၁ သြဂုတ်

 

လူသားဆန်သည့်ပညာရပ်များ


အင်ဂျင်နီယာပညာဆိုသည်မှာ သင်္ချာ၊ သိပ္ပံ၊ စီးပွားရေးနှင့် လူမှုရေးပညာရပ်များကို  လေ့လာသင်ကြား၊  လေ့ကျင့်မှု အတွေ့အကြုံတို့မှ ရရှိလာသော အသိပညာ၊ အတတ်ပညာများကို အခြေခံလျက် သဘာဝ သယံဇာတနှင့် လူသားအရင်းအမြစ်တို့အား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အသုံးချကာ၊  လူ့အဖွဲ့အစည်းအတွက်  အကျိုးပြုမည့် အဆောက်အအုံများ၊ စက်ကိရိယာနှင့် ယာဉ်ယန္တရား၊ ဝတ္ထုပစ္စည်းနှင့် စွမ်းအားများ၊ ထုတ်လုပ်မှုနည်းစဉ်များ စသည်တို့ကို ပုံစံထုတ် တွက်ချက်ပြီး တည်ဆောက် ထိန်းသိမ်းပေး နိုင်စွမ်းရှိသော ပညာရပ်ဖြစ်သည်။ တစ်နည်းဆိုရသော် အသိဉာဏ်နှင့်ယှဉ်ကာ အသုံးချ ဆောင်ရွက်ရသော ပညာရပ်တစ်ခု ဖြစ်သည်။

 

တိကျသောကိန်းဂဏန်းများ၊ ခိုင်လုံသော အချက်အလက်များကို အခြေခံကာ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြရသည့် အင်ဂျင်နီယာ ပညာရပ်များသည် လူသားတို့၏ ရှင်သန်နေထိုင်မှုဘဝနှင့် လိုက်လျောညီထွေဖြစ်စေရေးကို ထိပ်တန်းဦးစားပေးရသည့်  ပညာရပ်များ၊   တစ်နည်းအားဖြင့်   လူသားဆန်သည့် ပညာရပ်များပင် ဖြစ်ကြသည်။ လူမှုဘဝများအတွင်း နိစ္စဓူဝ ကြုံတွေ့နေကြရသော အခက်အခဲများအားလုံးသည် အင်ဂျင်နီယာပညာကို စိန်ခေါ်နေသော အကြောင်းခြင်းရာများဖြစ်ကြပြီး လူ့လောက၏ အခြေခံအကျဆုံးဖြစ်သော စား၊ ဝတ်၊ နေ အရေးသုံးပါးမှစ၍ စကြဝဠာအတွင်း နယ်မြေသစ်ရှာဖွေခြင်း ကဲ့သို့သော ကိစ္စရပ်ကြီးများအထိတိုင် အင်ဂျင်နီယာပညာက ဘက်စုံထောင်စုံမှနေ၍ ပံ့ပိုးဖြည့်ဆည်းပေးနေရသည်။

 

မြန်မာနိုင်ငံ၏ အင်ဂျင်နီယာ သမိုင်းကြောင်း


မြန်မာနိုင်ငံ၌ အင်ဂျင်နီယာပညာ သင်ကြားခဲ့မှုသမိုင်း ကြောင်းကို  ပြန်ပြောင်းကြည့်မည်ဆိုလျှင်   ၁၈၉၅ ခုနှစ်က အစိုးရ အင်ဂျင်နီယာ ပညာသင်ကျောင်း (Government Engineering School) များကို  စတင်ဖွင့်လှစ်ခဲ့ကြောင်း လေ့လာတွေ့ရှိကြရမည်ဖြစ်သည်။ ၁၈၉၅ ခုနှစ်သည် နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို အုပ်စိုးမင်းမူနေသည့် ကာလဖြစ်သလို  အီတလီလူမျိုး  သိပ္ပံပညာရှင် ဂူးဂလီမိုး မာကိုနီက ကမ္ဘာ့ပထမဦးဆုံးသော   ရေဒီယိုအချက်ပြမှု (Radio Sig- nal)ကို  ထုတ်လွှင့်ခဲ့သည့်  ကာလလည်းဖြစ်၍  မည်မျှစောကြောင်း သိရှိနိုင်သည်။

