၂၇ ဇွန်
သစ်တောနှင့် သစ်ပင်များ
ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၃၀ ရာခိုင်နှုန်းသည် သစ်တောများဖြင့် ဖုံးလွှမ်းလျက် ရှိနေသည်။ တစ်ဟက်တာ အကျယ်အဝန်းရှိ မိုးသစ်တောများ၌ အပင်မျိုးစိတ်ပေါင်း ၅၀ဝ နီးပါးမျှ ရှင်သန်ပေါက်ရောက်လျက် ရှိသည်။ အပင်ပေါက်ရောက်မှု နည်းပါး လှသည်ဟု ဆိုကြသော ထင်းရှူးတောများ၌ပင် အပင်မျိုးစိတ်ပေါင်း ၁၅၀ ခန့်အထိ ပေါက်ရောက်ရှင်သန်နိုင်ကြသည်။
သစ်ပင်တို့သည် မြေကြီးထဲမှ အာဟာရဓာတ်များကို နေရောင်ခြည်ဖြင့် အလင်းဖွဲ့ အစာချက်ပြီး စွမ်းအင်ကို ရရှိကြသည်။ သစ်ပင်တို့၏ အလင်းဖွဲ့ အစာချက် ဖြစ်စဉ် အတွင်း လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူသုံးစွဲပြီး ကာဗွန်အဖြစ်သို့ ပြောင်းလဲသွားစေကာ ထိုကာဗွန်များကို ပင်စည်၊ အကိုင်း၊ အခက်စသော ဇီဝဒြပ်ထုထဲ၌ သိုလှောင်ထားလိုက်သည်။ ထို့ပြင် အမြစ်မှတစ်ဆင့် မြေကြီးထဲ၌ပါ အော်ဂဲနစ် ကာဗွန်များအဖြစ် သိုလှောင်ပေးထားကြသည်။
အလင်းဖွဲ့ အစာချက် ဖြစ်စဉ်
သစ်ပင်တို့၏ အလင်းဖွဲ့ အစာချက် ဖြစ်စဉ်အတွင်း ဘေးထွက်ပစ္စည်းအဖြစ် အောက်ဆီဂျင်ဓာတ်ငွေ့များ ထွက်ပေါ်လာပြီး လေထုထဲသို့ ပြန်လည် ထုတ်လွှတ် ပေးကြသည်။ ကမ္ဘာ့လေထုထဲရှိ အောက်ဆီဂျင်ဓာတ်ငွေ့ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းသည် ကမ္ဘာ့မြေပြင်ပေါ်ရှိ သစ်ပင်သစ်တောများက ထုတ်လွှတ်ပေးနေသော ပမာဏ ဖြစ်သည်။
အလားတူပင် ရေမျက်နှာပြင်ပေါ်နှင့် ရေပြင်အောက်တို့၌ ပေါက်ရောက်နေကြသော ရေညှိ၊ ရေမှော်နှင့် ရေအောက်အပင်များကလည်း ကမ္ဘာ့လေထုထဲတွင်ရှိသော အောက်ဆီဂျင်ဓာတ်ငွေ့ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ထုတ်လွှတ်ပေးလျက်ရှိနေ ကြသည်။ ရေညှိ၊ ရေမှော်ပင်များနှင့် ရေအောက်သစ်ပင် မျိုးစိတ်အားလုံးတို့၏ အလင်းဖွဲ့ အစာချက် ဖြစ်စဉ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို စုပ်ယူ နေရင်း တစ်ချိန်တည်းမှာပင် အောက်ဆီဂျင် ဓာတ်ငွေ့များကိုလည်း ထုတ်လွှတ်ပေး လျက်ရှိနေကြသည်။
ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ
