၃ သြဂုတ်
စမတ်ကျလှပတဲ့ လူငယ်လေး၊ လှပကြော့ရှင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမပျိုလေးအဖြစ် ကိုယ့်ရဲ့ ရင်သွေးလေးကို ကြီးပြင်းလာစေချင်တဲ့ မေမေဖေဖေတွေများရှိလား။ ဒါဆိုရင်တော့ စမတ်ကျလှပတဲ့အရွယ်ရောက်သူလေးဖြစ်လာစေဖို့ ကိုယ့်ရဲ့ရင်သွေးလေးကို ငယ်ငယ်ကတည်းက ဘာတွေသင်ကြားပျိုးထောင်ပေးဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။
ငယ်စဉ်ကတည်းက ပျိုးထောင်ပေးသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ
ကိုယ့်ရဲ့ ရင်သွေးလေးကို ငယ်စဉ်ကနေစပြီး ဒီအလေ့အကျင့်လေးကို ပျိုးထောင်ပေးပါ။ ဒါမှ ကျန်းမာပြီး စမတ်ကျတဲ့ လူငယ်လေး၊ လှပကြော့ရှင်းတဲ့ လေဒီလေးအဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။
လက်ဆေးတတ်အောင်သင်ပေးပါ
လက်ကနေတစ်ဆင့် ရောဂါပိုးတွေက အများကြီးကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးရှိနေအောင် ပျိုးထောင်ပေးထားသင့်ပါတယ်။ ကလေးကို ညစ်ပေတာတွေကိုင်တွယ်ပြီးတိုင်း၊ အစားမစားခင်၊ အစားအသောက်တွေမပြင်ဆင်ခင်၊ အသားစိမ်း၊ငါးစိမ်းတွေကို ကိုယ်တွယ်မိချိန်၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေဖြစ်ကြတဲ့ သွေး၊ ဆီး၊ တံထွေးနဲ့ အခြားသောအရာတွေကို ထိတွေ့ပြီးတိုင်း၊ တိရစ္ဆာန်လေးတွေကိုထိတွေ့ပြီးတိုင်း၊ နှာချေပြီးတိုင်း၊ နှပ်ညှစ်ပြီးတိုင်း၊ ချောင်းဆိုးပြီးတိုင်း၊ အိမ်သာကဆင်းတိုင်း၊အစားစားပြီးတိုင်းမှာ လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးကို မွေးမြူပေးပါ။ ဒါကရောဂါပိုးမွှားတွေကို ကာကွယ်ရာရောက်လို့ ကလေးကို ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။
ရေပုံမှန်ချိုးတတ်တဲ့ အလေ့အကျင့်မွေးမြူပေးပါ
ရေပုံမှန်ချိုးတတ်တာကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ဒါကြောင့် ဘေဘီလေးကို ပုံမှန်ရေချိုးတတ်တဲ့ အလေ့အကျင့်လေးရအောင် ပျိုးထောင်ပေးပါ။ ရေချိုးတာက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
ခံတွင်းသန့်ရှင်းရေး ဂရုစိုက်တတ်အောင်သင်ပေးပါ
သွားနဲ့ခံတွင်းသန့်ရှင်းမှုက ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်ပေးသလို သွားပိုးစားတာနဲ့ သွားဖုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံးရောဂါမဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးဘဝကတည်းက မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သွားတိုက်တတ်တဲ့ အလေ့အထလေးမွေးမြူပေးပါ။ သွားတစ်ခါတိုက်ရင် ၂ မိနစ်ကြာအောင် တိုက်တတ်တဲ့ အလေ့အကျင့်လေးကိုလည်း မွေးမြူပေးပါ။
ပုံမှန်ခေါင်းလျှော်တဲ့ အလေ့အထပျိုးထောင်ပေးပါ
