၂ သြဂုတ်


ဒီရက်ပိုင်း မိုးကြီးပါတယ်။ တာတွေကျိုးပါတယ်။ ရေတွေကြီးနေတဲ့ သတင်းတွေကိုလည်း မြန်မာပြည်အနှံ့ ကြားသိနေရပါတယ်။ ကျွန်တော်အခု ဒီစာကိုရေးနေတဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ (မြန်မာတနိုင်ငံလုံးအနေနဲ့ တွက်ရင်) ရေဘေးဒုက္ခသည်တသိန်းကျော် ရှိနေပြီလို့ သတင်းတစ်ခုက ဆိုပါတယ်။ အတက်ရှိရင် အကျလည်း ရှိမှာမို့ အချိန်တန်ရင် ရေပြန်ကျသွားမှာတော့ ဓမ္မတာပါ။ ဒါပေမယ့် ရေမကျခင်စပ်ကြားမှာ အသက်နဲ့ ခန္ဓာမြဲအောင် သတိတမံ၊ ဉာဏ်မြေက တုတ်လုပ်ပြီး နေထိုင်ဖို့ လိုအပ်သလို ရေဘေးနဲ့အတူ ပါလာတတ်တဲ့၊ မခေါ်ဘဲ ရောက်ရှိလာတဲ့ ဧည့်သည်တွေကိုလည်း သတိထားရပါမယ်။ တခြားတော့ မဟုတ်ပါဘူး။ကူးစက်ရောဂါတွေပါ။


၁။ Leptospirosis


ဒီရောဂါဟာ တိရစ္ဆာန်တွေဆီက ကူးစက်တဲ့ ရောဂါတမျိုးဖြစ်ပြီး ကြွက်၊ နွား၊ ကျွဲစတဲ့ သတ္တဝါတွေရဲ့ ‘ဆီး’ ထဲမှာ ရှင်သန်နေထိုင်တဲ့ Leptospira ဘက်တီးရီးယားကြောင့် ဖြစ်ပွားရပါတယ်။ ရေထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်သွားလာရတဲ့အခါ အဆိုပါ ဘက်တီးရီးယားဟာ သင့်အရေပြားကို ဖောက်ပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနိုင်ပါတယ် (သင့်အရေပြားမှာ ပေါက်ပြဲဒါဏ်ရာ ရှိစရာမလိုပါဘူး။ ပကတိကောင်းမွန်တဲ့ အရေပြားကိုတောင် ဒီဘက်တီးရီးယားက ဖြတ်သန်းနိုင်ပါတယ်)။ ဒါကြောင့် ရေကြီးနေတဲ့ ဒေသတွေမှာ Leptospirosis အန္တရာယ်ကို စိုးရိမ်ရပါတယ်။


ရောဂါလက္ခဏာများ


Leptospirosisဟာ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အဖျားတက်ခြင်း၊ကြွက်သားနာကျင်ခြင်းစတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ စောစီးစွာသိရင် အလွယ်တကူ ကုသနိုင်ပေမယ့် ကြာရှည်လာပြီ ဆိုရင်တော့ ပိုမိုဆိုးရွားတဲ့ ပုံစံအဖြစ်ပြောင်းလဲသွားကာ မျက်လုံးနီရဲရောင်ရမ်းခြင်း၊ မျက်ရည်ပူများကျခြင်း၊ အလင်းစူးစူး မခံနိုင်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာမှာပါ။

ဦးနှောက်ထိပါ ရောဂါပျံ့သွားပြီဆိုရင်တော့ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း စတာတွေကိုပါ တွေ့မြင်ရမှာဖြစ်ကာ ကိုယ်တွင်းသွေးယိုစီးခြင်းကြောင့် အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိနေပါတယ်။


ဘယ်လိုကာကွယ်ရမလဲ


ရေထဲကို တတ်နိုင်သမျှ မဆင်းပါနဲ့။ လှေ စတဲ့ယာဉ်တွေကို အသုံးပြုပါ။တကယ်လို့ ရေထဲဆင်းရမယ့် အရေးကို မရှောင်ရှားနိုင်ဘူးဆိုရင် တတ်နိုင်သမျှ အချိန်နည်းနည်းပဲ ရေထဲမှာ နေပါ။ ရေထဲဆင်းလျှောက်ရတဲ့အခါ ဒူးလောက်ထိကာကွယ်ပေးတဲ့ လည်ရှည်ဖိနပ်ကို စီးပါ။ ဒါဟာ Leptospirosis ရောဂါကို ကာကွယ်ပေးနိုင်ရုံသာမက မြွအေစရှိတဲ့ သတ္တဝါတွေရဲ့ ရန်ကပါ ကင်းဝေးစေပါတယ်။ခေါင်းကိုက်ခြင်း၊ ဖျားခြင်းစတဲ့ လက္ခဏာတွေ ပေါ်လာရင်လည်း အချိန်မဆွဲဘဲ ဆေးရုံဆေးခန်း အမြန်ဆုံးပြသပါ။