ကမ္ဘာတစ်ဝန်းလုံး၌ အသုံးပြုလည်ပတ်နေကြသော မော်တော်ကားများ၊ အင်ဂျင်စက်များ၊ ယန္တရားများ၊ စက်ရုံများသည် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို စက္ကန့်နှင့်အမျှ ထုတ်လွှတ်ပေးလျက် ရှိနေကြသည်။ တစ်ခါတစ်ရံ ကမ္ဘာ့မြေပြင်ပေါ်ရှိ မီးတောင်ကြီးများ ပေါက်ကွဲမှုဖြစ်သည့်အခါတွင်လည်း ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပမာဏ အများအပြားသည် လေထုထဲသို့ အလုံးအရင်း ပျံ့နှံ့ရောက်ရှိ သွားသည်။
အလားတူပင် စစ်မက်ဖြစ်ပွားသည့် အခါများတွင်လည်း ကျည်ဆန်နှင့် ဗုံးများ ပေါက်ကွဲမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်နှင့်တကွ အဆိပ်ဓာတ်ငွေ့ အများအပြား တို့သည် လေထုထဲသို့ ရောက်ရှိသွားကြသည်။ လုပ်ငန်းခွင် မတော်တဆမှုကြောင့် ရေနံတွင်းများ မီးလောင်သည့်အခါမျိုးတွင်လည်း တန်ချိန်နှင့်ချီသော ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များသည် လေထုထဲသို့ ရောက်ရှိသွားကြသည်။
ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့
ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့သည် မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုက်၊ ဟိုက်ဒရို ဖလူအိုရို ကာဗွန်၊ ပါ ဖလူအိုရို ကာဗွန်နှင့် ဆာလ်ဖာ ဟက်ဆာဖလူအိုရိုက်တို့ ကဲ့သို့ပင် ကမ္ဘာကြီးကို ပူနွေးလာစေသော ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ ဖြစ်သည်။ ဖန်လုံအိမ်ဓာတ်ငွေ့များသည် ကမ္ဘာကြီးကို ပိုမို ပူနွေးလာစေသည်ဖြစ်ရာ အကယ်၍ ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိပါက က္ဘာကြီးသည် အဆမတန်ပူပြင်းလာပြီး မြေကမ္ဘာပေါ်ရှိ လူသားတို့နှင့်တကွ ဇီဝမျိုးစုံမျိုးကွဲ အားလုံး တို့လည်း ပျောက်ကွယ်သွားကြလိမ့်မည်ဖြစ်သည်။
ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းမိုးထားသော သစ်တောများနှင့်တကွ ကမ္ဘာအရပ်ရပ်ရှိ သစ်ပင်အားလုံးတို့သည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို စဉ်ဆက်မပြတ် စုပ်ယူပေးထားခြင်းဖြင့် ကမ္ဘာကြီး အဆမတန်ပူနွေး လာခြင်းမှ ကာကွယ်ပေးထားလျက် ရှိနေသည်။ ကမ္ဘာ့အပူပိုင်းဒေသရှိ ဒီရေရောက် သစ်တောများသည် အခြားဒေသရှိ သစ်တောများထက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို စုပ်ယူသိုလှောင်နိုင်စွမ်းအား ပိုမိုမြင့်မားသည်။ ကမ္ဘာ့အပူပိုင်း သစ်တောဧရိယာ၏ ဝ ဒသမ ၇ ရာခိုင်နှုန်းမှာ ဒီရေရောက်တောများဖြစ်ကြပြီး အပူပိုင်းဒေသ မုတ်သုံသစ်တောများထက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို နှစ်ဆမှ လေးဆခန့်အထိ စုပ်ယူသိုလှောင်ပေးထားနိုင်ကြသည်။
