၇ သြဂုတ်
“အတိတ်ကို ပြန်လည်မသုံးသပ်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ အနာဂတ်ကိုအကောင်းဆုံးပုံဖော်နိုင်တဲ့သူတွေ ဖြစ်မှာ မဟုတ်ပါဘူး”
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ရန်ကုန်မြို့တော်သည် လွန်ခဲ့သောဆယ်စုနှစ် နှစ်ခုအတွင်း အရှိန်အဟုန်ဖြင့် ဖွံ့ ဖြိုးတိုးတက်လာမှုကြောင့် သမိုင်းဝင်အဆောက်အအုံအများ အပြားဆုံးရှုံးခဲ့ရသည်ဟု မြို့ပြပညာရှင်တို့က သုံးသပ်ခဲ့ကြသည်။ အရှိန်အဟုန်ဖြင့် တိုးတက်နေမှုက လက်ကျန်အဆောက်အအုံနှင့် မြို့ပြရှုခင်းများ ကိုပါ ခြိမ်းခြောက်ခံနေရသည်။ မြို့တော်ရန်ကုန် သည် အမျိုးမျိုးသော ဗိသုကာလက်ရာများ၊ သမိုင်း ဖြတ်သန်းမှုအဖုံဖုံတို့ဖြင့် ထူးခြားသော မြို့ ပြရှုခင်း များကို ပိုင်ဆိုင်ထားကာ ကမ္ဘာသိမြို့တော်တစ်ခု ဖြစ်သည်။
ထူးခြားသော မြို့တော်တစ်ခုဖြစ်
ယင်းအမွေအနှစ်တို့ကို မြို့ပြနေလူတန်းစား အလွှာအသီးသီးတို့က နေ့စဉ်အသုံးပြုနေကြသည်။ ယနေ့ခေတ်တွင် ထိုသို့ထူးခြားသည့် ယဉ်ကျေးမှုနှင့် ဗိသုကာအမွေအနှစ်တို့သည် ဖွံ့ဖြိုးတိုးတက်မှု လှိုင်းလုံးအောက်တွင် ပျောက်ကွယ်ရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။ စိမ်းစိုသော သစ်ပင်တန်းများရှိသောလမ်းများ၊ ကျယ်ပြန့်သော လူသွားစင်္ကြံများ၊ ခံ့ညားထည်ဝါသောအမွေ အနှစ်အဆောက်အအုံများနှင့် များပြားစုံလင်သော လူနေအိမ်များရှိသည့် ရန်ကုန်မြို့တော်သည် အရှေ့ တောင်အာရှတွင် ထူးခြားသောမြို့တော်တစ်ခုဖြစ်သည်။
ရန်ကုန်မြို့တော်၏ သမိုင်းကြောင်းကို အထိရောက်ဆုံးနှင့် ထင်သာမြင်သာအရှိဆုံး ဖော်ပြနိုင် သည့်နည်းလမ်းများအနက် အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခြင်းသည်တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါ ကမ္ပည်းပြားများကို ပြည်သူများအနေဖြင့် တိုက်ရိုက်တွေ့ မြင်နိုင်ပြီး ရန်ကုန်မြို့တော် သမိုင်းကြောင်းကို အသက်အရွယ်မရွေး နယ်ပယ်စုံမှ လူအများလေ့လာနိုင်မည်ဖြစ်သည်။
အပြာရောင်ကမ္ပည်းပြားဆိုသည်မှာ လူအများနှင့်သက်ဆိုင်သောနေရာများတွင် ယင်း နေရာနှင့်ဆက်စပ်နေသည့် သမိုင်းဝင်လူပုဂ္ဂိုလ်များနှင့် သမိုင်းအဖြစ်အပျက်များ အကြောင်းကို ဖော်ပြပြီး မြို့၏အမှတ်အသားတစ်ခုအဖြစ် တပ်ဆင်ထားရှိသည့် အထိမ်းအမှတ် ကမ္ပည်းပြား များဖြစ်သည်။
အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်
ခေတ်အဆက်ဆက်ကတည်းကရှိခဲ့သော ရန်ကုန်မြို့၏ အထင်ကရအမွေအနှစ် အဆောက်အအုံများတွင် အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခြင်း စီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပံ့ပိုးကူညီမှု၊ အလှူရှင်များ၏ ငွေကြေးထည့်ဝင်မှုတို့ဖြင့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မြို့၏ အထင်ကရအမွေအနှစ် အဆောက်အအုံများတွင် ပါဝင်လာမည့် Rosewood Yangon ဟိုတယ်အဖြစ် ပြန်လည် ပြုပြင်ထားသည့် ယခင်ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံးအဆောက် အအုံကို အဆောက်အအုံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရအရေးပါမှုကို အမှတ်ရစေမည့် ၃၁ ခုမြောက် အပြာရောင်ကမ္ပည်း ပြားကို ဩဂုတ် ၄ ရက်က တပ်ဆင်ခဲ့သည်။
