အနိုင်ကျင့်တယ်၊ ခွဲခြားဆက်ဆံတယ်ဆိုတာ ကျောင်း၊ အလုပ်ခွင် စတဲ့နယ်ပယ်တွေမှာ အဖြစ်များတဲ့ ကိစ္စပါ။ ကိုယ့်ဘက်က အသေးအဖွဲတစ်ခုလို မြင်ခဲ့ပေမယ့် ခံစားရတဲ့သူမှာ ဘဝနဲ့ချီတဲ့ နစ်နာမှုတွေ၊ ထိခိုက်မှုတွေရှိနိုင်တယ်ဆိုတာ သိထားဖို့တော့လိုပါတယ်။ ဒါလေးနဲ့များ ဒီလောက်ဖြစ်ရသလား၊ ကိုယ့်အသက်ကိုယ်စီရင်တဲ့အထိ လုပ်ရသလား၊ ခံပေါ့တဲ့လား။ ခွဲခြားဆက်ဆံခံရတာ၊ စိတ်အားဖြင့် (စကားလုံးတွေနဲ့) သို့မဟုတ် လူအားဖြင့် အနိုင်ကျင့်ဆက်ဆံခံရတာကြောင့် ဖြစ်လာတဲ့ စိတ်ပင်ပန်းမှု၊ နာကျင်ခံစားရမှု၊ စိတ်ကျဝေဒနာနဲ့ စိုးရိမ်ပူပန်မှုတွေရယ် အထီးကျန်စိတ်ရယ် ဖိစီးနေရရှာမှာပါ။
ဒီလိုစိတ်ကျန်းမာရေး ထိခိုက်မှုတွေကို အားပေးကူညီမှုနဲ့ ကုစားပေးဖို့ အချိန်တစ်ခုလိုပါတယ်။ ကုစားမှုမရှိဘဲ ဆက်လက်နိုင်စားနေတဲ့ ပတ်ဝန်းကျင်မှာ သည်းခံရင်း ကြာလာတဲ့အခါ မသိမသာနဲ့ စိုးရိမ်ပူပန်စိတ်လွန်ကဲတဲ့ ဒီလိုမျိုးတွေ ဖြစ်လာနိုင်ပါတယ် –
အနိုင်ကျင့်ဆက်ဆံခံရတဲ့သူတွေမှာ ဖြစ်လာနိုင်တဲ့ စိုးရိမ်စိတ်ဝေဒနာများ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမျိုးအစား အများကြီးရှိပေမယ့် စိတ်ကျရောဂါကလွဲရင် အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရ၊ အနိုင်ကျင့်ခံရတဲ့သူတွေ ခံစားရလေ့ရှိတဲ့ အဓိက စိုးရိမ်စိတ်ရောဂါပြဿနာ (၄) မျိုးရှိပါတယ်။
(၁) စိုးရိမ်သောကလွန်ရောဂါ (Generalized anxiety disorder)
ဒီစိတ်အခြေအနေ ဖြစ်လာသူတွေဟာ လုပ်နေကျ နေ့စဉ်အလုပ်တွေကို မလုပ်နိုင်တော့တဲ့အထိ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ လွန်ကဲလာတာပါ။ သူတို့စိတ်ထဲမှာ မကောင်းတာ တစ်ခုခုဖြစ်လာတော့မယ်လို့ပဲ အမြဲခံစားမိနေတာမျိုး။ ဘေးလူတွေအမြင်မှာတော့ သူတို့တွေက အရာရာအစိုးရိမ်လွန်တတ်၊ ကြောက်တတ်တဲ့သူတွေလောက်ပဲပေါ့။ တကယ်တမ်းတော့ ရုပ်ပိုင်းဆိုင်ရာမှာလည်း ညအိပ်မပျော်တာ၊ ဗိုက်အောင့်တတ်တာ၊ ခြေလက်ဂနာမငြိမ်တာ၊ မောပန်းအားကုန်တာ စတဲ့ လက္ခဏာတွေဖြစ်နေရတာ လူသိပ်မသိဘူးလေ။ စိတ်ထဲမှာ မကြာခဏဖြစ်နေရတဲ့ ဖိစီးမှုတွေက သူတို့ရဲ့ဘဝမှာ နေရာဝင်ယူလာပြီး မလုံခြုံစိတ်တွေပိုက်ထွေးထားရပါတယ်။
(၂) လွန်ကဲတဲ့ စိုးရိမ်ကြောက်ရွံ့စိတ်ရုတ်တရက်ဖြစ်လာခြင်း (Panic attacks)
မမျှော်လင့်ဘဲ ရုတ်တရက် စိုးရိမ်ကြောက်ရွံ့စိတ်လွန်ကဲလာတာတွေ ခဏခဏဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အချိန်တိုင်း သူတို့မှာ ချွေးစေးတွေထွက်တာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးခုန်မြန်တာ၊ အသက်ရှူကျပ်တာ စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ ဒီအနေအထားကနေ သေချာမကုစားနိုင်ရင် လူကြားထဲမသွားရဲတဲ့ agoraphobia ကြောက်ရွံ့စိတ်အထိ ဖြစ်လာနိုင်ပါတယ်။ နောက်တော့ လေယာဉ်စီးရတာလိုမျိုး အလုံပိတ်တဲ့နေရာတွေ၊ ဈေးဝယ်စင်တာတွေလိုမျိုး လူများတဲ့ နေရာတွေကို ကြောက်တတ်လာပါတယ်။
(၃) ဖြစ်ရပ်နောက်ပိုင်း စိတ်ဒဏ်ရာဖိစီးခြင်း (PTSD)
