ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူတော်တော်များများက ခန္ဓာကိုယ်ကျန်းမာအောင် နို့သောက်ပါလို့ပြောလိုက်ရင် နွားနို့သောက်ရမယ်ဆိုတဲ့ စိတ်ကူးက အရင်ဖြစ်လာတာပါ။ တကယ်တော့ ခန္ဓာကိုယ်မှာ အားပြည့်အောင် သောက်သုံးလို့ရတဲ့နို့က နွားနို့တစ်မျိုးတည်းရှိတာ မဟုတ်ပါဘူး။ ဆိတ်နို့လည်းရှိပါတယ်။ ဆိတ်နို့ကလည်း ခန္ဓာကိုယ်အတွက် အာဟာရကိုဖြည့်တင်းပေးနိုင်ပါတယ်။ ဆိတ်နို့မှာ သဘာဝအာဟာရဓာတ်တွေ နွားနို့ထက် ပိုမိုပါဝင်ပါတယ်။ ရှေးလူကြီးတွေ ပြောပြချက်အရ ဆိတ်နို့က နွားနို့ထက် ပိုပြီးအာဟာရဓာတ်တွေ ပိုကြွယ်ဝတယ် ပိုအားရှိတယ်လို့ ပြောကြပါတယ်။

ဆိတ်နို့ဆိုတာ

ဆိတ်နို့ဆိုတာက ဆိတ်ကနေရတဲ့ နို့အမျိုးအစားတစ်မျိုးပေါ့။ ဆိတ်နို့မှာ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်စ်၊ riboflavin တို့လိုမျိုး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။ နှလုံးကျန်းမာစေနိုင်တဲ့ Fatty Acid ပါဝင်နေပါတယ်။ ကလေးလေးတွေကနေစလို့ လူကြီးတွေအထိ သောက်လို့ရပါတယ်။ ခြုံပြီးပြောပြရရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာနို့တစ်မျိုးပါ။

ဆိတ်နို့မှာပါတဲ့ အာဟာရဓာတ်တွေ

-    ပရိုတင်း

-    အဆီ

-    ဗီတာမင် A (ဗီတာမင် အေ)

-    ဗီတာမင် B1 (သီရာမင်း)

-    Riboflavin •

-    ဗီတာမင် C (ဗီတာမင် စီ)

-    ဗီတာမင် D (ဗီတာမင် ဒီ)

-    ကယ်လ်ဆီယမ်

-    ဖော့စဖောရပ်စ်

-    ကိုလက်စထရော

-    သကြားဓာတ်

-    Saturated fatty acid

-    Monounsaturated fatty acid

-    Polyunsaturated fatty acid တို့ပါဝင်နေပါတယ်။

ဆိတ်နို့ နဲ့ နွားနို့ဘာကွာလဲ……

ဆိတ်နို့နဲ့နွားနို့က ပုံမှန်အားဖြင့်ကတော့ အတူတူပဲလို့ ထင်စရာရှိပါတယ်။ နို့အမျိုးအစားဆိုတာချင်းတူပေမယ့် အာဟာရဂုဏ်သတ္တိကစလို့ ခန္ဓာကိုယ်ပေါ်မှာ ဓာတ်ပြုပုံချင်းပါကွာခြားနိုင်ပါတယ်။ ဘယ်လိုတွေကွာခြားလဲ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေဆက်ရှင်းပြပါရစေ။

ဆိတ်နို့က နွားနို့ထက် ပရိုတင်းပါဝင်မှုများတယ် – ပရိုတင်းလိုအပ်ချက်မြင့်တဲ့ ကလေးငယ်တွေနဲ့ လူကြီးမိဘတွေအတွက် အထူးသင့်တော်ပါတယ်။

ဆိတ်နို့ပရိုတင်းကအစာကြေလွယ်တယ် - ဆိတ်နို့ပရိုတင်းက ကလေးငယ်တွေရဲ့ ဝမ်းဗိုက်ထဲမှာ လွယ်ကူစွာချေဖျက်နိုင်လို့ ကလေးတွေအတွက် အစာမကြေတာ ဗိုက်အောင့်ဗိုက်နာတို့ မရှိတာတွေ မဖြစ်စေပါဘူး။

ဓာတ်မတည့်မှုဖြစ်နိုင်ခြေနည်းတယ် – နွားနို့က ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပေမယ့် ဆိတ်နို့ကတော့ ဓာတ်မတည့်မှုဖြစ်နိုင်ခြေ တော်တော်လေးနည်းပါတယ်။ ဆိတ်နို့ကို တိုက်ကျွေးခြင်းအားဖြင့်် ဓာတ်မတည့်ဖြစ်ခြင်းကို လျော့နည်းစေပါတယ်။

lactose (နို့သကြားဓာတ်) ပါဝင်မှုနည်းတယ် – ဆိတ်နို့က နွားနို့ထက် lactose (နို့သကြားဓာတ်) ပါဝင်မှုနည်းတာကြောင့် အစာခြေစနစ်က ချေဖျက်ရာမှာ အလွယ်တကူချေဖျက်နိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ် – MCT oil လို့ခေါ်တဲ့ အရည်အသွေးမြင့်အဆီတွေ အများကြီး ပါဝင်လို့ သဘာဝအာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်ပြီး အလွယ်တကူ ချေဖျက်စုပ်ယူနိုင်တာကြောင့် ကလေးတွေရဲ့ ဝမ်းဗိုက်ကို သက်တောင့်သက်တာရှိစေပြီး ဝမ်းပျော့ပျော့ သွားစေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ပါတယ်။

အသားအရေကိုကျန်းမာစေနိုင်တယ် – နို့တွေက အသားအရေကို ကျန်းမာစေနိုင်တယ်ဆိုတာကတော့ သိထားပြီးဖြစ်မှာပါ။ နွားနို့နဲ့မတူတာ ဆိတ်နို့က ဗီတာမင် A (ဗီတာမင် အေ) ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံတွေကို တိုက်ဖျက်ပေးပြီး အသားအရေကို ကြည်လင်စေသလို ကျန်းမာစေနိုင်ပါတယ်။ ဆိတ်နို့မှာပါတဲ့ Latic Acid ကအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။

ဆိတ်နို့ရဲ့ အားသာချက်တွေက……

ဆိတ်နို့ရဲ့ အားသာချက်တွေကတော့

-    အစာကြေလွယ်တယ်

-    ဓာတ်မတည့်မှုဖြစ်နိုင်ခြေနည်းတယ်

-    ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွားနဲ့အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေတယ်

-    သွေးတွင်းကိုလက်စထရောကို ကျစေတယ်

-    အသားအရေကျန်းမာစေနိုင်တယ်

-    အာဟာရစုပ်ယူမှုအားပိုကောင်းစေတယ်

-    နှလုံးကျန်းမာစေနိုင်တယ်

-    ကိုယ်ခံအားကောင်းတယ်

-    ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ အထောက်အပံ့ပေးတယ်

-    မှတ်ဉာဏ် ကောင်းစေတယ်

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”