ဒီရေရောက်တောများ
ဒက္ခိဏ ယဉ်စွန်းတန်းနှင့် ဥတ္တရ ယဉ်စွန်းတန်းကြား ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်ရှိ ဒီရေရောက်သစ်တောများ၏ ဧရိယာသည် ကမ္ဘာ့လူဦးရေ တိုးပွားလာခြင်းကြောင့် ရာစုနှစ်ဝက်အတွင်း ၅၀ ရာခိုင်နှုန်းခန့်အထိ ယုတ်လျော့ကျဆင်း သွားခဲ့သည်။ အကယ်၍ အပူပိုင်းဒေသ ဒီရေရောက်သစ်တောများ လုံးဝ ပျက်စီး သွားမည်ဆိုလျှင် တစ်ကမ္ဘာလုံးရှိ သစ်တောအားလုံး ပြုန်းတီးမှုကြောင့် ထွက်ပေါ်လာမည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသော ပမာဏကို ကမ္ဘာ့လေထုထဲသို့ ပြန်လည်ထုတ်လွှတ်လိမ့်မည် ဖြစ်သည်။
သစ်ပင်များ၏ အကျိုးကျေးဇူးများ
သစ်ပင်များသည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင် ဓာတ်ငွေ့များကို ပြန်လည်ထုတ်လွှတ်ပေးနိုင်ရုံမျှမက မြေကြီးထဲမှ ရေငွေ့များကိုလည်း စုပ်ယူပြီး လေထုထဲသို့ ထုတ်လွှတ်ပေးလျက် ရှိနေကြသည်။ သစ်ပင်များမှ ထုတ်လွှတ်သော ရေငွေ့များကို လေထုက စုပ်ယူပြီး မိုးအဖြစ် ပြန်လည်ရွာသွန်း ပေးသည့်အတွက် သစ်ပင်သစ်တောများသည် ရေသံသရာလည်ခြင်းကို အဓိက အခန်းကဏ္ဍမှ အကျိုးပြုလျက်ရှိနေကြသည်။
ရာသီအလိုက်စိုက်ပျိုးသော အပင်ငယ်များသည်ပင်လျှင် ပေါက်ရောက်ရှင်သန်နေသည့် ရာသီခွင်အတွင်း၌ ရေငွေ့ပမာဏ လီတာပေါင်း ၂၀ဝ ခန့်ကို လေထုထဲသို့ ထုတ်လွှတ်ပေးနိုင်ကြသည်ဖြစ်ရာ နှစ်တို၊ နှစ်လတ်နှင့် နှစ်ရှည်ပင်ကြီးများဆိုလျှင် ရေငွေ့ပမာဏ မည်မျှ ထုတ်လွှတ်ပေးနိုင်သည်ကို ခန့်မှန်းနိုင်သည်။
သစ်ပင်တို့သည် နေ့ဘက်တွင် နေ၏အပူရှိန်ကို အမိုးသဖွယ်အုပ်မိုး ကာရံပေး ထားခြင်းဖြင့် မြေကြီးကို အေးမြစေသလို ညဘက်တွင်လည်း မြေကြီးက ပြန်လည် ထုတ်လွှတ်သည့် အပူဓာတ်ကို ထိန်းချုပ်ပေးထားခြင်းဖြင့် မြေပြင်ကို နွေးထွေးစေရန် ပြုလုပ်ပေးလျက် ရှိသည်။ ထို့ပြင် မြေဆီလွှာနှင့် ရေဓာတ်ကိုပါ ထိန်းသိမ်းပေးနိုင်သည့်အတွက် ရေတွင်းရေကန်များ၏ ပတ်လည်တွင် အပင်ကြီးများကို စိုက်ပျိုးထား ခြင်းအားဖြင့် ရေခန်းခြောက်မှု ဖြစ်နိုင်ခြေကိုများစွာ လျော့ပါးသက်သာစေသည်။