 

၁၉၀၈ ခုနှစ်တွင် စက်မှုလက်မှုအထက်တန်းကျောင်း (Te-chnical High School-T.H.S) များကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၁၂ ခုနှစ် အရောက်တွင်မူ  Government Technical Institute (G.T.I) ခေါ်   အစိုးရစက်မှုလက်မှုသိပ္ပံများကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၁၂ ခုနှစ်သည် ကမ္ဘာကျော် တိုက်တန်းနစ်သင်္ဘောကြီး   နစ်မြုပ်မှုဖြစ်ပွားသည့်   အချိန်ကာလဖြစ်ပြီး ထိုစဉ်ကတည်းက မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မီးသင်္ဘောခြောက်စင်း ခုတ်မောင်း ပြေးဆွဲနေပြီဖြစ်သည်။

 

၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ အင်ဂျင်နီယာပညာ မဟာဌာနကို ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်အဆင့် အင်ဂျင်နီယာပညာများကို စတင်သင်ကြားပေးခဲ့သည်။ ၁၉၂၇ ခုနှစ် အရောက်တွင်မူ အင်ဂျင်နီယာပညာ မဟာဌာနသည် ဗြိတိသျှပိုင် Bur- ma Oil Company က  မတည်ဖွင့်လှစ်ခဲ့သည့်  ဘီအိုစီ ကောလိပ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် မြန်မာနိုင်ငံ စက်မှုတက္ကသိုလ် (Burma Institute of Techno- logy - B.I.T)ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် B.I.T သည်  ရန်ကုန်စက်မှုတက္ကသိုလ်  (Rangoon Insti- tute of Technology - R.I.T)အဖြစ် ပြောင်းလဲသွားခဲ့သည်။

 

၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် (R.I.T) ၏ အင်္ဂလိပ်ဘာသာ အခေါ်အဝေါ်ကို Yangon Institute of Technology-Y.I.T ဟု    ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉၉၁  ခုနှစ်အရောက်တွင်မူ မန္တလေး  စက်မှုတက္ကသိုလ် (Mandalay Institute of Technology - M.I.T) ကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဖွဲ့စည်းဖြစ်ပေါ်လာကာ စက်မှုတက္ကသိုလ်များကို အဆိုပါ ဝန်ကြီးဌာနလက်အောက်သို့ သွတ်သွင်းခဲ့သည်။

 

၁၉၉၈ ခုနှစ်တွင် ပြည်စက်မှုတက္ကသိုလ် (Pyay Institute of Technology - P.I.T)ကို ထပ်မံဖွင့်လှစ်ခဲ့ပြီးနောက် ထိုနှစ်အတွင်းမှာပင်  စက်မှုတက္ကသိုလ်များအားလုံးကို  နည်းပညာတက္ကသိုလ်  (Technological University)ဟု အမည်ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်ခဲ့သည်။ ၁၉၉၉ ခုနှစ် နောက်ပိုင်းကာလတွင်မူ မြန်မာနိုင်ငံ အနှံ့အပြား၌ နည်းပညာ တက္ကသိုလ်များ ထပ်မံပေါ်ပေါက်လာခဲ့သည်။

 

မြန်မာနိုင်ငံ အင်ဂျင်နီယာကွန်ဂရက်


အင်ဂျင်နီယာအဖွဲ့အစည်းများ၏ သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုပါကလည်း  မြန်မာ့သမိုင်းတွင် အင်ဂျင်နီယာလောကသား အားလုံးတို့အတွက် အားကိုးအားထားပြုစရာ ပထမဦးဆုံးသော အဖွဲ့အစည်းအဖြစ် ၁၉၁၆ ခုနှစ် က   မြန်မာနိုင်ငံ  အင်ဂျင်နီယာကွန်ဂရက် (The Burma Engineering Congress)စတင်ဖွဲ့စည်း ပေါ်ပေါက်ခဲ့သည်။ ၁၉၂၇   ခုနှစ်အရောက်တွင်  မြန်မာနိုင်ငံ  အင်ဂျင်နီယာများ အသင်း (The Association of Engineers in Burma)ကို ဖွဲ့စည်းနိုင်ခဲ့သည်။

