၂၇ ဇွန်
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် ဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သော ကာယ၊ ဉာဏ အမှီပြုသည့် လုပ်ငန်းများစွာကို အကောင်အထည်ဖော်ဆောင်ရွက်ကြရလေ့ရှိပါသည်။ စာရင်းအင်းကိန်းဂဏန်း များကို အဖော်ပြုရသကဲ့သို့ မြေပြင်တိုးတက်မှုရှိရေး အချိန်နှင့်တစ်ပြေးညီ ဟန်ချက်ညီညီ ကြိုးစားခဲ့ကြရ သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် ခေတ်မီဖွံ့ဖြိုးသော နည်းပညာခေတ်ကို ဦးတည်နေသည့်တိုင် မြေပြင်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားမရှိပါက ကဏ္ဍအလိုက်ဦးဆောင်ဦးရွက်ပြုရမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဟူသော အရေးကြီးလုပ်ငန်းများ မှေးမှိန်သွားနိုင်ပေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေး၊ မွေးမြူရေး အခန်းကဏ္ဍကို ရေတို/ရေရှည်နည်းလမ်းမျိုးစုံ စဉ်ဆက်မပြတ် အသုံးပြုနိုင်မှသာလျှင် အလုံးစုံဖွံ့ဖြိုးရေးခရီး ပန်းတိုင်သို့ ချီတက်ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
စိုက်ပျိုးရေးကို အခြေပြု
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေပြုသည့်စိမ်းလန်းသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ရေခံမြေခံကောင်းလျက် စိုက်သမျှအောင်မြင်၊ အောင်မြင်သလောက် အကျိုးဖြစ်ထွန်းခွင့်လည်းရှိပါသည်။ စိုက်ပျိုး ထုတ်လုပ်မှုအခန်းကဏ္ဍများကို အစိုးရ၊ တောင်သူလယ်သမားကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါဝင်သော လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုအခြေခံကောင်းများဖြင့် စက်မှုလယ်ယာခေတ်ကို ဖော်ဆောင်နိုင်သည်။ အလားတူပင် က္ဘာ့မိတ်ဖက်အဖွဲ့အစည်း များဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာအရင်းအမြစ်များ ဆွေးနွေးဖလှယ်ပေါင်းစပ်ရယူဆောင်ရွက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပါသည်။
ထို့အပြင် နိုင်ငံ၏ပထဝီအနေအထားအရ အရှေ့တောင်အာရှနှင့် အနောက်အာရှနိုင်ငံများအကြား မဟာ ဗျူဟာမြောက် ပေါင်းကူးဗဟိုချက်သဖွယ် တည်ရှိနေခြင်း၊ မိတ်ဖက်နိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေး၊ သံခင်းတမန်ခင်းအရေးကိစ္စများစွာတွင် အကျိုးစီးပွားများ ဖြစ်ထွန်းနိုင်ခြေရှိခြင်းတို့ကြောင့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်(Bay of Bengal Initiative For Multi –Sectoral Technical and Economic Cooperation- BIMSTEC) အဖွဲ့တွင် ၁၉၉၇ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ခဲ့သည်။ ဘင်းမ်စတက်အဖွဲ့ကြီးတွင်ဘင်္ဂလားပင်လယ်အော် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ နီပေါ၊ ဘူတန်နှင့် ထိုင်းနိုင်ငံတို့ဖြင့် ပါဝင်ဖွဲ့စည်းထား ရှိသည်။
အဖွဲ့ကြီး၏ ရည်ရွယ်မျှော်မှန်းချက်
