မင်းသုဝဏ်

(ဇူလိုင် ၆ ရက်မှအဆက်)

 

စာနှင့်ပေနှင့် လောကုတ္တရာကိစ္စများနှင့်ဆိုင်သည့် စကားဝှက်တို့ကို ပဥှာ၊ ပြဿနာ စသည်ဖြင့် ခေါ်ကြ သော်လည်း အရပ်ထဲတွင် အပျော်အပါးစကားဖြစ်ရုံ ဝှက်ကြသည်တို့ကိုကား စကားထာဟု ခေါ်ကြသည်။ စကားထာတို့သည် လူမျိုးတစ်ခု၊ ကျက်စားကျင်လည် မှုတစ်ခု၏စရိုက်တို့ကို ဖော်ပြတတ်သော သတ္တိရှိသဖြင့် လူ့သမိုင်းတွင် အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ 

 

သို့သော်လည်း များသောအားဖြင့်တော့ ပညာရှင်တို့က အလေးမထား၊ အများပြည်သူတို့က လည်း ပေါ့ပေါ့ပင် မှတ်ကြသဖြင့် စကားထာများကို အက္ခရာမတင်ကြ။ နှုတ်ဖြင့်သာလျှင် အမျိုးတစ်ဆက်မှ တစ်ဆက်သို့ ကမ်းကြသည်။ သို့ဖြင့် လမ်းတွင် ကျပျောက်ခဲ့သည်တို့ များစွာရှိပေမည်။ နှမြောဖို့ များစွာကောင်းပါသည်။ ထို့ကြောင့် တစ်ခါက ကျွန်ုပ် သည် စကားထာများကို အရပ်ရပ်မှ တောင်းယူ စုဆောင်း၍ ဆောင်းပါးစာတမ်းများ ရေးခဲ့ဖူးပါသည်။ မြန်မာလို၊ အင်္ဂလိပ်လို နှစ်မျိုးပင် ရေးခဲ့ဖူးပါသည်။ သို့သော်လည်း ပြီးပြည့်စုံသည် မဟုတ်ပါ။ အရပ်တိုင်းက ပညာရှင်များ မေးကြမြန်းကြ ရှာဖွေမှတ်တမ်းတင်ကြမှ သာလျှင် ဘိုးမွေဘမွေ အဖိုးတန်ပစ္စည်းတစ်ရပ် ကျန်ရစ်ခဲ့ပါလိမ့်မည်။

 

ယခု ရှမ်းပြည်နယ် ရပ်စောက်မြို့ ဦးသိန်းသန်း ထွန်းက ဓနုအမျိုးသားတို့၏ စကားထာအချို့ကို စုဆောင်းပေးပို့လိုက်၍ ဖတ်ရသည်။ ယင်းတို့သည် ကာလသားများ ညဦးချိန်အပျိုအိမ်သို့သွား၍ လူပျို လှည့်ရင်း ဝှက်ကြဖြေကြပန်းပေးကြသော စကားထာ များဖြစ်သည်ဟု သိရပါသည်။ အချို့ကျေးလက် ရွာငယ်တို့တွင် ယနေ့ထိအောင် သည်အလေ့အထရှိ သေးသည်ဟုဆိုပါသည်။
ဓနုစကားထာများကို လေ့လာကြည့်သောအခါ အကြောင်းအရာနှစ်ရပ်တွင် ဆင်တူရိုးမှား အချက် ကလေးများကို တွေ့လျှင် ယင်းအချက်ကလေးများကို နိမိတ်ပြကာ စကားထာလုပ်ကြသည်ကို သတိပြုမိပါ သည်။ ကျွန်ုပ်တို့၏ မြန်မာစကားထာများနှင့် သဘောတူပါသည်။ 
ယင်းတို့ကို အောက်တွင်ပြလိုက်ပါသည်။ ဆင်ခြင်ကြပါ။

 

(၁)
တို့ဖိုး ကြိုးတစ်ချောင်း
မြင်းကောင်းလိုက်လို့မမီ။ (လမ်း)

 

(၂)
အပေါ်မည်း၊ အထဲဝါ- 
စားလို့ကောင်းတဲ့နတ်ဩဇာ။(ပျားအုံ)

 

(၃) 
ကြက်ဖနီနီ၊စားကျက်ချဲ့(မီး)

 

(၄)
သွားလျှင် တံတွေး။

ဓနုလျှင် တပု။(ပျားကောင်များ)

တပုဆိုသည်မှာ ဓနုစကား။ တစုဟု ဆိုလိုပါသည်။ ဓနုအမျိုးသားတို့မှာ တောင်ကမ်းပါး၊ သစ်ပင်ကြီးတို့တွင် စွဲသော ပျားကောင်များနှင့် နီးစပ်သဖြင့် ဤစကားထာ ဖြစ်ပေါ်နိုင်ပါသည်။

