြန်လာတဲ့ သားတစ်ယောက်ချင်းစားဖို့ ဟင်း၊ ထမင်းနွှေး။ နေ့တိုင်း တစ်နေကုန်နီးပါး မီးဖိုနားပဲ ရှိနေတတ်ပါ တယ်။ တစ်နေ့တော့ ကြီးတော်ကြီး အကြီးအကျယ် နေမကောင်းဖြစ်တဲ့အခါ ဆေးရုံတင်လိုက်ပါတယ်။ ဆေးရုံက ဓာတ်မှန်အဖြေက ကြီးတော်ကြီးမှာ အဆုတ်လုံးဝမကောင်းတော့ဘဲ အဆုတ်တစ်ခြမ်းက လုံးဝပျက်သွားပါပြီတဲ့။ ဆေးလိပ်မသောက်၊ ကွမ်းမစားတဲ့ ကြီးတော်ကြီး အဆုတ်မကောင်းမှုကိ သူ့သားများက မယုံနိုင်ဖြစ်ပြီး ဆရာဝန်နှင့်ဆွေးနွေးရာမှ ကြီးတော်ကြီးရဲ့အမူအကျင့်များကို ဆရာဝန်က မေးမြန်းပြီး နောက်ဆုံး ကောက်ချက်ချတာက နေ့စဉ်ရှူရှိုက်ရတဲ့ မီးခိုးတွေကြောင့်ဆိုတာ သိရှိရပါတော့တယ်။

နောက်တစ်ခုက ဘယ်လိုပဲ အသိပညာပေးပေး ကိုယ့်အိမ်ကထွက်တဲ့အမှိုက်နှင့် သစ်ရွက်ခြောက် တွေကိုလည်း မီးရှို့နေတဲ့အကျင့်တွေကလည်း နေရာတော်တော်များများမှာ တွေ့နေရပါတယ်။ ဒါ့အပြင် တိုးတက်လာတဲ့နည်းပညာနူဲ့ကထကမပ ဆိုတဲ့ ဇိမ်ခံပစ္စည်းများဖြစ်ကြတဲ့ လေအေးပေးစက်၊ ရေခဲသေတ္တာတွေကထွက်တဲ့ ဟယ်လွန်ဓာတ်ငွေ့တွေဟာလည်း လေထုကိုညစ်ညမ်းစေပါတယ်။

လေထုညစ်ညမ်းမှုဖြစ်တဲ့ ဓာတ်ငွေ့များတွင် လူသားတို့ဖန်တီးမှုကြောင့်ဖြစ်ပေါ်ခြင်းနှင့် သဘာဝ ကြောင့်ဖြစ်ပေါ် ခြင်း နှစ်မျိုးတွေ့ရမှာ ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံများ၊ မော်တော်ယာဉ်များ၊ လျှပ်စစ်ထုတ်လုပ်ခြင်းမှ ထွက်လာ တဲ့ဓာတ်ငွေ့များအပြင် တောမီးလောင်ခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ တိရစ္ဆာန်အညစ်အကြေးများမှ ထွက်လာတဲ့ ဓာတ်ငွေ့များဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။ လေထုညစ်ညမ်းပြီဆိုလျှင် ရာသီဥတုဟာ ပြောင်းလဲသွားတော့တာပါပဲ။ အချိန် အခါမဟုတ် မိုးရွာမယ်၊ မုန်တိုင်းတွေဝင်မယ်၊ မိုးခေါင်မယ်၊ ရာသီဥတုပူပြင်းမယ်၊ ခရမ်းလွန် ရောင်ခြည်များ မြင့်တက်မယ်၊ ရေတွေခန်းခြောက်မယ်၊ စားနပ်ရိက္ခာများ ဆုတ်ယုတ်မယ်။