ဘဝမှာ အထိနာတဲ့ ထိခိုက်မှု သို့မဟုတ် အသက်ဘေးနီးတဲ့ ဖြစ်ရပ်တစ်ခုခုနောက်ပိုင်းမှာ PTSD ဖြစ်လာတတ်ပါတယ်။ ကိုယ်တစ်ယောက်တည်းကို အများအင်အားနဲ့ မကြာခဏအနှိမ်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေ မကြာခဏခံစားရပြီးနောက်ပိုင်းလည်းဖြစ်တတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ သူခံစားခဲ့ရတဲ့အဖြစ်ကို ပြန်ပြန်မြင်ယောင်နေတာ( ပြန်ပြန်ခံစားနေရတာ)၊ ညဘက် အိပ်မက်ဆိုးအဖြစ်ပြန်မက်တာ၊ အလန့်တကြားဖြစ်လွယ်တာ၊ အာရုံပြန့်လွင့်လွယ်တာ၊ နိုးကြားလွန်နေတာ စတာတွေပါဝင်ပါတယ်။ ဒီဝေဒနာခံစားရတဲ့သူတွေမှာ သူတို့နာကျင်ခံစားခဲ့ရတဲ့အဖြစ်အပျက်ကို ပြန်သတိရနိုင်စေတဲ့/ ဆင်တူတဲ့ဖြစ်ရပ်မျိုးကို သိပ်ကြောက်ပါတယ်၊ ရှောင်ပါတယ်။ နေ့တိုင်းဖြတ်သန်းရမယ့် အလုပ်ခွင်မှာ ထိခိုက်နာကျင်ရဖူးတယ်ဆို သူဘယ်လိုကျော်ဖြတ်နိုင်ပါ့မလဲ။
(၄) လူမှုဆက်ဆံရေး စိုးရိမ်စိတ်ပြဿနာ
တခြားသူတွေ တမျိုးမြင်မှာ ဒါမှမဟုတ် တခြားသူတွေနှိမ်မှာကို ကြောက်နေတဲ့သူဟာ လူမှုဆက်ဆံရေး စိုးရိမ်စိတ်ပြဿနာ ရှိနေတာပါ။ သူတို့မှာ နေ့စဉ်ဘဝ ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီးတော့တောင် စိုးရိမ်စိတ်တွေ၊ ကိုယ့်ကိုယ်ကိုဂရုစိုက်လွန်တာတွေနဲ့ လွှမ်းမိုးနေတာဖြစ်ပါတယ်။ သူတို့ရဲ့ပုံစံအသွင်အပြင်၊ လုပ်ရပ်၊ အပြုအမူတွေက ရှက်စရာ၊ လှောင်ရယ်စရာဖြစ်လာမှာကို သိပ်ကြောက်ပါတယ်။ အစတည်းကမှ ဒီလိုပြဿနာရှိနေတဲ့သူကို ခွဲခြားဆက်ဆံတာ၊ နှိမ်တာ၊ အနိုင်ကျင့်တာလုပ်မိခဲ့ကြရင် အခြေအနေပိုဆိုးပြီး လူတွေနဲ့လုံးဝကင်းကွာသွားနိုင်ပါတယ်။
ဖြေရှင်းဖို့အတွက်
စိုးရိမ်မှုတွေ၊ ကြောက်ရွံ့တာတွေ၊ စိတ်ကျတာတွေ သိပ်မပြင်းထန်ဘူးဆိုရင် ကိုယ့်ဘာသာ ဖြေရှင်းလို့ရနိုင်တဲ့ ကုစားနည်းတွေ အများကြီးရှိပါတယ်။ ဥပမာ စိုးရိမ်နေတဲ့အရာတွေအကြောင်း စာနဲ့ချရေးတာက တချို့မှာ စိတ်သက်သာရာရတယ်။ တချို့ကျတော့ စိတ်ကိုဖြေလျှော့တဲ့နည်းတွေလုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ စသည်ဖြင့်ပေါ့။
ဒါပေမယ့် လူတစ်ယောက်ရဲ့ဘဝမှာ ပြင်းထန်တဲ့ထိုးနှက်မှုအဖြစ်နဲ့ ခံစားလိုက်ရတာ၊ ချိုးနှိမ်ခံလိုက်ရတာ၊ ဗိုလ်ကျအနိုင်ကျင့်ခံလိုက်ရတာတွေက တော်ရုံပျောက်နိုင်တဲ့ ဝေဒနာဒဏ်ချက်မဟုတ်ပါဘူး။ အချိန်တစ်ခုလောက်ယူပြီး ပတ်ဝန်းကျင်ရဲ့အားပေးကူညီမှုနဲ့ ကုစားရပါတယ်။ ဘာလို့ဆို အချိန်ကြာလာတာနဲ့အမျှ စိတ်ဝေဒနာလည်းပိုပြင်းထန်ပြီး ရုပ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ နေ့စဉ်ဘဝအလုပ်တွေမှာပါ ထိခိုက်လာမှာမို့ပါ။ နောက်ဆုံး ဒီစိုးရိမ်ကြောက်စိတ်တွေကို သူမလွန်ဆန်တဲ့နေ့ လူ့လောက ကနေထွက်ခွာတာ ထွက်ပေါက်တစ်ခုလို့ မြင်သွားနိုင်ပါတယ်။ ဒီလိုလူတွေအတွက် ရင်ဖွင့်ဖော်၊ တိုင်ပင်ဖော်အဖြစ် ကူညီပေးဖို့လိုအပ်ပါတယ်။ မိတ်ဆွေ၊ မိသားစု သို့မဟုတ် ဆရာဝန်ဖြစ်ဖြစ် ဆွေးနွေးအကြံပြုပေးသင့်၊ ကူညီအားပေးသင့်ပါတယ်။
ရေးသားသူ-Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