 

(၅)
မင်းကြီး ဆီးဖူး
မြေနီလူး။(ငှက်ပျောဖူး)

 

(၆)
နတ်သမီး ချည်ထုံး၊ အစလုံး၊
ဘယ်ပုံလုပ်မှ၊ ရှာမရ။(ကြက်ဥ)

 

(၇)
မင်းကြီးအိမ်အောက်၊ ကြက်အမောက်
နီကနဲ နီကနဲ။ (အိမ်ပေါ်ထပ်မှ အိမ်အောက်သို့ ကွမ်းသွေးထွေးချပုံ)

 

(၈)
ညီအစ်ကို သုံးယောက်
ခမောက် တစ်ချပ်တည်း ဆောင်း။
(ဖိုခနောက်သုံးလုံးနှင့် အိုးခင်းတစ်ချပ်)

 

(၉)
အိမ်ကြီးထဲရောက်
အိမ်ငယ်ဆောက်။
(မီးဖိုဆောင်ထဲက ကျပ်ခိုးစင်)

 

(၁၀)
အိမ်တိုင်း အိမ်တိုင်း
သဝေထိုး။
(သက်ငယ်ပျစ်ကို ချည်တုပ်ရသောနှီး၏ အစနှစ်စကို တွဲ၍ ကြက်ချေးစုကလေးပမာ ရစ်လိုက်သောအခါ ပေါ်လာသည့် သဝေထိုးပုံ။)

 

(၁၁)
ငါးယောက်က ဆယ်၊
သုံးဆယ်က နင်း၊
ရေတွင်း အလယ်ကျ။
(လက်ငါးချောင်းက စားစရာကိုယူ၊ သွားသုံးဆယ် ရှိသည့် ပါးစပ်ထဲထည့်၊ ရေတွင်းနှင့်တူသည့် လည်ချောင်းထဲချ)

 

(၁၂)
ကြုတ်ထဲ ကြွပြေည့်
ဖွင့်မှ တွေ့။(ခံတွင်းထဲက သွားများ)

 

(၁၃)
မဆိုးဘဲနဲ့ နီ၊ 
မစီဘဲနဲ့ လှ( သလဲသီးမှည့်)

 

(၁၄)
ငယ်ခါတီတိုင်း ဝတ်၊
ကြီးခါတီတိုင်းချွတ်(ဝါးပင်)
တီတိုင်းဆိုသည်မှာ သင်တိုင်းဖြစ်သည်။ ဝါးပင်ကို ငယ်စဉ်က ဝါးဖတ်များ ဖုံးအုပ်ထားသည်။ ကြီးသော အခါ ဝါးဖတ်များကွာသွားသည်။

 

(၁၅)
မင်းကြီး အိမ်အောက်
ခွက်ဆိုး မှောက်။(ကျွဲချေးပုံ)

 

(၁၆)
နွားမတစ်အုပ်
တိုင်မှာတုပ်။(အသီးတွေပြွတ်နေသော သင်္ဘောပင်)
ခုတ်လို့မပြတ်၊ 
သတ်လို့မသေ။(ရေ)

 

ဤစကားထာတို့သည်ကား အချိတ်အစောင်း အရိပ် အဝှိုက်မပါသော စကားထာရိုးရိုးတို့ ဖြစ်ပါသည်။ လူပျို လှည့် စကားထာအသံ မပါပါ။ ကလေးသူငယ်များလည်း ဝှက်ကြပါလိမ့်မည်။ ပုံပန်းသ္ဌာန်အမူအရာ သဘာဝ ဓလေ့လေးများ တူယောင်ယိုးမှားရှိသည်ကို အားကိုး၍ ဝှက်ဆိုသော စကားထာများဖြစ်ပါသည်။ လူပျိုလှည့်သံပါ၍ အသံနေ အသံထား တူယောင်ယိုးမှားရှိသည်ကို အားကိုး ကာ ဝှက်သောစကားထာမျိုး ရှိပါသေးသည်။ ဥပမာ ကျွန်းတုံးကြောင်လျှောက်ဟု ဝှက်လျှင် လွမ်းတုန်းမောင် ရောက်ဟု နားလည်ရပါသည်။ ဓနုစကားထာ အလှလေး များကို ကြည့်ပါဦး။ စကားထာနောက်ကွယ်က သိဂ¯ရ ရသအကွက်ကလေးများကို တွေးပါဦး။ ကာလသားနှင့် ကာလသမီးတို့ ညအမှောင်ရိပ်တွင် ကျီစားကြ၊ နောက်ပြောင်ကြ၊ ခနဲ့ကြသည်ကို နားထောင်ကြည့်ပါဦး။ ထို့နောက် သူတို့၏ ရိုးမြေပြာကျ ခင်မင်ရင်းနှီးကာ သားမြေး မွေးမြူသည်ကို လှမ်းမျှော်ကြည့်ပါဘိဦး။