 

ဒုတိယကမ္ဘာစစ်ကာလဖြစ်သော  ၁၉၃၉  ခုနှစ်မှ  ၁၉၄၅ ခုနှစ်များအတွင်း မြန်မာနိုင်ငံ  အင်ဂျင်နီယာများအသင်း၏ လှုပ်ရှားဆောင်ရွက်မှုများ  ရပ်တန့်သွားခဲ့ပြီး စစ်ကြီးပြီးဆုံးပြီးနောက် ၁၉၄၆  ခုနှစ်ရောက်မှ လှုပ်ရှားမှုများ ပြန်လည် စတင်နိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ အစိုးရ တက်လာပြီး  ၁၉၆၃ ခုနှစ်တွင်  မြန်မာနိုင်ငံ  အစိုးရ အက်ဥပဒေကို ပြဋ္ဌာန်းအတည်ပြုခဲ့သဖြင့် အဆိုပါဥပဒေအရ အခြားသော အသင်းအဖွဲ့များနှင့်အတူ မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်းလည်း ဖျက်သိမ်းခံခဲ့ရသည်။

 

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း


ထိုကဲ့သို့  ဖျက်သိမ်းခံခဲ့ရပြီးနောက် နှစ်ပေါင်း ၃၀ ကျော် အကြာ ၁၉၉၅ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း(Myanmar Engineering Society - M.E.S)ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင်မူ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၇)အဖြစ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေ ပေါ်ထွက်လာခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီကို စတင်ဖွဲ့စည်းခဲ့သည်။

 

၁၉၉၅ ခုနှစ်တွင် အသစ်တစ်ဖန် ပြန်လည်မွေးဖွားခဲ့သော မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းသည် အာဆီယံ  အင်ဂျင် နီယာအသင်းချုပ်ဖြစ်သော  ASEAN Federation of Engineering Organization(AFEO)သို့ နိုင်ငံကိုယ် စားပြုအသင်းဝင်အဖြစ် ဝင်ရောက်ခဲ့ရာမှအစပြု၍ မြန်မာနိုင်ငံသား အင်ဂျင်နီယာများအား  အာဆီယံအဆင့်သို့ မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းစဉ်နှစ်ရပ်ဖြစ်သည့် Mobility of Engineers ESifh Liberalisation of Professional Services within ASEAN တို့ကို လေ့လာသိရှိခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်ကြီးများကို ဆောင်ရွက်နိုင်ရေးအတွက် အင်ဂျင်နီယာများအား  ထိန်းချုပ်ကွပ်ကဲနိုင်မည့်  စည်းမျဉ်း ဥပဒေများ ပြဋ္ဌာန်းရန်  လိုအပ်ကြောင်းကိုပါ  တစ်ပါတည်း သဘောပေါက်နားလည်ခဲ့ကြသည့်အတွက်  ၂၀ဝ၂  ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၌  ဥပဒေကြမ်း တစ်ရပ်ကို စတင်ပြုစုခဲ့ကြသည်။

 

အသင်း၏ လုပ်ဆောင်ချက်များ


ထိုမှတစ်ဆင့် ၂၀ဝ၅ ခုနှစ်တွင် အင်ဂျင်နီယာဝန်ဆောင်မှု လုပ်ငန်းများအတွက် အာဆီယံ အပြန်အလှန် အသိအမှတ်ပြု ခြင်းဆိုင်ရာ အစီအမံ (ASEAN Mutual Recognition Arrangement of Engineering Services - MRA)ကို နိုင်ငံတော်အဆင့်ဖြင့် လက်မှတ်ရေးထိုးခဲ့သည်။ ထိုအစီအမံသည် အာဆီယံ စီးပွားရေးအသိုက်အမြုံ ပေါ်ထွန်းလာရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအဖွဲ့များမှ ကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာ အသင်းများမှ ကိုယ်စားလှယ်များ စုပေါင်းပါဝင်ကာ ထိုအစီ အမံကို ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။