ပြောမယ်ဆိုရင်တော့ အများကြီးဖြစ်ပါတယ်။ ကျွန်မတို့လူသားတွေတစ်ဦးချင်းစီ ဘာတွေလုပ်နိုင်မလဲ။ ပတ်ဝန်းကျင်ကြီးကျန်းမာဖို့ ဘာတွေပြုပြင်ကြမလဲ။ (၁) အမှိုက်တွေ စနစ်တကျ စွန့်ပစ်မယ်၊ (မီးမရှို့ဘူး)၊ (၂) ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်တွေ လျှော့ချသုံးစွဲမယ်၊ (၃) ရေစီးရေလာ ကောင်းအောင် ဆောင်ရွက်မယ်၊ (၄) သစ်ပင်တွေမခုတ်ဘူး၊ မိမိအိမ်ပတ်ဝန်းကျင်မှာ တစ်နိုင်တစ်ပိုင် စိုက်ကြမယ်၊ (၅) လျှပ်စစ်လျှော့ချသုံးစွဲမယ်၊ (၆) ကိုယ်ပိုင်ကားစီးမှုလျှော့ချမယ်၊ အများသုံးကား (သို့) စုပေါင်းကား စီးမယ်၊ လမ်းလျှောက်မယ်၊ စက်ဘီးစီးမယ်၊ ဆိုက်ကားစီးမယ် စတဲ့အကျင့်တွေ ပြုပြင်ယူမယ်။

ကွမ်းတပျစ်ပျစ်ဝါးနေတဲ့ အကျင့်ကလည်း နေရာတိုင်းမှာ တွေ့နေရပါသေးတယ်။ ကွမ်းဝါးပြီဆိုလျှင် ကွမ်းတံတွေးထွေးဖို့အလုပ်က နောက်ကကပ်ပါပြီးသား ဖြစ်ပါတယ်။ ကျွန်မအမြင်မှာတော့ ယာဉ်မောင်းတော်တော်များများဟာ ကွမ်းစားတာများကြပါတယ်။ ကွမ်းစားပြီး ကားပြတင်းပေါက်က တစ်ဆင့် လှမ်းလှမ်းထွေးကြတာဟာ လမ်းပေါ်မှာ ညစ်ပတ်ပေရေသလို မိမိကားရဲ့ဘေးမှာလည်း ကွမ်းတံတွေးကြောင်းတွေ တွေ့ရတာရုပ်ဆိုးလှပါတယ်။

မီးပွိုင့်မှာ ကားရပ်ပြီဆိုလျှင် ကွမ်းတံတွေးတွေကို စည်းကမ်းမဲ့စွာ ထွေးကြပါတယ်။ ဘယ်သူက ကြည့်ကြည့် ရှက်ရကောင်းမှန်းမသိပါဘူး။ အဲဒါအခြေခံယဉ်ကျေးမှုပါပဲ။ လူ့အသိုင်းအဝိုင်းထဲမှာနေတဲ့ လူသားတိုင်းဟာ သတ်မှတ်ထားတဲ့ ပြည်သူ့နီတိစည်းကမ်းဘောင်ထဲမှာ အသိဉာဏ်ရှိတဲ့လူသားပီပီ ဆင်ခြင်တုံတရားနဲ့ပြုပြင်ဖို့ဖြစ်ပါတယ်။ အရိုင်းအစိုင်းဆန်ဆန်၊ လူမိုက်ဆန်ဆန် ငါထင်သလို လုပ်မယ်ဆိုရင် ဥပဒေနှင့် ထိန်းချုပ်ရမှာဖြစ်ပါတယ်။ စည်းကမ်းသတ်မှတ်ချက်တွေ၊ လမ်းညွှန်ချက် တွေ၊ ဥပဒေတွေဟာ အလိုလိုပေါ်လာတာမဟုတ်ပါဘူး။ ဖောက်ဖျက်တဲ့သူတွေရှိလို့ စည်းကမ်း၊ ဥပဒေသတွေဆိုတာ သတ်မှတ်ပေးလာကြတာပါ။ အကြိမ်ကြိမ် ချိုးဖောက်လို့ကြာရင် ရွာပြင်ထွက် ရတတ်တယ်ဆိုတဲ့ ရှေးစကားလည်း ရှိပါတယ်။

အဲဒီတော့ ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်၊ မဖြစ်ကိုကောင်းကင်ကြီး ပြာနေပြီလား.....ပန်းတွေ ဖူးပွင့် မွှေးနေပြီလား.....ငှက်တွေ တေးဆိုနေပြီလားဆိုတာ.....နှင့် အကဲခတ်ဆုံးဖြတ်လို့ရပါ ကြောင်း တင်ပြလိုက်ရပါတယ်ရှင်။