 

(၁)
ကျူပင် ကျူရွက်၊ ကျူလက်ယှက်။
ကျူရွက်ပြောင်းပြန်၊ ကျူထရံ-တဲ့။
ဤစကားကို ဖြေနိုင်ဖို့ရန် မလွယ်ကူပါ။ သို့သော်လည်း ထိုဒေသ၊ ထိုကာလ၊ ထိုအခိုက်အတန့် ၊ ထိုအခြေအနေနှင့် တိုက်ဆိုင်၍ ကြည့်လိုက်လျှင်ကား အပျိုအိမ်ကို ရှက်ကိုး ရှက်ကန်းလာသော ဂျာရစ်ကလေးနှင့် မောင်ရှင်လူထွက် မှာ နားလည်မည်အမှန်ဖြစ်ပါသည်။ ဘယ်လိုနားလည် မည်လဲ။
ကိုရင် လူထွက်၊ အနေခက်၊
အိမ်ထက်မတန်၊ ဆင်းလို့ပြန်-တဲ့

 

(၂)
ယွန်းတုံး ခလောက်ဆွဲ
တွဲလဲခို-တဲ့။
ယွန်းတုံးဆိုသည်မှာ တံခါးမင်းတုပ် ဖြစ်ပါသည်။ ခလောက်ဆွဲဆိုသည်မှာ ခလောက်ဆွဲထားသော အိမ်ရှေ့ကြမ်းပြင် ဖြစ်ပါသည်။ သံဆင်ကြောင်းကွဲ နားလည်ရသည်မှာကား လွမ်းတုန်းတစ်ယောက်တည်း ပဲပေါ့ အစ်ကို-တဲ့။

 

(၃)
ထနောင်းပင်ပျို
နေမထိုးလို့ မိုးမယို
အတူခိုလို့ မကောင်းလော-တဲ့။
မယ်လည်း အပျို၊ မောင်အပျို
အတူနေဖို့ မကောင်းလော-တဲ့။
ဤစကားထာကို မောင်က ဝှက်သလား။ မယ်က ဝှက်သလား။ စဉ်းစားစရာ၊ ဓနုများက (လား)အစား (လော) ကို အမေးပစ္စည်းအဖြစ်သုံးသည်ဟု သိရပါသည်။

 

(၄)
ဂနိုင် ထင်းထား၊ရေမဲသား
ထင်းထား လိမ်ဖယ် ၊ဆောက်ခဲ့တယ်။
ဤစကားကို နားလည်ဖို့လွယ်လှမည် မဟုတ်ပါ။ ဂနိုင်ကို ကျွန်ုပ်တို့က ပေါရာဏစကားဟု သတ်မှတ်ထား ပါသည်။ မွန်တို့က သူတို့ အဘိဓာန်တွင် ထည့်ထားကြ ပါသည်။ သို့သော်လည်း ဓနုတို့က ယင်းစကားထာကို အရပ်ထဲတွင် အသုံးပြုနေသည်ဟု သိရပါသည်။ ထင်းထားဆိုသည်မှာ တံတား(တန်တား)ဖြစ်ပါသည်။ ရေမဲပင်ဆိုသည်မှာ မိုးမခပင်ဖြစ်ပါသည်။ ဤအမေး စကားထာထဲတွင် မနှစ်သက်ပုံ အရိပ်နိမိတ်များ ပါဝင် နေသည်ကို သတိပြုပါ။
ရေမဲပင်ကို ဓနုတို့ မည်သို့သဘောထားသည်ကို သိရလျှင် အဓိပ္ပာယ်ကို ပို၍နားလည်နိုင်ပါမည်။
ကိုရင့်စကား၊ တစ်ခွန်းကြား
နားကြား ခက်တယ်၊ အစ်ကိုရယ်- တဲ့။

 

(၅)
အာမဲ အာမဲ၊ ပန်းအာမဲ၊ 
ပိတုန်း ဖိုမ၊ စုပ်နေကျ၊
ခါတိုင်း စုပ်လည်း၊ မစုပ်ပဲ- တဲ့။
လာမြဲ လာမြဲ၊ မလာပဲ၊
ခုတုန်း ခါမှ၊ မလာပေါ့၊
ဘာလုပ်နေလဲ၊ ဘာလုပ်လဲ။
အမေးအဝှက် စကားထဲတွင် ရိပ်ဝှဲ့ပြောဆိုသော အနက်အဓိပ္ပာယ်များ ပါနေပါသည်။ ထင်းထင်းကြီး လည်း ဖော်မပြ။ လုံးလုံးလည်း ဝှက်မထား။ သဲလွန်စ လေးနှင့် ဆွဲခေါ်ထားပါသည်။