ဘင်းမ်စတက်အဖွဲ့ကြီး၏ ရည်ရွယ်မျှော်မှန်းချက်များကို လေ့လာကြည့်ပါက ဒေသတွင်းနိုင်ငံများအကြား စိုက်ပျိုးရေး၊ စွမ်းအင်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနည်းပညာ၊ ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း အစရှိသော လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြု ပတ်ဝန်းကျင်ကောင်းများဖန်တီးပေး လိုခြင်း၊ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့်တင်ပူးပေါင်းဆောင်ရွက်လိုခြင်း၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကဏ္ဍစုံအကျိုးပြုလုပ်ငန်းများ အပြန်အလှန်ပူးပေါင်းကူညီစေခြင်း၊ ပညာရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးသင်တန်းနှင့် သုတေသနအကူအညီများ အပြန်အလှန်ကူညီပံ့ပိုးပေးခြင်း၊ ပြည်သူလူထုအား လက်တွေ့အကျိုးဖြစ်ထွန်းစေသည့် အမျိုးသားအဆင့်စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်အဖွဲ့အင်အားဖြင့် အကျိုးပြုစီမံချက်များတွင် အတူတကွပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း လေ့လာသိရှိရသည်။
၁၉၉၇ ခုနှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့သော ဘင်းမ်စတက်အဖွဲ့ကြီးသည် ဒေသတွင်း ကဏ္ဍစုံအကျိုး ဖြစ်ထွန်းမည့် ဘုံစီမံကိန်းများ၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း စီမံကိန်းပူးပေါင်းဆောင်ရွက်မှု၊ အဖွဲ့ဝင်နိုင်ငံများအကြား အပြုသဘောဆောင်သော ညှိနှိုင်းအဖြေရှာခြင်းနည်းလမ်း များစွာအသုံးပြုလျက် အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးအရ ပိုမိုနီးကပ်စွာ ပေါင်းစည်းဆောင်ရွက်နိုင်ရေး သန္ဓေတည်ပေါက်ဖွား ရည်ရွယ်ချက်ကောင်းများဖြင့် တည်ထောင်ထားသည့် အဖွဲ့ကြီးဖြစ်ပါသည်။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့်ဘင်းမ်စတက် ဝန်ကြီးအဆင့်အထူးအစည်းအဝေးတွင် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအလိုက်(ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု(ဘင်္ဂလားဒေ့ရှ်)၊ ပို့ဆောင်ဆက်သွယ်ရေး(အိန္ဒိယ)၊ ခရီးသွားလုပ်ငန်း(အိန္ဒိယ)၊ စွမ်းအင်(မြန်မာ)၊ နည်းပညာ(သီရိလင်္ကာ)၊ ရေလုပ်ငန်း(ထိုင်း)၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး(နီပေါ)၊ စိုက်ပျိုးရေး(မြန်မာ)၊ ယဉ်ကျေးမှု(ဘူတန်)၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ(အိန္ဒိယ)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သဘာဝဘေးအ္တရာယ်ကာကွယ်ရေး(အိန္ဒိယ)၊ ပြည်သူကျန်းမာရေး(ထိုင်း)၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု(ထိုင်း)၊ ရာသီဥတုပြောင်းလဲမှု(ဘင်္ဂလားဒေ့ရှ်) ကဏ္ဍ ၁၄ ရပ်ကို ကဏ္ဍအလိုက်၊ နိုင်ငံအလိုက် ပြဋ္ဌာန်းသတ်မှတ်ထားရှိခဲ့သည်။
