ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
မန်ကျည်သီးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်သလဲ
မန်ကျည်းသီးက အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ မန်ကျည်းသီးကို ကမ္ဘာတလွှားက ဟင်းပွဲတွေမှာ အသုံးပြုကြသလို မန်ကျည်းသီးမှာ ဆေးဖက်ဝင်တဲ့ အာနိသင်တွေလည်း ရှိပါတယ်။ မန်းကျည်းသီးက ကျန်းမာရေးအတွက် ဘယ်လောက်ထိ အကျိုးပြုသလဲဆိုတာနဲ့ ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာတွေကို မျှဝေပေးလိုက်ပါတယ်။
မန်ကျည်းဆိုတာ
မန်ကျည်းက သစ်မာပင်မျိုးဖြစ်ပါတယ်။ အာဖရိက မျိုးရင်းအပင်ဖြစ်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသ တော်တော်များများမှာ ပေါက်ရောက်ပါတယ်။
မန်ကျည်းပင်မှာ ပဲတောင့်လိုမျိုး မန်ကျည်းတောင့်တွေသီးပါတယ်။ အသီးရဲ့အတွင်းပိုင်းမှာ အမျှင်ဓာတ်ပါဝင်တဲ့ အသားတွေက အစေ့ကိုငုံထားပါတယ်။
မန်ကျည်းသီးစိမ်းရဲ့ အတွင်းသားက စိမ်းပြီး ချဉ်ပါတယ်။ မှည့်သွားတဲ့အခါမှာတော့ အရည်ရွှမ်းတဲ့အသားဖြစ်လာပြီး အနှစ်လိုမျိုးဖြစ်လာကာ ချိုချိုချဉ်ချဉ် အရသာရှိပါတယ်။
အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း
မန်ကျည်းသီးက အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် ဝမ်းမှန်စေပြီး အစာအိမ်နဲ့အူလမ်းကြောင်းကို သန့်စင်စေပါတယ်။ မန်ကျည်းသီးက အသည်း၊ အူမကြီးနဲ့ အခြားအစာခြေ အင်္ဂါအစိတ်အပိုင်းတွေကို ကျန်းမာစေပါတယ်။ မန်ကျည်းသီးကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
သွေးလည်ပတ်မှု ကောင်းမွန်အောင် အထောက်အကူပြုနိုင်ခြင်း
မန်ကျည်းသီးမှာ သံဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ မန်ကျည်းသီးက နေ့စဉ်စားသုံးနေတဲ့ သံဓာတ် ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးပါတယ်။ သံဓာတ်က သွေးနီဥဆဲလ်တွေကို တိုးစေပါတယ်။ ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ထောက်ပံ့ပေးမှုကိုလည်း အထောက်အကူပေးပါတယ်။
အာရုံကြော လုပ်ငန်းစဉ်တွေကို တိုးတက်စေခြင်း
အသက်အရွယ်ရလာတာနဲ့အမျှ သိမြင်မှုလုပ်ငန်းစဉ်တွေ ကောင်းမွန်စေဖို့ သဘာဝအစားအစာတွေအပေါ် မှီခိုလာကြရပါတယ်။ အာရုံကြောစနစ်ကို တိုးမြှင့်ပေးတဲ့ အစားအစာတွေထဲမှာ မန်ကျည်းသီးလည်းပါဝင်ပါတယ်။
မန်ကျည်းသီးမှာ အာရုံကြောရဲ့ လုပ်ငန်းစဉ်တွေနဲ့ မှတ်ဉာဏ်ကိုတိုးတက်စေတဲ့ သီရာမင် (ဗီတာမင် B6) ကြွယ်ဝစွာပါဝင်ပါတယ်။
ဆီးချိုထိန်းညှိရာမှာ အထောက်အကူပြုနိုင်ခြင်း
အရသာရှိလှတဲ့ မန်ကျည်းသီးက သွေးတွင်း အချိုဓာတ်ကို ထိန်းညှိတာနဲ့စောင့်ကြည့်တာတွေကို အထောက်အကူပြုပါတယ်။ မန်ကျည်းသီးက သကြားဓာတ်နဲ့အဆီဓာတ်တွေ ဖွဲ့စည်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကို နှေးကွေးစေနိုင်သလို အင်ဆူလင်ပမာဏကိုလည်း တိုးစေနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ မန်ကျည်းသီးစားသုံးပေးနိုင်ပါတယ်။
ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးခြင်း
မန်ကျည်းသီးမှာ ဆဲလ်တွေနဲ့ကိုယ်တွင်းအင်္ဂါတွေကို ပြင်ပကဓာတုပစ္စည်းတွေကြောင့် ထိခိုက်မှုမရှိအောင ်ကာကွယ်ပေးပြီး ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် စီတို့ကြွယ်ဝစွာ ပါဝင်ပါတယ်။ မန်ကျည်းသီးမှာ ရောင်ရမ်းမှုကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိသလို၊ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်း၊ ရောဂါကာကွယ်နိုင်တဲ့ အစွမ်းတွေလည်းရှိပါတယ်။ ကိုယ်ခံအားစနစ် တိုးတက်အောင်လည်း အထောက်အကူပြုပါတယ်။
သွေးသန့်စေခြင်း
မန်ကျည်းသီးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေ၊ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်နဲ့ဗီတာမင် စီတို့ ကြွယ်ဝစွာပါဝင်တာကြောင့် သွေးသန့်အောင် လုပ်ဆောင်ပေးပါတယ်။ မန်ကျည်းသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် free radicals တွေကိုတိုက်ဖျက်ပေးပြီး သွေးသန့်စေပါတယ်။
နှလုံးကျန်းမာစေခြင်း