အလားတူပင် မြစ်ချောင်းများ ရေလျှံသည့် အခါမျိုး၌လည်း စီးဆင်းလာသော ရေထုကြီးကို သစ်ပင်များက ခုခံဟန့်တားထားနိုင်သည့်အတွက် ရုတ်တရက် ရေကြီးရေလျှံဖြစ်ခြင်းမှ ကာကွယ်ပေးထားနိုင်စွမ်း ရှိကြသည်။ အကယ်၍ သစ်ပင်ကြီးများ မရှိသော လွင်တီးခေါင်ပြင်အရပ် ဖြစ်နေခဲ့လျှင် ယင်းကဲ့သို့သော မြစ်ချောင်းများ ရေလျှံတက်ခြင်းမျိုးနှင့် ကြုံရသည့်အခါ လူနေမြို့ ရွာများအတွင်းသို့ ဧရာမ ရေထုကြီးက အတားအဆီးမရှိ လွယ်ကူလျင်မြန်စွာ စီးဆင်းဝင်ရောက်လာမည်ဖြစ်ပြီး ရေဘေးအန္တရာယ်မှ လွတ်ကင်းအောင် ရှောင်တိမ်းထွက်ခွာရန်ပင် အချိန်မရနိုင်တော့ဘဲ အသက်အန္တရာယ်ကျရောက်မှုနှင့်တကွ ကြီးမားသော ပျက်စီးဆုံးရှုံးမှုကြီး များကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။
မြစ်ကမ်းဘေး ဝဲယာတစ်လျှောက်တွင် သစ်ပင်သစ်တောများ ရှိနေခြင်းအားဖြင့် ရေသတ္တဝါများအတွက် အန္တရာယ်ရှိသည့် မြစ်ကြောင်းအတွင်းသို့ နုန်းအနည်အနှစ် ကျခြင်းကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးထားနိုင်သည်။ ယင်းကဲ့သို့မစ်ကြောင်းအတွင်း နုန်းအနည်အနှစ်ကျခြင်းကို ထိထိရောက်ရောက် ဟန့်တား ထားနိုင်သည့်အတွက် မြစ်ရေတိမ်သွားခြင်းနှင့် မြစ်ကြောင်းကျဉ်းသွားခြင်းမျိုး မဖြစ်နိုင်တော့ဘဲ ရေလမ်းကြောင်းကို အမြဲတမ်းပွင့်နေစေကာ ရေကြောင်းပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းရေးကို ကောင်းစွာ အထောက်အကူပြုပေးနိုင်သည်။
အပူဒဏ်ကို လျှော့ချပေး
သစ်ပင်သစ်တောများသည် အောက်ဆီဂျင်ဓာတ်ငွေ့နှင့် ရေငွေ့များကို လေထုထဲသို့ အမြဲမပြတ် ထုတ်လွှတ်ပေးခြင်းအားဖြင့် လေထု၏ဖိအားကို မြင့်တက်စေပြီး လေထုအတွင်း အောက်ဆီဂျင်ဓာတ်ငွေ့၏ သိပ်သည်းဆကိုပါ မြင့်မားလာစေသလို ပတ်ဝန်းကျင်၏ အပူချိန်ကိုလည်း လျှော့ချပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့်ပင် နှစ်တို နှစ်လတ်နှင့် နှစ်ရှည်ပင်များ အများအပြားရှိနေသော မြို့တစ်မြို့သည် သစ်ပင် ပေါက်ရောက်မှု အလွန်နည်းသော မြို့များထက် အပူချိန် သုံးဒီဂရီ ဆဲလ်စီးယပ်စ်ခန့် အထိ လျော့ပါးသက်သာနိုင်သည်။
ထို့ကြောင့်ပင် ပူသောအရပ်ဒေသများ၌ သစ်ပင်ကြီးများကို အများအပြား စိုက်ပျိုးခြင်းအားဖြင့် အရွယ်ရောက် ကြီးထွားလာသည့်အခါ အပူဒဏ်ကို လျှော့ချပေးနိုင်သည့်အပြင် အရွယ်ရောက် ကြီးထွားပြီးသော သစ်ပင်တစ်ပင်သည် လူ ၁၈ ဦးစာအတွက် အောက်ဆီဂျင်ဓာတ်ငွေ့ကို လုံလောက်စွာ ထုတ်လွှတ်ပေးနိုင်စွမ်း ရှိလာသည်။
