ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခုတလော လူတကာနှုတ်ဖျားမှာ ခေတ်စားနေတာက ဆင်တုပ်ကွေးလို့ခေါ်တဲ့ (Chikungunya) ပါ။ ဒီတုပ်ကွေးကို နာမည်သာကြားဖူးနေတယ်၊ ဘာရယ်လို့ သေသေချာချာမသိဘူး ဆိုပြီးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

ဆင်တုပ်ကွေးနဲ့ပတ်သက်လို့ ဒါတွေကို ဇဝေဇဝါဖြစ်နေလား
ဆင်တုပ်ကွေးက အခုတလောတော်တော်များများ ဖြစ်နေကြတာပါ။ ခြင်ကနေတဆင့်ဖြစ်တဲ့ရောဂါပေါ့။

ကာကွယ်ဆေးထိုးထားရင် ဆင်တုပ်ကွေးမဖြစ်တော့ဘူးမှတ်လား……..

ကာကွယ်ဆေးက ရာသီတုပ်ကွေးကိုပဲကာကွယ်နိုင်တာပါ။ ဆင်တုပ်ကွေးရောဂါပိုးကို မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေး ထိုးထားတာပဲဆိုပြီး ခပ်ပေါ့ပေါ့မနေစေချင်ပါဘူး။

လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်လား……..

ဆင်တုပ်ကွေးက ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရမှုကနေတဆင့်ပဲ ကူးစက်တာပါ။ ရောဂါခံစားနေရတဲ့လူကို ကိုင်တွယ်ထိတွေ့မိတာကြောင့် မကူးစက်နိုင်ပါဘူး။ တုပ်ကွေးဆိုပေမယ့် လေထဲကနေ ကူးစက်တာမျိုးလည်း မရှိပါဘူး။

ဆင်တုပ်ကွေးဖြစ်ရင်ရေချိုးလို့ရလား……

ဆင်တုပ်ကွေးဖြစ်တဲ့အခါ ရေနွေးနွေးလေးနဲ့ချိုးပေးတာက ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲမှုကို သက်သာစေမှာ အသေအချာပါ။

နို့တိုက်မေမေဆင်တုပ်ကွေးဖြစ်ရင် ဘေဘီလေးကိုနို့တိုက်လို့ရလား….

ဆင်တုပ်ကွေးရောဂါပိုးက မိခင်နို့ကနေတဆင့် မကူးစက်နိုင်ပါဘူး။ ဒါကြောင့် ဆင်တုပ်ကွေးရှိနေရင်တောင် ဘေဘီလေးကို မိခင်နို့ဆက်တိုက်ပါ။

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အနီရောင်အဖုအပိမ့်တွေက သက်သာပါ့မလား…….

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အနီရောင်အဖုအပိမ့်တွေက အဖျားသက်သာမှုနဲ့အတူ တဖြည်းဖြည်းချင်းသက်သာသွားမှာပါ။

အဖျားပျောက်ပေမယ့် အဆစ်အမြစ်တွေကိုက်တာကကျန်ခဲ့မှာလား…….

အဖျားပျောက်ပေမယ့် အဆစ်တွေကိုက်တာက လနဲ့ချီပြီး ကျန်ခဲ့နိုင်သလို အချို့တွေမှာဆိုရင် ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနာကျင်မှုက တစ်နှစ်လောက်အထိကြာတာမျိုးတောင် ဖြစ်နိုင်ပါတယ်။

ဆင်တုပ်ကွေးကဘယ်လောက်ကြာရင် ပြန်ကောင်းမှာလဲ……

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေက ၃ ရက်ကနေ ၁၀ ရက်အတွင်းမှာ တဖြည်းဖြည်းချင်းသက်သာလာမှာပါ။

ဆင်တုပ်ကွေးဖြစ်ရင် အစားရှောင်ဖို့လိုမလား….