 

အဆိုပါ အစီအမံအရ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် (Professional Engineer)အဖြစ် စိစစ်အသိအမှတ်ပြုရေး၊ နိုင်ငံခြားသား  မှတ်ပုံတင်ကန့်သတ်  အင်ဂျင်နီယာပညာရှင် ((Registered Foreign Professional Engineer)အဖြစ် စိစစ်အသိအမှတ်ပြုရေးနှင့် ပညာရှင်များ ကြီးကြပ်ထိန်းသိမ်းမှု အာဏာပိုင်အဖွဲ့ (Professional Regulatory Authority) ဖွဲ့စည်းရေးတို့ကို အမျိုးသားအဆင့်ဖြင့် ဆောင် ရွက်ရန် တောင်းဆိုခြင်းခံခဲ့ရသည်။

 

ထို့ပြင် အဆိုပါအစီအမံအရ အင်ဂျင်နီယာပညာရှင်များအား ထိန်းချုပ်ကွပ်ကဲသည့် ဥပဒေနှင့် နည်းဥပဒေ (Law & Regulations) ရေးဆွဲရန်၊အင်ဂျင်နီယာအချင်းချင်း နှီးနှောဆက်သွယ်သည့်  ပညာရှင်အသင်းအဖွဲ့ (Profes- sional Association)ဖွဲ့စည်းရန်၊ မှတ်ပုံတင် အင်ဂျင်နီယာ ပညာရှင်အဖြစ်   အရည်အချင်းပြည့်မီကြောင်း  စိစစ်  (Qualifying as a Professional Engineer) ဖော်ဆောင်ရန်နှင့် အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်ခွင့်(Setting-up an Engineering Practice)တည်ရှိရန်တို့ကိုလည်း မဖြစ်မနေ လိုအပ်လာခဲ့သည်။

 

ထိုကဲ့သို့သော လိုအပ်ချက်များအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်တကွ အခြားသော ဝန်ကြီးဌာနများမှ ကျွမ်းကျင်သူများနှင့် မြန်မာနိုင်ငံ  အင်ဂျင်နီယာအသင်းမှ ဝါရင့် အင်ဂျင်နီယာကြီးများက နိုင်ငံတကာရှိ   အင်ဂျင်နီယာ ကောင်စီဥပဒေများကို ကိုးကားလျက် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြုစုခဲ့ကြသည်။

 

အခြားတစ်ဖက်တွင်လည်း အာဆီယံ အပြန်အလှန် အသိအမှတ်ပြုခြင်းဆိုင်ရာ အစီအမံအရ  နိုင်ငံတော်အစိုးရက ၂၀ဝ၇ ခုနှစ်တွင်  ဆောက်လုပ်ရေးဝန်ကြီးဌာန၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ စည်းမျဉ်းကြပ်မတ်ရေး အာဏာပိုင်အဖွဲ့ (Professional Regulatory Authority - PRA)ကို ဖွဲ့စည်းပေးခဲ့သည်။

 

