ရှင်နော်၊ ဓာတ်ပုံ - လင်းညွန့်

လွတ်လပ်မှု၊ ပွင့်လင်းမှုများနဲ့ တဖြည်းဖြည်း ထိတွေ့ခွင့်ရလာနေတဲ့ ရန်ကုန်မြို့တော်ကြီးမှာ ယခုအခါ စာနယ်ဇင်းရှင်းလင်းပွဲများလည်း များပြားလာခဲ့ပါတယ်။ တစ်ဦးတစ်ယောက်ကို မကျေနပ်၍ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကို မကျေနပ်၍ဖြစ်စေ သို့တည်းမဟုတ် မိမိသိစေလိုသော အကြောင်းအရာကို အခြားသူများအား သိစေလို၍ဖြစ်စေ စာနယ်ဇင်းရှင်းလင်းပွဲများကို ရန်ကုန်အနှံ့ အချိန်အခါလိုက်၍ ကျင်းပလာလျက်ရှိပါသည်။

လွတ်လပ်ပွင့်လင်းစွာ တင်ပြပြောဆိုနိုင်

Facebook လို့ခေါ်တဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ရေးသားတင်ပြခြင်းဟာ မိမိနဲ့ မိတ်ဆွေဖြစ်ထားသူများသာ သိခွင့်ရပြီး အခြားသူများအနေဖြင့် သိခွင့်မရတဲ့အတွက်ကြောင့် တရားဝင်သတင်းမီဒီယာကြီးများ သိစေဖို့အတွက် စာနယ်ဇင်း ရှင်းလင်းပွဲခေါ် သတင်းစာရှင်းလင်းပွဲများဟာ ယနေ့အခါမှာ ခေတ်စားလာခဲ့ရပါသည်။ တစ်ခေတ်တစ်ခါက မပြောရဲမဆိုရဲ ဘဝများနှင့် နေခဲ့ရသော်လည်း ယခုအခါမှာ လွတ်လပ်ပွင့်လင်းစွာ အများပြည်သူကို တင်ပြပြောဆိုနိုင်တဲ့ အခြေအနေတစ်ခုကို ရန်ကုန်မြို့တော်သူ မြို့တော်သားများ ခံစားနေရပြီဖြစ်ပါသည်။

သတင်းစာရှင်းလင်းပွဲများပြုလုပ်လာ

တစ်ချိန်က သတင်းသမားကို မလိုလားသော တချို့အဖွဲ့ အစည်းများပင်သည်လျှင် ယခုအခါ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်လာလျက်ရှိပါသည်။ ရန်ကုန်မြို့တော်ကြီးမှာ အစိုးရအဖွဲ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲများ၊ အချို့သော ဌာနဆိုင်ရာများကပြုလုပ်သော သတင်းစာရှင်းလင်းပွဲများ၊ ကုန်ပစ္စည်း ကြော်ငြာသတင်းစာ ရှင်းလင်းပွဲများ၊ လူမှုရေးအသင်းအဖွဲ့များက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲများစသည်ဖြင့် အမျိုးမျိုးသော သတင်းစာရှင်းလင်းပွဲများ ကျင်းပကြလျက်ရှိပါသည်။

သတင်းစာရှင်းလင်းပွဲများ ပြုလုပ်သည့်အခါတွင် သတင်းသမားများအနေဖြင့် အဓိကလိုရင်းအ ချက်များဖြစ်သည့် နောက်ခံအကြောင်းရင်း၊ လက်ရှိ သတင်းဖြစ်ပေါ်နေသော ပြဿနာနှင့် ရှေ့ဆက်မည့်အစီအစဉ် ထိုအကြောင်းအရာများကို အဓိကထား လိုက်လံမှတ်သားကြရပါသည်။ မိမိတင်ပြလိုသည့် ပြဿနာနှင့်ပတ်သက်၍ တင်ပြလိုသူကလည်း ထိုအချက်များကို အဓိကထားတင်ပြရန် အရေးကြီးပါသည်။ အဆိုပါ နောက်ခံအကြောင်းရင်း၊ လက်ရှိအခြေအနေနှင့် ရှေ့ဆက်အစီအစဉ်များကို ခေါင်းစဉ်တစ်ခုအတွက် အချိန်သုံးမိနစ်မှ ငါးမိနစ်အတွင်း တင်ပြနိုင်လျှင် ပိုမိုကောင်းမွန်ပါသည်။