ကလေးတွေက ရေချိုးရတာကို ကြိုက်ကြပေမယ့် ခေါင်းလျှော်ရတာကိုတော့ မကြိုက်ကြပါဘူး။ ဒါပေမယ့် ခေါင်းလျှော်တာကလည်း ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဖြစ်တာကြောင့် ဘေဘီလေးဘဝကတည်းက ပုံမှန်တစ်ပတ်ကို တစ်ကြိမ်ခေါင်းလျှော်တဲ့ အလေ့အကျင့်လေးလုပ်ပေးပါ။ အသက်အရွယ်အလိုက် ခေါင်းလျှော်တဲ့ အကြိမ်ရေကိုတိုးပေးဖို့လည်း မမေ့ပါနဲ့။
လက်သည်းခြေသည်းညှပ်တတ်တဲ့ အလေ့အထလုပ်ပေးပါ
လက်သည်းခြေသည်းတွေရှည်နေတာက မလိုအပ်ဘဲ ရောဂါတွေဝင်လာစေဖို့ အားပေးနေသလို ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက လက်သည်ရှည်နေရင်ဘာတွေဖြစ်တတ်တယ်ဆိုတာ နားလည်အောင်ပြောပြပြီး လက်သည်းခြေသည်းတွေညှပ်တတ်တဲ့ အလေ့အထလေးကို မွေးမြူပေးပါ။
အသားအရေ ထိန်းသိမ်းတတ်အောင်သင်ပေးပါ
အသားအရေက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ တော်တော်လေး သက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့်ကလေးကို တစ်နေ့မှာ ၃ ကြိမ်လောက်မျက်နှာသစ်ဖို့လိုတဲ့အကြောင်းပြောပြဖို့လိုသလို မျက်နှာကို လက်နဲ့ကုတ်ဖဲ့တာ၊ ဆိတ်တာမျိုးတွေမလုပ်ဖို့လည်း ပြောပြဖို့လိုပါလိမ့်မယ်။ ဒါမှ အနာအဆာကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
ချိုင်းသန့်ရှင်းဖို့လိုကြောင်းပြောပေးပါ
ငယ်စဉ်မှာအရေးသိပ်မကြီးပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ ချိုင်းချွေးနံ့နံလာနိုင်တာကြောင့် စမတ်ကျတဲ့လူငယ်လေး၊ လှပကြော့ရှင်းတဲ့ လေဒီလေးဖြစ်ဖို့ အနှောင့်အယြှက်ဖစ်နိုင်တာကြောင့် ချိုင်းကို ပုံမှန်သန့်ရှင်းဖို့လိုကြောင်းနဲ့ လိုအပ်မယ်ဆိုရင် ချွေးနံ့ပျောက်အောင် တစ်ခုခုလိမ်းဖို့ လိုအပ်တဲ့အကြောင်း ပြောပြပေးထားပါ။
ခြေထောက်ကိုသန့်ရှင်းတတ်အောင်ပြောပြပေးပါ
ခြေထောက်ကကအနံ့ဆိုးထွက်တာမျိုးမဖြစ်စေဖို့အတွက် ခြေထောက်ကိုသေချာသန့်ရှင်းဖို့လိုသလို ခြေစွပ်။ဖိနပ်တွေကို သေချာလေးသန့်စင်ဖို့လိုအပ်ကြောင်းကိုလည်း သေချာလေးပြောပြပေးဖို့လိုပါမယ်။
ဒါတွေအပြင်ကလေးကို အဝတ်အစားနဲ့အသုံးအဆောင်တွေကို သေချာဂရုတစိုက်အသုံးပြုသင့်တဲ့အကြောင်းနဲ့ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်တတ်ဖို့ပါ လေ့ကျင့်ပေးထားသင့်ပါတယ်။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ အပျိုဖော်ဝင်လာတဲ့ သမီးလေးတွေကို တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ဖို့နဲ့ ကျောင်းသွားတဲ့အခါမျိုးမှာ လစဉ်သုံးပစ္စည်းကို အပိုဆောင်သွားသင့်တဲ့အကြောင်းလေးသင်ကြားပေးဖို့ပါ။ ဒီလိုလုပ်ဆောင်ပေးခြင်းက သမီးလေးကို လှပကြော့ရှင်းတဲ့ လေဒီလေးအဖြစ်ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။
ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


