အချိန်ရှိခိုက် လုံ့လစိုက်ပါတဲ့။ ဒီဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အလုပ်ကြိုးစားကြတာ တကယ်အကျိုးရှိပါတယ်။ ဒါပေမယ့် ဘယ်အရာမှ အလွန်အကျွံဆိုရင် မကောင်းတာကြောင့် ကျန်းမာရေးမှာတော့ အနုတ်လက္ခဏာမပြအောင် ဂရုစိုက်သင့်ပါတယ်။ အခုပဲ သုတေသနတွေ့ရှိချက်တွေက ပြောနေပါပြီ၊ အလုပ်လုပ်ချိန်အရမ်းများတာက လေဖြတ်နိုင်ခြေပိုများပါတယ်လို့။

တစ်နှစ်ကို အနည်းဆုံး ရက် ၅၀လောက် တစ်နေ့ကို ၁၀ နာရီကျော်အလုပ်လုပ်ခဲ့တဲ့သူတွေဟာ လေဖြတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်ပိုများတယ်လို့ Stroke ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။ ဒီလိုနှုန်းနဲ့ အလုပ်လုပ်တာ ၁၀ နှစ်ကျော်ပြီဆိုရင်တော့ လေဖြတ်အန္တရာယ် ၄၅ ရာခိုင်နှုန်းလောက် ပိုများသွားနိုင်တယ်လို့ သိရပါတယ်။

“၁၀ နှစ်ကြာ အလုပ်ချိန်များခဲ့တာနဲ့ လေဖြတ်အန္တရာယ်ဆက်နွှယ်မှုက အသက် ၅၀ အောက်အရွယ်တွေမှာ ပိုသိသာပါတယ်” လို့ Paris Hospital, Versailles and Angers University မှ သုတေသီ Alexis Descatha ကပြောပါတယ်။

သုတေသနမှာ အသက် ၁၈ နှစ်ကနေ ၆၉ နှစ်အတွင်း ပြင်သစ်လူမျိုး ၁၄၃၀ဝ၀ ကျော်ရဲ့အချက်အလက်တွေကို စုဆောင်းခဲ့တာပါ။ အဲဒီအချက်အလက်တွေထဲမှာ ပါဝင်သူတွေရဲ့ နှလုံးသွေးကြော ကျန်းမာရေးနဲ့လေဖြတ်ခြင်း ကျန်းမာရေးရာဇဝင်၊ ဆေးလိပ်သောက်ခြင်း၊ အလုပ်ချိန်တွေပါဝင်ပါတယ်။

အားလုံးထဲမှာမှ လူဦးရေ ၁၂၂၄ ဦးက လေဖြတ်ဝေဒနာခံစားခဲ့ရတာတွေ့ရပါတယ်။ ဒီလေ့လာမှုမှာ အချိန်ပိုင်းအလုပ်သမားတွေ၊ အလုပ်ချိန်မများခင်က လေဖြတ်ဖူးသူတွေ မပါဝင်ပါဘူး။

ဒီလေ့လာမှုက အလုပ်ချိန်များခြင်းနဲ့နှလုံးသွေးကြောရောဂါအန္တရာယ် ဆက်နွှယ်မှုကို The Lancet မှာ ဖော်ပြခဲ့တဲ့ ၂၀၁၅ ခုနှစ်သုတေသနတစ်ခုနဲ့ ကိုက်ညှိပြီးလုပ်ဆောင်ခဲ့တာပါ။ အဲဒီသုတေသနက အလုပ်ချိန်ကြာရှည်ခြင်းကနေဖြစ်လာတဲ့ စိတ်ဖိစီးမှုအပြင် တခြားကျန်းမာရေးပြဿနာတွေ၊ အရက်သောက်သုံးမှု၊ ကိုယ်လက်လှုပ်ရှားမှုတို့အားလုံးက လေဖြတ်အန္တရာယ်ပိုများစေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်က ဝန်ဆောင်မှုပေးတဲ့သူတွေက အလုပ်ချိန်အကြာကြီးတွေလုပ်ကြရပြီး လေဖြတ်အန္တရာယ်ပိုများတာကိုလည်း ဦးစားပေးသတိပေးချင်ပါတယ်။ ဆရာဝန်တစ်ယောက်အနေနဲ့ အကြံပေးချင်တာက ဘယ်သူမဆို ကိုယ့်အလုပ်ကို ကြိုးစားတာကောင်းပေမယ့် စနစ်တကျအချိန်ဇယားဆွဲပြီး အလုပ်လုပ်သင့်တယ်ဆိုတာပါပဲ” လို့ Descatha ကပြောပါတယ်။

အလုပ်ထဲမှာပဲ တရားလွန် မြှုပ်နှံပြီး အချိန်တွေအကုန်ပေးဆပ်ထားတာက ကိုယ့်ကျန်းမာရေးနဲ့ အလဲအလှယ်ပြုလုပ်နေတာပဲဆိုတာကို သတိရပါ။ လုပ်သင့်သလောက်လုပ်ပါ၊ သို့သော် စိတ်နဲ့ခန္ဓာကို အနားယူချိန်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”