အချိန်များစွာယူ၍ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲများ

သတင်းရေးသားသူ သတင်းထောက်များအနေဖြင့် စာနယ်ဇင်းရှင်းလင်းသူ၏ အသံဖိုင်ကို လုံးကောက်ဖြေခြင်း၊ သတင်းပြန်လည်ရေးသားခြင်း၊ ရေးသားပြီးသတင်းကို ပြန်လည်ချောမောအောင် ပြင်ဆင်ခြင်း၊ မိမိသတင်းဌာနသို့ ပေးပို့ခြင်း စသော ရှေ့ဆက်လုပ်ကိုင်ရန် လုပ်ငန်းများစွာ ကျန်ရှိနေသေးသည့်အတွက် အချိန်များစွာယူ၍ ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲများသည် အဆင်မပြေဖြစ်တတ်သည်။ သတင်းထောက်များ သတင်းရေးသားရာတွင် အဓိပ္ပာယ်ကောက် လွဲခြင်းသည် စာနယ်ဇင်းရှင်းလင်းသူ၏ ဝေ့လည်ကြောင်ပတ် ပြောဆိုမှုများကြောင့် ဖြစ်တတ်သည်။

သတင်းထောက်များ ကောက်ချက်ဆွဲရာတွင် လွဲချော်

စာနယ်ဇင်းရှင်းလင်းသူ၏ တိုက်ရိုက်စကားပြော ကိုးကားချက်များကို သတင်းတွင် ထည့်လိုပါက ရှင်းရှင်းလင်းလင်းပြော ဆိုထားခြင်းမရှိလျှင် သတင်းထောက်နှင့် အယ်ဒီတာတို့အကြား ဗျာများရတတ်သည်။ စာနယ်ဇင်းရှင်းလင်းချိန်တွင် အသံဖမ်းစက် ဖွင့်ထား၍ အာရုံစိုက်နားထောင်နေသော်လည်း ရှင်းလင်းသူက ဥပမာပေးများနေခြင်း၊ လိုရင်းအချက်ကို တိုက်ရိုက်မပြောဘဲ စကားဝေ့နေခြင်း၊ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် နိုင်နိုင်နင်းနင်း ပြောဆိုမှုမရှိခြင်း၊ အင်္ဂလိပ်စာလုံးများညှပ်၍ ပြောနေခြင်း၊ ဘာသာရပ်ဆိုင်ရာစကားလုံးများ သုံးနှုန်းပြောဆိုနေခြင်းတို့ကြောင့် သတင်းထောက်များ ကောက်ချက်ဆွဲရာတွင် လွဲချော်ကြလေ့ရှိသည်။

မည်သူတက်ရောက်မည်ကို ကြိုတင်သိလိုကြ

သတင်းထောက်များအတွက် အရေးကြီးသော အချက်တစ်ချက်မှာ အချိန်ဖြစ်သည်။ သတင်းထောက် အတော်များများသည် သတင်းရယူရန် နေရာများဖြစ်သောနေရာ၊ အခမ်းအနားများကို စော၍ရောက်ချင်တတ်ကြသည်။ အခမ်းအနားမစတင်မီ လူတွေ့မေးမြန်းခြင်းနှင့် အခမ်းအနား အစီအစဉ်အကြောင်းကို သိချင်ကြသည်။ ဝန်ကြီးချုပ်တက်ရောက်မည်၊ ဝန်ကြီးတက်ရောက်မည်၊ ဌာနဆိုင်ရာအကြီးအကဲ မည်သူတက်ရောက်မည်ကို ကြိုတင်သိလိုကြသည်။ ထိုသို့သိရှိပြီး ထိုသူနှင့်သက်ဆိုင်သော ဆင့်ပွားသတင်းများကို မေးမြန်းရယူလိုကြသည်။ လိုအပ်သော သတင်းရယူပြီးသည်နှင့် အခြားသတင်းနေရာတစ်ခုသို့ အချိန်မီသွားရောက်လိုကြသည်။ သတင်းအပုဒ်အရေအတွက်ပေါ် မူတည်ကာ စာမူခရကြ၍ တစ်နေရာတည်းတွင် အချိန်မဖြုန်း လိုကြပေ။ ရရှိပြီးသော သတင်းများကို အထက်ကဆိုခဲ့သည့်အတိုင်း အသံဖိုင်ဖြေ၊ သတင်းရေး၊ သတင်းတင်စသော လုပ်ဆောင်စရာများကို ဆက်လက်လုပ်ဆောင်ကြရသည်။