ဆင်တုပ်ကွေးဖြစ်တဲ့အခါ အာဟာရပြည့်ဝအောင်စားသုံးပေးပါ။ အထူးသဖြင့်တော့ ဗီတာမင် C ပါဝင်တဲ့ အစားအစာတွေနဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို များများလေးစားပေးပါ။

ဆင်တုပ်ကွေး ကာကွယ်ဆေးရှိလား……..

လက်ရှိအချိန်ကာလအထိ ဆင်တုပ်ကွေးကာကွယ်ဆေး မထုတ်လုပ်နိုင်သေးပါဘူး။ ဆင်တုပ်ကွေးကို ဖြစ်လာမှပဲ ကုသလို့ရမှာပါ။

ဆင်တုပ်ကွေးက အခြားတုပ်ကွေးတွေလိုပဲ လက္ခဏာပြတတ်လား…..

ဟုတ်ကဲ့လို့ပြောပါရစေ။ ရောဂါတိုင်းက လက္ခဏာတစ်ခုလောက်တော့ အနည်းဆုံးပြတတ်စမြဲပါ။ ဆင်တုပ်ကွေး စဖြစ်ဖြစ်ချင်းမှာ ကိုယ်ပူမယ်။ အဆစ်အမြစ်တွေကိုက်ခဲမယ်။ နောက်ပိုင်းရက်တွေမှာ ခန္ဓာကိုယ်မှာ အားမရှိသလိုဖြစ်ပြီး နုံးတာ၊ ကြွက်သားတွေနာကျင်လာတာ၊ ခေါင်းကိုက်တာနဲ့ အရေပြားမှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဆင်တုပ်ကွေးဖြစ်လာရင် ဆေးသောက်လိုက်ရင် ပျောက်ရောလား……..

ဆင်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒါကြောင့် ပဋိဇီဝဆေးတွေသောက်လို့ အဆင်မပြေနိုင်ပါဘူး။ အဖျားက ၃ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပြီး လိုအပ်တဲ့ ကုသမှုခံယူလို့ ပြည့်ပြည့်ဝဝအနားယူတာလိုမျိုး ဂရုစိုက်ဖို့လိုပါမယ်။ ရေများများသောက်ဖို့လည်း မမေ့သင့်ပါဘူး။

ဆင်တုပ်ကွေးကသေစေနိုင်လား……

ဆင်တုပ်ကွေးက အဖျားကြီးစေနိုင်တယ်ဆိုပေမယ့် လူကိုသေစေနိုင်တာမျိုးတော့မရှိပါဘူး။ ဆင်တုပ်ကွေးကြောင့်သေဆုံးနိုင်ခြေက ၁ ရာခိုင်နှုန်းလောက်ပဲရှိတာပါ။

ဆင်တုပ်ကွေးကြောင့်အဖျားတက်ရင် အရမ်းမြင့်နိုင်လား…..

ဆင်တုပ်ကွေးကြောင့်အဖျားတက်တဲ့အခါ အဖျားစဝင်စ ပထမရက်နဲ့ ဒုတိယရက်အတွင်းမှာ ကိုယ်အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက်လောက်အထိ မြင့်တက်နိုင်ပြီး နောက်ပိုင်းမှာတော့ပြန်ကျသွားနိုင်ပါတယ်။

ဆင်တုပ်ကွေးကို ကာကွယ်လို့ရလား…….

ဆင်တုပ်ကွေးကို ကာကွယ်ဖို့ ကာကွယ်ဆေးမရှိပေမယ့် ခြင်ကိုက်မခံရအောင် ကာကွယ်တာက အကောင်းဆုံးသော ကာကွယ်မှုပါ။

ဆင်တုပ်ကွေးကြောင့် အဆစ်တွေကိုက်တာကို သက်သာအောင်လုပ်လို့ရလား….

ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေကိုက်တာကမနက်ခင်းပိုင်းမှာ ပိုဆိုးနိုင်ပြီး ဒီဝေဒနာကို သက်သာစေဖို့ဆိုရင် ရေအေးဝတ်ကပ်ပေးလို့ရသလို ရေနွေးနွေးလေးထဲကို ဆားထည့်ပြီး စိမ်ပေးလို့လည်းရပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”