မန်ကျည်းသီးက နှလုံးကိုလည်းကောင်းမွန်စေပါတယ်။ မန်ကျည်းသီးက ကိုလက်စထရောကို ထိထိရောက်ရောက် ထိန်းညှိပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စရော (LDL) ကိုကျဆင်းစေပြီး အကျိုးပြုကို လက်စထရော (HDL) ကို တိုးတက်အောင်လုပ်ဆောင်ပေးပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဗီတာမင် စီ ကြွယ်ဝမှုကလည်း နှလုံးသွေးကြောစနစ်အပေါ်မှာ ဖိအားသက်ရောက်မှုတွေကို လျော့ကျစေပါတယ်။
ဝက်ခြံကုသနိုင်ခြင်း
မန်ကျည်းသီးမှာ ဗီတာမင် စီ၊ ဗီတာမင် အေ နဲ့အခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားရောင်ရမ်းတာနဲ့ ဝက်ခြံတွေကို သက်သာစေပါတယ်။
ကိုယ်ဝန်ဆောင်တွေအတွက်မန်ကျည်းသီးက သင့်တော်သလား
မန်ကျည်းသီးက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာနဲ့ (morning sickness) ကိုယ်ဝန်ဆောင်ချိန် မနက်ခင်းပျို့အန်ခြင်းလိုမျိုး ဝေဒနာတွေကို သက်သာစေပါတယ်။ မန်ကျည်းသီးက အမျှင်ဓာတ်ကြွယ်ဝပြီး အစားစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့အပြင် သန္ဓေသားကြီးထွား ဖွံ့ဖြိုးမှုကိုလည်း လှုံ့ဆော်ပေးပါတယ်။ မန်ကျည်းသီးက ဝမ်းတွင်းအေးစေတဲ့ အာနိသင်ရှိပါတယ်။ မန်ကျည်းသီးကို ဆား၊ ငရုတ်ကောင်းတို့နဲ့ ရောစပ်စားသုံးပေးမယ်ဆိုရင် မအီမသာဖြစ်တာကိုသက်သာစေပါတယ်။ မစားသုံးခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
မန်ကျည်းသီးရဲ့ ဘေးထွက်ဆိုးကျိုးများ
အကောင်းအဆိုး ဒွန်တွဲနေတယ်ဆိုတဲ့စကားအတိုင်း မန်ကျည်းသီးက ကျန်းမာရေးကို အထောက်အကူပြုတာရှိသလို ဆိုးကျိုး သက်ရောက်တာမျိုးတွေလည်း ရှိပါတယ်။ သတိပြုနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
• အကိုက်အခဲပျောက်ဆေး၊ ibuprofen နဲ့ သွေးကျဲဆေး မှီဝဲနေရသူတွေအနေနဲ့ မန်ကျည်းသီးကို လုံးဝမစားသင့်ပါဘူး။ သွေးယိုစီးမှု ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် အဆိုပါဆေးဝါးတွေကို မှီဝဲနေသူတွေအနေနဲ့ မန်ကျည်းသီးလုံးဝမစားသင့်ပါဘူး။
• မန်ကျည်းသီးကို အလွန်အကျွံစားသုံးပါက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး (hypoglycemia ) သွေးတွင်းသကြားဓာတ် လျော့နည်းခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် တစ်နေ့ကို မန်ကျည်းသီး ၁၀ ဂရမ်ထက် ပိုမစားသင့်ပါဘူး။
• မန်ကျည်းသီးနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ အရေပြားမှာ အနီအပိန့်တွေထွက်တာ၊ အော့အန်တာမျိုးတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် မန်ကျည်းသီးဓာတ်မတည့်မှုရှိရင် မန်ကျည်းသီးမစားသင့်ပါဘူး။
• မန်ကျည်းသီးမှာ အက်ဆစ်ဓာတ်ပါတာကြောင့် အလွန်အကျွံစားသုံးမယ်ဆိုရင် သွားကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။
• မန်ကျည်းသီးကို အလွန်အကျွံစားသုံးမယ်ဆိုရင် သည်းခြေကျောက်တည်တာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
• မန်ကျည်းသီးကို မကြာခဏ တသွတ်သွတ်စားသုံးတာက အစာချေစနစ်အတွင်းမှာ အက်ဆစ်ပမာဏတွေကို တိုးစေပြီး အစာအိမ် အချဉ်ပေါက်တာကိုဖြစ်ပေါ်စေပါတယ်။
• မန်ကျည်းသီး အလွန်အကျွံစားသုံးမှုက သွေးအားနည်းစေနိုင်သလို သံဓာတ်အားနည်းစေပြီး ခေါင်းကိုက်တာ၊ ညီးစီစီဖြစ်တာမျိုးတွေကို ခံစားရစေပါတယ်။
• မန်ကျည်းသီးက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီး သွေးချိုထိန်းညှိမှုကို အနှောင့်အယှက် ဖြစ်စေနိုင်တာကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို သေချာစောင့်ကြည့်ပြီးမှသာ စားသုံးပေးသင့်ပါတယ်။
• မန်ကျည်းသီးက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူနေစဉ်အတွင်းနဲ့ ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တာကြောင့် ခွဲစိတ်ကုသမှု ခံယူမယ့်သူတွေအနေနဲ့ ခွဲစိတ်ကုသမှုမခံယူခင် နှစ်ပတ်အလိုကတည်းက မန်ကျည်းသီးမစားဘဲနေရမှာဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”
{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm တွင်လည်းကောင်း၊ Android ဖုန်းများအတွက် https://play.google.com/store/apps/details?id=com.creative_webstudio.myanmardigitalnews&hl=en တွင်လည်းကောင်း၊ IOS ဖုန်းများအတွက် https://apps.apple.com/us/app/myanmar-digital-news/id1213734616 တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