မရှင်းလင်းသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း

တစ်နေကုန်သတင်းလိုက်၊ သတင်းရေး၊ သတင်းတင် လုပ်ပြီးရုံမျှဖြင့် သတင်းထောက်တစ်ယောက်အဖို့ တစ်နေ့တာ အလုပ်ပြီးပြီဟု မဆိုသာပေ။ အယ်ဒီတာအဖွဲ့ အဆင့်ဆင့်က သတင်းဖတ်ပြီးလျှင် မရှင်းလင်းသည့် အကြောင်းအရာများကို သတင်းထောက်ထံ ပြန်လည်မေးမြန်းကြသည်။ ထိုအချိန်တွင် ကွန်ပျူတာပြန်ဖွင့် အသံဖိုင်ပြန်ရှာ၊ လုံးကောက်ဖြေထားသည့် ဖိုင်ပြန်ရှာ စသည်ဖြင့် ရှင်းလင်းအောင်ပြန်ရေး သို့တည်းမဟုတ် သတင်းဓာတ်ပုံ ကောင်းမကောင်း စသဖြင့် အလုပ်များကြရသည်။ ထိုထိုသမျှသော ပြဿနာအကြောင်းအရာ အမျိုးမျိုးကို ဖြေရှင်းပြီးချိန်တွင် အချိန်က ည ၁၂ နာရီ။ စိတ်မောလူမော ဖြစ်နေ၍ အိပ်မပျော်သော်လည်း မနက် ၅ နာရီထ၍ လိုက်ရမည့် သတင်းအတွက် ဇွတ်အတင်း ကြိတ်မှိတ်အိပ်ကြရသည်။

အချို့အချို့သော ပညာရှင်ပေါင်းများစွာက သတင်းထောက်အပေါ် အထူးအခွင့်အရေး တောင်းဆိုတတ်ကြသည်။ “သတင်းရေးပြီး ပြပါဦး။ ခင်ဗျားတို့ရေးတာ မှားမှာစိုးလို့။ မလိုတာတွေလည်း ပါသွားဦးမယ်” စသည်ဖြင့် တောင်းဆိုတတ်ကြသည်။ ထိုတောင်းဆိုမှုများက ယခင်ခေတ်လက်ကျန် ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံတွင် အတော်ဆုံး၊ အတတ်ဆုံးဟု မိမိကိုယ်မိမိ ယူဆထားသူများပါဝင်သည်။ ထိုသို့ ညှိနှိုင်းမှုများနှင့် ကြုံတွေ့ရလျှင် သတင်းထောက်များ စိတ်ဆင်းရဲရတတ်သည်။ သတင်းထောက် တစ်ဦးအနေဖြင့် မိမိရေးသားထားသော သတင်းကို ပြန်လည်ပြသရန် တာဝန်မရှိပေ။ ထိုအချက်ကို စာနယ်ဇင်းသမားမှလွဲလျှင် ကျန်သူတိုင်း သိရှိထားသင့်သည်။ ရေးသားပြီးသော သတင်းကို ပြန်လည်ပြသရန် အခွင့်အရေးကို သတင်းထောက်ထံ မတောင်းဆိုသင့်ပေ။