၂။ကာလဝမ်းရောဂါ


ကာလဝမ်းရောဂါဟာ Vibrio Cholerae ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွါးရပြီး မသန့်ရှင်းတဲ့ အစားအသောက်တွေကတဆင့် အဓိက ကူးစက်ပါတယ်။ယင်ကောင်တွေကတော့ ရောဂါသယ်ဆောင်သူတွေပေါ့။ မသန့်ရှင်းတဲ့ ရေတွေ၊အစားအစာတွေကို စားသောက်ရတာ၊ မချက်မပြုတ်ရသေးတဲ့ အစားအစာတွေကို စားရတာ (ရေကြီးနေချိန်မှာ မီးရဖို့ ခက်ခဲပါမယ်) တွေကြောင့် ကာလဝမ်းရောဂါ ဖြစ်ပွါးနိုင်ပါတယ်။ ရှေးခေတ်ကတည်းက ကာလဝမ်းရောဂါဟာ ရေကြီးခြင်းနဲ့အတူ ကပ်ရောဂါအသွင် ရောက်ရှိလာတတ်တာမို့ သတိထားရပါမယ်။


ရောဂါလက္ခဏာများ


ဝမ်းအရည်ကျဲကျဲတွေ အကြိမ်များများ သွားပါမယ်။ ဗိုက်နာပါမယ်။ အန်ပါမယ်။ဆန်ဆေးရည်လို ဝမ်းဖြူဖြူတွေ သွားပါမယ်။ အနံ့ကလည်း ငါးညှီနံ့ နံပါလိမ့်မယ်။
ဘယ်လိုကာကွယ်ရမလဲ ရေကြီးချိန်ဖြစ်ပေမယ့် သန့်ရှင်းတဲ့ အစာရေစာတွေကိုသာ တတ်နိုင်သမျှ စားသောက်ရပါမယ်။ ရေကို ကျိုချက်သောက်ပါ။အစားအသောက်တွေကို မကိုင်တွယ်မီ လက်ကိုစင်အောင်ဆေးပါ။အစားအသောက်ထည့်တဲ့ အိုးတွေခွက်တွေကို ရေကြီးနေတဲ့ ရေတွေနဲ့ ဆေးကြောခြင်း မပြုရပါဘူး။ ကာလဝမ်းရောဂါဖြစ်နေသူတွေနဲ့ မထိမတွေ့မိပါစေနဲ့။ သင်ကိုယ်တိုင် ရောဂါခံစားနေရပြီဆိုရင် ဆေးဝါးကုသမှုကို အမြန်ဆုံး ခံယူပါ။


၃။အူရောင်ငန်းဖျားရောဂါ


Salmonella Typhi ဘက်တီးရီးယားကြောင့် ဖြစ်ပွါးတဲ့ အူရောင်ငန်းဖျားရောဂါဟာလည်း (ကာလဝမ်းရောဂါနည်းတူ) မသန့်ရှင်းတဲ့ အစားအသောက်နဲ့ ရေတွေက တဆင့် ကူးစက်ခြင်း ဖြစ်ပါတယ်။


ရောဂါလက္ခဏာများ


ရောဂါလက္ခဏာတွေဟာ ချက်ချင်းပေါ်ပေါက်လာတာ မဟုတ်ဘဲ ကူးစက်ခံရပြီး တပတ်လောက်အကြာမှာမှ သိသာထင်ရှားလာတာဖြစ်ပါတယ်။ အဆိုပါ လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အဖျားကြီးခြင်း၊ ဝမ်းလျှောခြင်း၊ အနီစက်များ ထွက်လာခြင်း၊ အန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။


ဘယ်လိုကာကွယ်ရမလဲ


မသန့်ရှင်းတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ပါ။ အစားအသောက် ထည့်တဲ့ အိုးခွက်ပန်းကန်တွေကို သန့်ရှင်းစင်ကြယ်ပါစေ။ အစားအစာတွေကို မကိုင်တွယ်ခင် လက်ကို သန့်စင်အောင် ဆေးပါ။