မြို့ပြအမွေအနှစ်တွေကို ဖော်ပြနေအဆိုပါ ၃၁ ခုမြောက် အပြာရောင်ကမ္ပည်း ပြားတပ်ဆင်ခြင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ဒီလို ဆောင်ရွက်နိုင်ခြင်းဟာ ရန်ကုန်မြို့ ပြရဲ့ အမွေအနှစ် တွေကို ထိန်းသိမ်းနေခြင်း၊ ကျွန်တော်တို့ရဲ့ နောင်မျိုးဆက်တွေကို ကျွန်တော်တို့ မြို့ပြဟာ သမိုင်း အစဉ်အလာတစ်ခုရှိခဲ့တယ်။ ဒီအဆောက်အအုံတွေဟာ တကယ့်မြို့ ပြအမွေအနှစ်တွေကိုဖော်ပြနေပြီး သမိုင်းကြောင်းတွေကို ဖော်ပြနေတယ်ဆိုတာ နောင်မျိုးဆက်ကို လက်ဆင့်ကမ်းနိုင်ဖို့အတွက် အထင်ကရအဆောက်အအုံကြီးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ ဒီထိန်းသိမ်းစောင့်ရှောက်မှုတွေကို အစိုးရအနေနဲ့ အစစအရာရာဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ဒါကြောင့်မို့ ပုဂ္ဂလိကကဏ္ဍနဲ့ပူးပေါင်းပြီး ဒီမြို့ ပြအမွေအနှစ် အဆောက်အအုံတွေကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့အစိုးရရဲ့ အရေးကြီးဆုံးမူဝါဒတစ်ရပ်အနေနဲ့ ချမှတ်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ကြီးကို မြို့ ပြ အမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေးမြို့တော်ကြီးဖြစ်ဖို့အတွက် ရည်မှန်းချက်ထား ကြိုးစားခဲ့ပါတယ်။ ဒီရည်မှန်းချက်ထဲမှာ မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးဟာ အရေးကြီးတဲ့ နံပါတ်တစ် ရည်မှန်းချက်ဖြစ်ပါတယ်။ ဘာကြောင့် မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းသလဲဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းတွေကို သိဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ သမိုင်း ကြောင်းတွေကို မသိခဲ့ဘူး၊ ကျွန်တော်တို့ရဲ့ အတိတ်ကို ပြန်လည်မသုံးသပ်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ အနာဂတ်ကိုအကောင်းဆုံး ပုံဖော်နိုင်တဲ့သူတွေဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သမိုင်းကိုသိဖို့၊ ကျွန်တော်တို့ရဲ့ အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်ဖို့အတွက် လူငယ်မျိုးဆက်တွေကို မြို့ပြအမွေအနှစ်တွေ လက်ဆင့်ကမ်းပေးနိုင်ဖို့အတွက် ကြိုးပမ်းဆောင် ရွက်နေတာဖြစ်ပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှု အပေါ်မှာ အဘက်ဘက်ကနေ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြတဲ့သူတွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီနေ့အပြာရောင်ကမ္ပည်းပြား တပ်ဆင်နိုင်မှုအတွက် ရန်ကုန်မြို့ရဲ့ မြို့ပြအမွေ အနှစ်တစ်ခုကို ထိန်းသိမ်းနိုင်ခြင်းရဲ့ အောင်မြင်မှု ရလဒ်တစ်ခုဖြစ်ပါတယ်။ ဒီအောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းပြီး ရန်ကုန်မြို့တော်ကြီးကို ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့၊ မြို့ပြအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ်မြို့တော်ကြီးဖြစ်ဖို့ ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါ စို့လို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ပြော ကြားခဲ့သည်။
အစားထိုးတည်ဆောက်ခဲ့ခြင်းဖြစ်
ဆောက်အအုံသမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအရ ၃၁ ခုမြောက် အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းခံရသည့် အဆိုပါအဆောက်အအုံသည် ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်၊ ဘဏ်လမ်းတို့နှင့်အပြိုင် တည်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရုံး အဆောက်အအုံကို တရားရုံးသစ်အဖြစ် ၁၉၂၇ ခုနှစ်မှ ၁၉၃၁ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့သည်။ ၁၈၆၈ ခုနှစ်ကတည်းက တည်ရှိခဲ့သော ခရိုင်တရားရုံးများနှင့် အစိုးရရုံးများ အဆောက်အအုံကို အစားထိုး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
တရားရုံးသစ်ဆောက်လုပ်ရာတွင် ထိုစဉ်က မြန်မာနိုင်ငံဘုရင်ခံ ဆာဟားကုတ်ဘတ်တလာက ၁၉၂၇ ခုနှစ် မတ်လ ၃ ရက်နေ့တွင် အုတ်မြစ်ချခဲ့သည်။ ဗိသုကာပညာရှင်သောမတ်စ်အိုလီဖန့် ဖော်စတာကပုံစံရေးဆွဲခဲ့ပြီး အာရှတွင် သံမဏိပေါင်များဖြင့် တည်ဆောက်ခဲ့သည့် ပထမဆုံး အဆောက်အအုံတစ်ခုဖြစ်သည်။ ဆစ်ဒနီမြို့ရှိ နာမည်ကျော် Harbour Bridge ဆောက်လုပ် ရာတွင် အသုံးပြုခဲ့သည့် Doorman & Long ကုမ္ပဏီထုတ် အမျိုးအစားတူ သံမဏိပေါင်များကို အသုံးပြုခဲ့သည်။ ထိုစဉ်က ပုလိပ်မင်းကြီးရုံးအဖြစ် လည်း ထင်ရှားသည်။
လွတ်လပ်ရေးရပြီးနောက် အစိုးရရုံးများအဖြစ် ပြန်လည်အသုံးပြုခဲ့ပြီး ရဲမင်းကြီးရုံးနှင့် လေကြောင်းပျံသန်းရေးဌာနအပါအဝင် ဌာနပေါင်းများစွာ ရုံးထိုင်ခဲ့သည်။ အဆောက်အအုံ၏ လေးထပ်ရှိခန်းမကြီးကို လွတ်လပ်ပြီး မြန်မာနိုင်ငံ၏ လူမျိုးစုလွှတ်တော်အဖြစ် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ အသုံးပြုခဲ့သည်။ အဆောက်အအုံကို ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက အသုံးပြုခဲ့ပြီး ပါတီဌာနချုပ်အဖြစ် လည်း အသုံးပြုခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်း တရားရုံးချုပ်အပါအဝင် အစိုးရရုံးများအဖြစ် ပြန်လည်ဖွင့်လှစ်အသုံးပြုခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ဤအဆောက်အအုံအပါအဝင် ရန်ကုန်မြို့ရှိ အထင်ကရအမွေအနှစ် အဆောက်အအုံများတွင် လုပ်ငန်းလုပ်ကိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် Prime Residence အကြား ငှားရမ်းမှုသဘောတူ စာချုပ်ချုပ်ဆိုခဲ့ကာ Rosewood Yangon ဟိုတယ်အဖြစ် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။ ။