ထို့အပြင် အေးသောအရပ်ဒေသများ၌ အပင်ကြီးများ အများအပြား ရှိနေခြင်း အားဖြင့် လေအေးများတိုက်ခတ်ခြင်းကို ခုခံဟန့်တားပေးထားသောကြောင့် လွန်ကဲသောအအေးဒဏ်မှ ကောင်းစွာ အကာအကွယ်ရရှိသည့်အတွက် အပူပေးစက်များ တပ်ဆင်ရသော စရိတ်စက်ကို လျှော့ချပေးနိုင်သည်။
အပင်ခုတ်လှဲခံရသည့်တိုင်
သစ်ပင်တို့၏ ဇီဝယန္တရား လည်ပတ်မှုကြောင့် ပင်စည်နှင့် အကိုင်းအခက် စသည် တို့တွင် သိုလှောင်ထားသော ကာဗွန်များသည် အပင်ခုတ်လှဲခံရသည့်အခါ ကာဗွန် အချို့က ကာဗွန်ဒိုင်အောက်ဆိုက်များအဖြစ် လေထုထဲသို့ ထွက်သွားသည့်တိုင် ခုတ်လှဲခံရသော သစ်ပင်သည် ပရိဘောဂကဲ့သို့သော ဒြပ်ထုအသွင်ဖြင့် တည်ရှိနေ သရွေ့ ကာဗွန်အများစုကို ဆက်လက် သိုလှောင်ပေးထားဆဲပင် ဖြစ်သည်။
သို့ရာတွင် ထင်းအဖြစ် သို့မဟုတ် လောင်စာအဖြစ် အသုံးချခံရခြင်းမျိုးနှင့် မီးလောင်ခြင်းတို့ ဖြစ်ပေါ်ခဲ့လျှင်မူ သိုလှောင်ထားသမျှသော ကာဗွန်အားလုံးသည် ကာဗွန်ဒိုင်အောက်ဆိုက်များအဖြစ် လေထုထဲသို့ လျင်မြန်စွာ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
အလားတူပင် သစ်ပင်များကို ခုတ်လှဲဖြိုဖျက်သည့်အခါ ပင်စည် အောက်ခြေပိုင်းကို ချန်ထားခဲ့မည်ဆိုပါက အမြစ်မှတစ်ဆင့် မြေကြီးထဲ၌ သိုလှောင်ပေးထားသော အော်ဂဲနစ်ကာဗွန်များသည် လေထုထဲသို့ ရောက်ရှိမသွားနိုင်ပေ။ သို့ရာတွင် သစ်ပင်များကို ခုတ်လှဲဖြိုဖျက်သည့်အခါ လူတို့၏ လောဘဇောဖြင့် ပင်စည် အောက်ခြေနှင့်တကွ အမြစ်ကိုပါ တူးဆွဖော်ထုတ် ယူငင်သွားခဲ့လျှင်မူ မြေကြီးထဲရှိ အော်ဂဲနစ် ကာဗွန်များကလည်း ကာဗွန်ဒိုင်အောက်ဆိုက်များအဖြစ် လေထုထဲသို့ ရောက်ရှိ သွားလိမ့်မည် ဖြစ်သည်။
ကမ္ဘာကြီးကို ပူနွေးမှုဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အားလုံးကို အချိုးချကြည့်မည်ဆိုပါက အင်ဂျင်နှင့် စက်ယန္တရားများကြောင့် ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုက်မှာ ၈၀ ရာခိုင်နှုန်းရှိနေပြီး သစ်တောပြုန်းတီးခြင်း၊ သစ်ပင်သစ်တောများ မီးသင့်ခြင်းနှင့် ထင်းကို လောင်စာအဖြစ် အသုံးပြုခြင်း တို့ကြောင့် ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုက်က ၂၀ ရာခိုင်နှုန်းအထိ ရှိနေကြောင်း တွေ့ရှိကြရမည် ဖြစ်သည်။ ။
သိပ္ပံစာရေးဆရာကိုကိုအောင်