၄။ အသည်းရောင်အသားဝါရောဂါ အေ


ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွါးတဲ့ ဒီရောဂါဟာ အသည်းဆဲလ်တွေကို ရောင်ရမ်းစေတဲ့အတွက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဟာလည်း မသန့်ရှင်းတဲ့ အစာရေစာတွေကြောင့် ဖြစ်ပွါးရတာမို့ ရေကြီးရေလျှံနေတဲ့ ကာလမှာ အထူးဂရုပြုရမယ့် ရောဂါတမျိုး ဖြစ်ပါတယ်။


ရောဂါလက္ခဏာများ


ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ပထမအပတ်မှာ ငွေ့ငွေ့ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ညာဖက်နံရိုးအိမ်အောက်ခြေနားက နာခြင်း၊ ဆီးအရောင်မည်းခြင်း၊ မျက်စိ/အသားဝါခြင်းစတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ရက်သတ္တပတ် ၂ – ၄ ပတ်အကြာမှာတော့ အဆိုပါ လက္ခဏာတွေ ပြန်လည် ပျောက်ကွယ်သွားပါလိမ့်မယ်။


ဘယ်လိုကာကွယ်ရမလဲ


ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားရောဂါတွေကို ကာကွယ်တဲ့အတိုင်း အတူတူပါပဲ။ ဒါ့အပြင် အခြားသူတွေနဲ့ ဇွန်း၊ဖန်ခွက် စသည် မျှဝေသုံးစွဲခြင်းကိုလည်း ရှောင်ရှားရပါမယ်။


၅။ သွေးလွန်တုပ်ကွေးရောဂါ


ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွါးတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ မိုးတွင်းမှာ အဖြစ်များသလို ရေကြီးရေလျှံချိန်မှာလည်း သတိထားရမယ့် ရောဂါတခုပါ။


ရောဂါလက္ခဏာများ


ဒီရောဂါ ခံစားရသူတွေဟာ (ကလေးတွေမှာအများဆုံးဖြစ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်တာကို သိထားရပါမယ်) ၂ – ၇ ရက်လောက်အထိ အဖျားကြီးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခန္ဓာကိုယ်အနှံ့ အနီစက်များ ထွက်လာခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ကော်ဖီအနှစ်ရောင်များအန်ခြင်း စတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ပိုဆိုးတဲ့ အခြေအနေမှာတော့ (အဖျားကြီးနေရာကနေ) ရုတ်တရက် အဖျားကျပြီး ခြေတွေလက်တွေ အေးစက်သွားခြင်း၊ သွေးခုန်နှုန်းအလွန်မြန်လာခြင်း၊ ဆီးနည်းသွားခြင်း/ ဆီးမသွားတော့ခြင်းစတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာမှာပါ။ ဒါတွေကတော့ ရှော့ခ်ဝင်ခြင်းကို ဖော်ပြပြီး အသက်အန္တရာယ်ထိ ရှိနိုင်ပါတယ်။


ဘယ်လိုကာကွယ်ရမလဲ


သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးကို သယ်ဆောင်ပေးသူဟာ Aedes ခြင်အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ခြင်အကိုက်မခံရအောင် အတတ်နိုင်ဆုံး ဆင်ခြင်နေထိုင်ခြင်းဟာ အကောင်းဆုံးသော ကာကွယ်ခြင်းနည်းလမ်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အိမ်ပတ်ဝန်းကျင်မှာ ရေတင်နိုင်တဲ့ အိုးခွက်အစုတ်တွေ၊ တာယာအဟောင်းတွေ မထားရှိသင့်ဘူးလို့ ပြောရမှာဖြစ်ပေမယ့် ရေကြီးနေချိန်မှာတော့ ဒီကိစ္စကို ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် သင်ကိုယ်တိုင်ရော၊သင့်ကလေးကိုပါ ခြင်ကိုက်မခံရအောင် နေရမှာ ဖြစ်ပါတယ်။


အခြားသော ရောဂါတွေလည်း ရှိနေသေးပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ ရောဂါတွေကတော့ ရေကြီးချိန်မှာ အဓိကကြုံတွေ့လာရနိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ဒီရောဂါတွေ ဖြစ်မလာအောင် ဘယ်လိုကြိုတင်ကာကွယ်နေထိုင်မယ်၊အကယ်၍ ဖြစ်လာခဲ့ရင်လည်း ‘အပ်နဲ့ထွင်းရမယ့်ကိစ္စ၊ ပေါက်ဆိန်နဲ့ မပေါက်ရလေအောင်’ ဘယ်လိုဆောလျင်စွာ ကုသမလဲဆိုတာ မျှဝေတင်ဆက်ပေးလိုက်ရပါတယ်။


ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”