မန္တလေး ၂၇ ဇွန်


    
မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံး၏ စီစဉ်ပေးမှုနဲ့ ဇွန်လ ၁၂ ရက်ကနေ ဇွန်လ ၁၉ ရက်အထိ တရုတ် - မြန်မာချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာမီဒီယာသမား ၁၂ ဦးကို ဖိတ်ကြားခဲ့ပါတယ်။  ၈ ရက်ကြာလည်ပတ်ခဲ့ရတဲ့ ခရီးစဉ်မှာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတွေကို လေ့လာခဲ့ရပါတယ်။


    
လေ့လာစရာတွေအများကြီးထဲက တရုတ်နိုင်ငံမှာ ယူနက်စကိုဝင်ခဲ့တဲ့ အနောက်ရေကန်ကို အကြောင်းကို ဖော်ပြလိုပါတယ်။ အနောက်ရေကန်ကို ဇွန်လ ၁၆ ရက်မှာ သွားရောက် လေ့လာခဲ့ကြပါတယ်။


    
အနောက်ရေကန်(West Lake) ကိုရောက်စဉ်မှာ မိုးအနည်းငယ်အုံနေပါတယ်။ ကန်ပတ်လမ်းတစ်လျှောက်မှာ ခရီးသွားတွေ အများအပြားလာရောက် လည်ပတ်တာတွေ့ရတယ်။ များသောအားဖြင့် ဒေသခံတရုတ်လူမျိုးတွေကို အများဆုံးတွေ့ရပြီး၊ ပြည်ပခရီးသွားအချို့ လာရောက်လည်ပတ်တာကိုလည်း တွေ့ရတယ်။


    
အနောက်ရေကန်ကို ရောက်ပြီဆိုတာနဲ့ ကန်ထဲကို လည်ပတ်တဲ့ မော်တော်တစ်စီးက အသင့်စောင့်နေပါတယ်။ မော်တော်ဝမ်းဗိုက်နေရာမှာ  မှန်တွေနဲ့အလုံပိတ်ထားပြီး အဲယားကွန်းဖွင့်ပေးထားပါတယ်။  ဒေသခံတွေကတော့ လှေစီးတယ်လို့ပဲခေါ်ကြတယ်။ 

 

ကန်ထဲမှာ လေ့လာတဲ့ လှေအမျိုးအစား သုံးမျိုးလောက်ရှိတာတွေ့ခဲ့ရတယ်။ ကျွန်မတို့စီးခဲ့တဲ့ လှေက အလတ်စားဖြစ်မယ်ထင်ပါတယ်။ လက်နဲ့လှော် လေ့လာတဲ့လှေတွေရှိသလို၊ နဂါးရုပ်ပုံတွေနဲ့ တရုတ်ရိုးရာ နှစ်ထပ်လှေ အကြီးစားကြီးတွေကိုလည်းတွေ့ရပါတယ်။


    
လှေစီးပြီးလေ့လာတဲ့ ခရီးသည်တစ်ဦးအတွက် တရုတ်ယွမ် ၅၀ ပေးရပြီး၊ ကျွန်မတို့စီးခဲ့တဲ့ အလတ်စားလှေ တစ်စီးကို ယွမ် ၂၀ဝ၀ နဲ့ ငှားရမ်းရတယ်လို့သိရပါတယ်။ ကန်ပတ်ပတ် လည်ဟာကျယ်ဝန်းလှတဲ့တဲ့အတွက် ကန်တစ်ပတ်ပြည့်အောင် လည်ပတ်ဖို့ဆိုရင် စက်ဘီး၊ ဘတ္တရီကားတွေနဲ့ လည်ပတ်နိုင်ပါတယ်။


    
အနောက်ရေကန် (West Lake) ဟာ တရုတ်နိုင်ငံရဲ့ ပင်လယ်ကမ်းခြေမြို့တစ်ခုဖြစ်တဲ့ ဟန်ကျိုးမြို့ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိပါတယ်။ ဧရိယာ အကျယ်အဝန်း ၆ ဒသမ ၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ ကန်ရဲ့ပတ်ပတ်လည်မှာ တောင်တန်းတွေဝန်းရံထားပါတယ်။


    
သည်ကန်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ သဘာဝရေကန်ကြီးဖြစ်ပါတယ်။ ရှေးယခင်က တရုတ်လူမျိုးတွေ ဖန်တီးထားတဲ့အလှ၊ သဘာဝအလှတွေ ပေါင်းစပ်တဲ့အလှ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ လှပနေတဲ့ ကန်ကြီးဟာ ဟန်ကျိုးဒေသခံတွေရဲ့ အသည်းနှလုံးတစ်ခု လည်းဖြစ်ပါတယ်။

 

သဘာဝအလှတွေနဲ့ သမိုင်းဝင်ရှေးဟောင်းနေရာတစ်ခုအဖြစ်လည်း ကျော်ကြားခဲ့တဲ့ အနောက်ရေကန်ဟာ ၂၀၁၁ ခုနှစ်မှာ ယူနက်စကို ဝင်ခဲ့ပါတယ်။