ဘင်းမ်စတက်၏ ကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်မှုသတ်မှတ်ခဲ့ရာတွင် မြန်မာနိုင်ငံသည်စွမ်းအင်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်ခွင့်ရရှိခဲ့သည်။ အလားတူပင် ဘင်းမ်စတက်၏ ကဏ္ဍနှစ်ခုအနက် တာဝန်ယူဆောင်ရွက်ရမည့်လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုအလေးထားလျက် နှစ်စဉ်ကျင်းပပြုလုပ်သည့်ဘင်းမ်စတက် လယ်ယာကဏ္ဍဆိုင်ရာအစည်းအဝေးများ (BIMSTEC Working Group on Agriculture – BIMSTEC WGA) တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မပျက်မကွက်တက်ကြွစွာပါဝင်တက်ရောက်ခဲ့သည်။
အလှည့်ကျလက်ခံကျင်းပ
ဘင်းမ်စတက်အဖွဲ့ကြီး၏ ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ ကဏ္ဍအလိုက်ဝန်ကြီးအဆင့်၊ အဆင့်မြင့်အရာရှိများနှင့် လုပ်ငန်းအဖွဲ့အစည်းအဝေးများကို အဖွဲ့ဝင်နိုင်ငံ အက္ခရာစဉ်အလိုက်အလှည့်ကျလက်ခံကျင်းပရန် သဘောတူညီမှုအရ မြန်မာနိုင်ငံသည် အလှည့်ကျ ပထမအကြိမ် စိုက်ပျိုးရေးကဏ္ဍ ဆိုင်ရာဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိများ အစည်း အဝေးများ ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ရန် အလှည့်ကျရောက်လာခဲ့ပြီဖြစ်ပါသည်။ အစည်းအဝေးကျင်းပရာတွင်ဒုတိယဝန်ကြီးများအဆင့်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ပထမနေ့တွင်ကျင်းပလေ့ရှိပြီး ဝန်ကြီးအဆင့် အစည်းအဝေးကိုဒုတိယနေ့တွင် ဆက်လက်ကျင်းပလေ့ရှိသည်။
မြန်မာနိုင်ငံ၏ ဘင်းမ်စတက်ဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ၂၀၁၄ ခုနှစ် မတ်လ ၄ ရက်နေ့ နေပြည်တော်တွင်အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ကောင်းလှပါသည်။ နားလည်မှုစာချွန်လွှာများ ရေးထိုးနိုင်ခြင်းမှတစ်ဆင့် ရရှိခဲ့သည့် အနှစ်သာရတစ်ခုကိုပြဆိုပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရုံးကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် ဘင်းမ်စတက်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း စနစ်ကျထိရောက်သော ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းဟူသော အကျိုးကျေးဇူးများ လည်း ရရှိခဲ့ပါသည်။
စိုက်ပျိုးရေးဆိုင်ရာရလဒ်ကောင်းများ
ထို့အတူ (၇)ကြိမ်မြောက် ဘင်းမ်စတက် စိုက်ပျိုးရေးပညာရှင်များအစည်းအဝေးကဲ့သို့ ဘင်းမ်စတက်လယ်ယာကဏ္ဍဆိုင်ရာအစည်းအဝေးများ ကျင်းပပြုလုပ်ပေးနိုင်ခြင်းဖြင့် စိုက်ပျိုးရေးဆိုင်ရာရလဒ်ကောင်းများ ပိုင်ဆိုင်ရရှိရေးဘက်သို့ ဦးတည်နိုင်ခဲ့ပြီ ဖြစ်သည်။ ဘုံစီမံကိန်း ခုနစ်ရပ်ကဲ့သို့ ကဏ္ဍအလိုက် ဦးဆောင်ညှိနှိုင်းရမည့်နိုင်ငံ၊ ဘုံစီမံကိန်းများ ကွဲပြားခြားနားသတ်မှတ်ပေးနိုင်သဖြင့် တာဝန်ယူဆောင်ရွက်ရမည့်ကဏ္ဍများမှာလည်း ပိုမိုပီပြင်လာခဲ့သည်။ ဘုံစီမံကိန်း ခုနစ်ခုတွင် လယ်ယာ ထွက်ကုန်များ၏ တန်ဖိုးကွင်းဆက် စီမံခန့်ခွဲမှုလုပ်ငန်းများ တွင် ပုဂ္ဂလိကကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်မှုစီမံကိန်း (မြန်မာ)၊ လယ်ယာစာရင်းအင်းနှင့် သတင်းအချက်အလက်ကွန်ရက်စနစ် ပိုမိုခိုင်မာရေးစီမံကိန်း(ဘင်္ဂလားဒေ့ရှ်)၊ ဘင်းမ်စတက် စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်ကောင်းများ ချမှတ်ကျင့်သုံးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး စီမံကိန်း(ထိုင်း)၊ ဇီဝအန္တရာယ်ကင်းရှင်းရေးအတွက်စိုက်ပျိုးရေး ဇီဝနည်းပညာကျင့်သုံးရေးဆိုင်ရာ စီမံကိန်း (အိန္ဒိယ)၊ နယ်စပ်ဖြတ်ကျော်ကူးစက်သည့် တိရ္ဆာန်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးစီမံကိန်း(အိန္ဒိယ)၊ ဘင်းမ်စတက်နိုင်ငံများအတွင်း မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း(အိန္ဒိယ)၊ လယ်ယာထွက်ကုန်များ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အ လုပ်ရုံဆွေးနွေးပွဲကျင်းပရေးစီမံကိန်း(ဘူတန်)များပါဝင်ကြောင်း လေ့လာ သိရှိရပါသည်။
ကဏ္ဍအလိုက် ဦးဆောင်နိုင်မည့်နိုင်ငံများ သတ်မှတ်ပေးခြင်းသည် ဘင်းမ်စတက်၏ ထူးခြားချက်ပင် ဖြစ်ပါ သည်။ ဦးဆောင်နိုင်ငံ၏ ထိရောက်သော လုပ်ဆောင်ချက်များမှတစ်ဆင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအသွင်ကိုဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုများမှာလည်း ပိုမိုလျင်မြန်လာနိုင်သည်။ စွမ်းဆောင်နိုင်မှုအဖြစ် ကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ကျွမ်းကျင်သူ အစည်းအဝေးများပြုလုပ်ပေးနိုင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ ရေးဆွဲနိုင်မည့်အပြင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများ ပိုမိုရုပ်လုံးြွကလာမည် ဖြစ်ပါသည်။
နိုင်ငံတော် တိုးတက်ပြောင်းလဲမှုသည် ပြည်သူလူထုကို အမြဲတစေ ဗဟိုပြုလျက်ရှိပါသည်။ ရေရှည်တည်တံ့သည့် စီမံကိန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများသည် လူသားအကျိုးပြုမှုကို တိုက်ရိုက်အချိုးချ လျက်ရှိသည်။ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေးသည် သက်ရှိတို့အတွက် မရှိမဖြစ်လိုအပ်ချက်များ ဖြစ်သည်။ နှစ်စဉ်တိုးတက်နေသည့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးအညွှန်းကိန်းများအတွက် အထောက်အကူပြုနေမည့် အရေးအကြီးဆုံးကဏ္ဍမှာ စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ ဖြစ်ပါသည်။ ရေရှည်တည်တံ့သော စိုက်ပျိုးရေး ထုတ်ကုန်များ စဉ်ဆက်မပြတ် ထုတ်လုပ်ရန်လိုအပ်သကဲ့သို့ ရာ သီဥတုပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးနည်းစနစ်ကောင်းများရရှိရန်လည်း လိုအပ်ပါသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးခေတ်မီ လယ်ယာသုံးစက်ကိရိယာများ၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေရရှိရေးတို့မှာ လယ်ယာကဏ္ဍ၏ အလိုအပ်ဆုံးအရင်းအမြစ်များ ဖြစ်ပါသည်။ အဆိုပါလိုအပ်ချက်များအနက် မျက်ခြည်မပြတ်လေ့လာသင်ယူရမည့် ခေတ်မီလယ်ယာသုံးစက်ကိရိယာ များကိုင်တွယ်မောင်းနှင်ခြင်း၊ ပြင်ဆင်အသုံးပြုနည်းများ မှာလည်း လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် တစ်နည်း တစ်ဖုံ ဆက်စပ်လျက်ရှိသည်။ ထို့အပြင် တောင်သူလယ်သမားစိတ်ဓာတ်များ မြှင့်တင်ပေးရေး၊ စိုက်ပျိုးစရိတ်ချေးငွေရရှိရေး၊ သီးနှံဈေးကွက်ဖော်ဆောင်ရေး၊ သီးနှံများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး သီးနှံသိုလှောင်အအေးခန်းများ တည်ဆောက်ခြင်းလုပ်ငန်းများကို အစိုးရ၊ ပုဂ္ဂလိက အခန်းကဏ္ဍများမှ ဖော်ဆောင်ပေးရန်လိုအပ်သည်။ သို့မှသာ တောင်သူလုပ်ငန်းစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ခြင်းနှင့်အတူ စားနပ်ရိက္ခာဖူလုံရေးလိုအပ်ချက်များပြည့်မီလျက် လယ်ယာတစ်ခေတ် ရွှေခေတ်သို့ရောက်ရှိနိုင်မည်ဖြစ်ပါသည်။
စိုက်ပျိုးရေးကဏ္ဍ ဦးဆောင်နိုင်ငံ
စိုက်ပျိုးရေးအခြေပြု တည်ငြိမ်အေးချမ်းသော နိုင်ငံတစ်နိုင်ငံဟုဆိုရမည့် မြန်မာနိုင်ငံသည် ဘင်းမ်စတက်အဖွဲ့ကြီး၏ စိုက်ပျိုးရေးကဏ္ဍ ဦးဆောင်နိုင်ငံအဖြစ်ရပ်တည်ခွင့်ရခဲ့ခြင်းမှာ သဘာဝကျလှပါသည်။ ပထမ အကြိမ် ဘင်းမ်စတက်စိုက်ပျိုးရေးကျွမ်းကျင်သူများ အစည်းအဝေးကို ၂၀ဝ၇ ခုနှစ် မတ်လ ၁၅ ရက်၊ ၁၆ ရက်နေ့တို့တွင်နေပြည်တော်၌ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စိုက်ပျိုးရေးစီမံကိန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် ဘဏ္ဍာငွေရှာဖွေဖော်ထုတ်ရေး ဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါသည်။ ဘင်းမ်စတက်နှင့် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအပိုင်းများမှာ အပြုသဘောဆောင်လျက် ဟန်ချက်ညီလွန်းလှပါသည်။
ပထမအကြိမ် ကျင်းပပြုလုပ်မည့် ဘင်းမ်စတက်စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးနှင့်အဆင့်မြင့်အရာရှိများ အစည်းအဝေး၏ အဓိကဆိုလိုရင်းမှာ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး အတွက်ရာ သီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးမှတစ်ဆင့် လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးသာယာဝပြောစေရေး "Farming for Prosperity through Sustainable Agri-culture, Building Resilience For Food Security and Nutrition"ဖြစ်ပါသည်။ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများအနေ ဖြင့် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ (Way Forward on BIMSTEC Agricultural Cooperation) ချမှတ်နိုင်လိမ့်မည်ဟုမျှော်မှန်းယုံကြည်ရပါသည်။ မိမိနိုင်ငံဘက်မှလည်း ဘင်းမ်စတက်စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန်နည်းလမ်းများ၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုနှင့်ဆက်စပ်နေသည့် ဘုံစီမံကိန်း ခုနစ်ခု၏ တိုးတက်မှုအခြေ အနေများနှင့် ဒေသတွင်း စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံများ မျှဝေခြင်းအစီအစဉ်များဖြင့်ဇူလိုင်လအတွင်း ကျင်းပပြုလုပ်မည့် ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများအစည်းအဝေးသည် အနာဂတ်ဘင်းမ်စတက်နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်မှုနှင့်စားနပ်ရိက္ခာဖူလုံရေးပန်းတိုင်ဆီသို့ချီတက်ရာ အင်အား တစ်ရပ်သဖွယ်ဖြစ်ပါကြောင်း ကြိုဆိုဂုဏ်ပြုရေးသား လိုက်ရပါသည်။
ထက်ဝေအောင်(စစ်ကိုင်း)