သတင်းအဓိပ္ပာယ်ကောက်လွဲစေနိုင်သော အခက်အခဲများ

အမြဲလိုလို စာနယ်ဇင်းရှင်းလင်းပွဲ လုပ်လေ့လုပ်ထရှိသောနေရာများ၊ စားသောက်ဆိုင်များ၊ အခမ်းအနားပွဲကြီးများကို တာဝန်ယူကျင်းပလေ့ရှိသော ဟိုတယ်ကြီးများသည် အမြဲလိုလို သတင်းသမားနှင့် ထိတွေ့နေရသည့်အတွက် သတင်းသမား၏ အထာကို သိသည်။ သတင်းသမားများ မည်သည့်နေရာမှ သတင်းယူမည်၊ အသံဖမ်းစက်ကို မည်သည့်နေရာတွင် ထားမည်ကို သိသည်။ သို့အတွက်ကြောင့် သတင်းသမားများအတွက် ပစ္စည်းတင်ရန်ခုံနှင့် အသံအနိမ့်အမြင့်ကို ချိန်ညှိပေးတတ်ကြသည်။ ရံဖန်ရံခါသာ ကျင်းပလေ့ရှိသောနေရာများ၊ သို့တည်းမဟုတ် သတင်းသမားကို ဦးစားမပေးသော နေရာများတွင် သတင်းသွားရောက် ရယူရပါက အခက်အခဲဖြစ်ကြရသည်။ စပီကာနှင့် အသံဖမ်းစက်ထားရန်နေရာမှာ အလွန်ဝေးကွာ လွန်းခြင်း၊ တွေ့ဆုံမေးမြန်းခွင့် မပြုခြင်းတို့သည် သတင်းအဓိပ္ပာယ် ကောက်လွဲစေနိုင်သော အခက်အခဲများပင်ဖြစ်သည်။

သတင်းရေးသားပေးပို့ရန်သာ တာဝန်ရှိ

အချို့သောအဖွဲ့အစည်း၊ ကုမ္ပဏီများက သတင်းတာဝန်ခံများ ထားတတ်ကြသည်။ ပြန်ကြားရေးအရာရှိများ ထားတတ်ကြသည်။ အချို့က သတင်းသမားများအား ဖိတ်ကြားကြိုဆိုရေး တာဝန်ခံများအဖြစ် လုပ်ကိုင်ကြသည်။ အဖွဲ့အစည်း၊ ကုမ္ပဏီနှင့် သတင်းသမားများအကြား သတင်းတာဝန်ခံများမှတစ်ဆင့် ဆက်သွယ်ကြရသည်။ ပြန်ကြားရေးအရာရှိများမှတစ်ဆင့် ဆက်သွယ်ကြရသည်။ လွန်ခဲ့သောလပိုင်းက လူမှုအခြေပြုအဖွဲ့ အစည်းတစ်ခုမှ ပြန်ကြားရေးအရာရှိတစ်ဦးက စာရေးသူအား မေးဖူးသည်။ “ရှင်သတင်းကို ဘယ်တော့ရေးမှာလဲ၊ ဘယ်နေ့ပါမှာလဲ” ဟူ၍ဖြစ်သည်။ အမှန်မှာ သတင်းကရေး၍ သတင်းစာတွင် ပါသွားပြီးဖြစ်သည်။ သတင်းထောက်၏ တာဝန်မှာသတင်း ရေးသားပေးပို့ရန်သာ တာဝန်ရှိသည်။ သတင်းစာတွင် ထည့်သွင်းခြင်း၊ မထည့်သွင်းခြင်းမှာ အယ်ဒီတာတို့၏ တာဝန်ဖြစ်သည်။ မိမိသတင်း မဖြစ်မနေ သတင်းစာတွင်ပါရန် လိုလားပါက ကြော်ငြာကဏ္ဍတွင် သွားရောက်ထည့်သွင်းသင့်သည်။ စာမျက်နှာ ကော်လံကြေး ပေးသွင်းပြီးဖြစ်၍ မိမိသတင်းမပါမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

အထက်ပါစာအဖွဲ့အစည်းကို အဆုံးသတ်ရသော် စာနယ်ဇင်းရှင်းလင်းမည့်သူသည် မိမိရှင်းလင်းမည့်အကြောင်း အရာကို တိုတိုနှင့်လိုရင်း ရှင်းလင်းရမည်သာ၊ သတင်းသမားများ အခက်အခဲဖြစ်စေမည့် ဘာသာရပ်ဆိုင်ရာ စကားလုံးများ၊ အင်္ဂလိပ်စာလုံးများ၊ ဥပမာများ ထည့်သွင်းပြောဆိုခြင်းကို ရှောင်ရှားပေးရမည်။ ဆောင်းဘောက်ခေါ် စပီကာများကို သတင်းထောက်များ အသံဖမ်းနိုင်ရန် အနီးအနားတွင် ထားရှိပေးခြင်းဖြင့် ရန်ကုန်မြို့တော်၌ ကျင်းပမည့် သတင်းစာရှင်းလင်း ပွဲများတွင် လုပ်ဆောင်ပေးသင့်ပါကြောင်း . . . ။

မြန်မာ့အလင်း