 

၉၀၇ ခုနှစ်မှ ၉၆၀ ခုနှစ်အတွင်း စိုးစံခဲ့တဲ့ ဟန်ကျိုးမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတစ်လျှောက်မှာ အထင်ရှားဆုံးဖြစ်တဲ့ ဝူရဲ့ မင်းဆက်(Wuyue) ဟာ စေတီပုထိုး၊ ဘုရောင်းကျောင်းတို့ကိုလည်း တည်ထားခဲ့သည်။ သူ့ခေတ်ကာလမှာ အနောက်ရေကန်ကို ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံရဲ့ ခေတ်အဆက်ဆက်က ဘုရင်တွေဟာ အပမ်းဖြေဖို့အတွက် အနောက်ရေကန်ကို လာရောက်လည်ပတ်လေ့ရှိတယ်လို့ သိရပါတယ်။

 

အနောက်ရေကန်ရဲ့အလယ်မှာ ရေအနက်ကို အမှတ်အသားပြတဲ့ တိုင်သုံးခုရှိပါတယ်။ ရှေးအခါက တရုတ်စာပေပညာရှင်တွေ၊ ကဗျာဆရာတွေဟာ ရေပြင်ပေါ်မှကျရောက်တဲ့ လရိပ်နဲ့ ရေအနက်ပြအမှတ်အသား သုံးခုဆီကို လှေဖြင့်လာရောက်ပြီး ကန်ကြီးရဲ့အလှအပတွေကို ခံစားရေးဖွဲ့ကြတယ်။ ကောင်းကင်မှာထွန်းလင်းနေတဲ့ လမင်း၊ ရေပြင်မှာ ထင်ဟပ်နေတဲ့လရိပ်၊ ရေအမှတ်သားပြတိုင်တွေထဲမှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီးရောင်ကြောင့် ထင်ဟပ်နေတဲ့ လရိပ် လသုံးစင်းကို တပြိုင်တည်းမြင်ရတယ်ဆိုပြီး ကဗျာဆရာတွေက စပ်ဆိုကြတယ်လို့ သိရပါတယ်။

 

ယခုအခါ အနောက်ရေကန်ရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခုဟာလည်း ရေအမှတ်သားပြ တိုင်သုံးခုလည်းပါဝင်ပါတယ်။ ဒါကြောင့် ထင်ရှားတဲ့အထိမ်းအမှတ်အဖြစ် တရုတ်ငွေစက္ကူ တစ်ယွမ်ပေါ်မှာ မှတ်တမ်းတင်ဖော် ပြကြပါတယ်။ 

 

အနောက်ရေကန်ရဲ့ ကန်ပတ်လမ်းတလျှောက်မှာ အမှိုက်တွေမတွေ့ရသလို စည်းကမ်းမဲ့ရောင်းချတဲ့ ဈေးသည်တွေကိုလည်း မတွေ့ရပါဘူး။ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ စားသောက်ဆိုင်တွေကို ကန်ရဲ့ အပြင်ဘက်က လမ်းမပေါ်မှာ စနစ်တကျရောင်းချတာတွေ့ရတယ်။

 

အမှတ်တရပစ္စည်းအရောင်းဆိုင်တွေရဲ့ လမ်းတစ်ဖက်မှာတော့ စားသောက်ဆိုင်တန်း တွေရှိတယ်။ လမ်းဖြတ်ကူးဖို့အတွက် မြောက်အောက်လမ်း ဖောက်လုပ်ပေးထားတယ်။ ကန်ကိုလည်ပတ်ပြီးလို့ နေ့လယ်စာစားသုံးဖို့အတွက် မြေအောက်လမ်းကနေ လမ်းကူးခဲ့ရပါတယ်။

 

သူတို့ဆီမှာ အတုယူစရာကောင်းတာက အငြိမ်းစားဝန်ထမ်းတွေဟာ ဒီအနောက်ရေကန်မှာ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကန်ကြီးသာယာလှပရေးအတွက် သန့်ရှင်းတွေဆောင်ရွက်ပေးနေ တွေ့ရှိရခြင်းပဲဖြစ်ပါတယ်။ 

 

တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ခရီးစဉ်မှာ တွေ့ရတာက ပြည့်သူ့ဝန်ဆောင်မှုရုံး၊ ပြတိုက် စတဲ့ အများပြည်သူနဲ့ ဆက်ဆံရတဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်းတွေက ကူညီဆောင်ရွက်ပေးတာကို တွေ့ခဲ့ရပါတယ်။

 

အိမို့မို့ခိုင် 

 

(တရုတ်နိုင်ငံက အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ဘယ်လို ဆောင်ရွက်နေလဲဆိုတာကို နောက်ထပ်ဆောင်းပါမှာ ဆက်လက်ဖော်ပြပေးပါမယ်။)