ထိုအဖွဲ့က သတ်မှတ်အရည်အချင်းပြည့်မီသော မြန်မာနိုင်ငံသား အင်ဂျင်နီယာပညာရှင်များအနေဖြင့် အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင်လက်မှတ် ရရှိရေးအတွက် စိစစ်ထောက်ခံတင်ပြခြင်းနှင့် နိုင်ငံခြားသား အင်ဂျင်နီယာများ၏ မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင်လက်မှတ် လျှောက်ထားမှုများကို   စိစစ်ကာ မြန်မာနိုင်ငံအတွင်း၌ အင်ဂျင်နီယာပညာရှင်အဖြစ် လုပ်ကိုင်ခွင့်ပြုရေး၊ နိုင်ငံခြားသား မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင်များအား ဥပဒေနှင့်အညီ ကြီးကြပ်ကွပ်ကဲရေး၊ အင်ဂျင်နီယာဆိုင်ရာ လက်တွေ့လုပ်ငန်းများ၏ အဆင့်အတန်း မြှင့်တင်ထိန်းသိမ်းရေး၊  ဥပဒေပြဋ္ဌာန်းမှုကို  လက်တွေ့ကျင့်သုံးသည့်  လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စံနှုန်းများနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများမှ အင်ဂျင်နီယာများအကြား ဖလှယ်နိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။

 

ထို့အပြင်   အာဆီယံ   အပြန်အလှန်   အသိအမှတ်ပြုခြင်းဆိုင်ရာ အစီအမံအရ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရက ကြီးကြပ်မှုကော်မတီ (Monitoring Committee-MC)ကို ၂၀၁၁ ခုနှစ်တွင် လည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာစိစစ်ရေးဘုတ်အဖွဲ့ (Myanmar Board of Engineer )ကို ၂၀၁၂ ခုနှစ်တွင် လည်းကောင်း    ဆောက်လုပ်ရေးဝန်ကြီးဌာန၌  ဖွဲ့စည်းပေး ခဲ့သည်။

 

အင်ဂျင်နီယာကောင်စီဥပဒေ


ထိုကဲ့သို့ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်နေခဲ့ကြခြင်း၏   အကျိုးရလဒ်အဖြစ်   မြန်မာနိုင်ငံ  အင်ဂျင်နီယာ ကောင်စီဥပဒေ ပေါ်ထွက်လာခဲ့သည်။   ပြည်ထောင်စုလွှတ် တော် ဥပဒေအမှတ် (၃၇)အဖြစ် ပေါ်ထွက်လာသော မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေအရ ၂၀၁၃ ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံ  အင်ဂျင်နီယာကောင်စီကို  ဖွဲ့စည်းနိုင်ခဲ့ကာ  ယခင်က ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စည်းမျဉ်းကြပ်မတ်ရေး အာဏာပိုင်အဖွဲ့၊ ကြီးကြပ်မှုကော်မတီနှင့်  မြန်မာနိုင်ငံအင်ဂျင်နီယာစိစစ်ရေး  ဘုတ်အဖွဲ့တို့၏ တာဝန်နှင့် ဝတ္တရားများကို လွှဲပြောင်းလက်ခံ ရယူခဲ့သည်။

 

လက်ရှိတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်အဖြစ်သို့ ပြောင်းလဲခဲ့ပြီဖြစ်သော  မြန်မာနိုင်ငံ  အင်ဂျင်နီယာအသင်း (M.E.S)သည်   အစိုးရမဟုတ်သော  အသင်းအဖွဲ့တစ်ခု (NGO)ဖြစ်သည်။  မြန်မာနိုင်ငံ  အင်ဂျင်နီယာကောင်စီ (MEngC)ကမူ အင်ဂျင်နီယာပညာရှင်များအား ကြပ်မတ်ရန် နိုင်ငံတော်၏ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော ကြီးကြပ်ထိန်းသိမ်းသည့် စည်းမျဉ်းကြပ်မတ်ရေးအဖွဲ့(Regu-latory Authority)ဖြစ်သောကြောင့် မြန်မာ့အင်ဂျင်နီယာ လောကသမိုင်းတွင် တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးသော အင်ဂျင်နီယာတို့၏ ဦးသျှောင်အဖွဲ့အစည်းကြီးပင်ဖြစ်သည်။    ။

 

(ဆက်လက်ဖော်ပြပါမည်)

 

သိပ္ပံစာရေးဆရာ ကိုကိုအောင်