 

(၆)
တောင်ပို့ရှိရာ၊ ခါပဲ့လာ၊
ခါစာ တကုတ်ကုတ်- တဲ့၊
မယ်တို့ရှိရာ မောင်တို့လာ၊ 
မျက်နှာ တပုပ်ပုပ်။
မျက်နှာ တပုပ်ပုပ်ဆိုသည်မှာ လက်ခံစကားပြော မည့် မိန်းကလေးနှင့် ဆိုင်သလား။ အမိ၊ အဖအုပ်ထိန်း သူများနှင့် ဆိုင်သလား။ ဓနုအမျိုးသားတို့၏ ယဉ်ကျေး မှုထုံးတမ်းအစဉ်အလာနှင့် ညှိနှိုင်းယူရမည် ထင်ပါ သည်။ ခါစာတကုတ်ကုတ်ဆိုသည်ကို နည်းမလည်ပါ။ ခါပဲ့ဆိုသည်မှာ ဓနုစကား။ ခါငယ်ကလေး ဆိုလိုသည်။

 

(၇) 
ရွှေကြာအင်း၊ ဝင်းဝါဝါ
ရွှေကြာ ကြက်ဥ မကွဲလော- တဲ့။
မယ်တို့အိမ်မှာ၊ တို့မောင်လာ
မယ်တို့မိဖ မဆဲလော။
ဆဲဆိုသည်မှာ ဆူသည်။ အပြစ်ဆိုသည်။ ကြိမ်းမောင်းသည်ဟု အဓိပ္ပာယ်ရှိမည် ထင်ပါသည်။ အမေလေး စိတ်မတူ၊ ဆူဘူးလား မေး။ သိချင်ရင် အိမ်တောင်က နားထောင်ပါ့လေး ဆိုသော ကျေးလက် တေးသဘောမျိုး ဖြစ်ပါလိမ့်မည်။

 

(၈)
ဘူးမခိုင် ကြိမ်နှင့်တွဲ၊
ဘူးကွဲ ရေစက်၊ ယိုလျက်ပါ့- တဲ့။
ဘူးဆိုသည်မှာ ရေထည့်ရသော ဘူးခါးသီးဖြစ်ပါ သည်။ ဘူးခါးသီး ကြာကြာခံအောင် ကြိမ်နှီးနှင့် ခက်ထားရပါသည်။ ဘူးလည် ပြတ် တစ်မြူဝင်၊ နွားကန် တွင် ဖလံလျှော်နှင့် သောက်တော်ရေ ထမ်းခဲ့ရသည် လေးဆိုသည့် သဘောဖြစ်ပါသည်။ သံယောင်လိုက်၍ နားမလည်ရသော အဓိပ္ပာယ်မှာကား-
မိုးရေမရွှဲ၊ မယ် မဆဲ၊
ဝမ်းနည်းမျက်ရည်၊ ငိုလျက်ပါ။
အဝှက်စကားနှင့် အဖြေစကား နှစ်ရပ်လုံးတွင် ရေစက်နှင့် မျက်ရည်ပါနေပါသည်။ ယင်းတို့မှာ ကွင်းဆက်နိမိတ်များဖြစ်ပါလိမ့်မည်။

 

(၉)
ငှက်ပျောပင်ငယ်၊ ပင်သုံးဆယ်
ပင်ငယ် ငှက်ပျော၊ အမှည့်စော- တဲ့။
သမီး နုနယ်၊ အိုတော့မယ်
ဘယ်လလေလော၊ ခုလလော။
ဤမျှဖြင့် ချစ်ဖွယ်ကောင်းသော ဓနုအမျိုးသမီး၊ အမျိုးသား၊ လုံမပျိုနှင့်လုလင်ပျိုတို့ စကားစမြည်ပြော ကာ ချစ်တင်းဆိုကြသည်ကို အကောင်းဘက်၊ အဆိုး ဘက် ယှဉ်တွဲ၍ သိလိုက်ရပါသည်။ သို့သော်လည်း နောက်ဆုံးတွင်ကား ဘယ်လလေလော၊ ခုလလော ဆိုသော မင်္ဂလာစကားဖြင့် သူတို့ဇာတ်ကို အဆုံးသတ် ပါသတည်း။