၂၁ သြဂုတ်


အင်္ဂါနေ့က ထုတ်ပြန်လိုက်သည့်  ကျားများကို ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းထားသော ထုတ်ပြန်ချက်တစ်ခုတွင် ၂၁ ရာစုအတွင်းမှာ ကျားကောင်ရေ ၂၃၀ဝ ကျော်ဟာ တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းနှင့် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

 

သက္ကရာဇ် ၂၀ဝဝ ပြည့်နှစ်ကတည်းက တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (TRAFFIC) က သတိပေးနေသော်လည်း ကျားတွေကို စောင့်ရှောက်တဲ့ လက္ခဏာက မရှိသလောက် နည်းနေသည့်အတွက် ပျမ်းမျှအားဖြင့် တစ်နှစ်ကို ကျားကောင်ရေ ၁၂၀ ကျော်ဟာ တရားမဝင် ရောင်းဝယ်ရန်အတွက် ဖမ်းဆီးခံနေရာ တစ်ပတ်ကို ကျားနှစ်ကောင်နှင့်အထက် သေဆုံးနေကြောင်း မှတ်ယူရနိုင်ပါသည်။ 

 

ထုတ်ပြန်ချက်ကို ရေးသားခဲ့သည့် တောရိုင်းတိရစ္ဆာန်များ ကုန်သွယ်မှု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (TRAFFIC)၏ အရှေ့တောင်အာရှဆိုင်ရာ  အကြီးအကဲ ကနီသာ ခရှစ်ရှနာဆာမိက ဒီကိန်းဂဏန်း အချက်အလက်ဟာ အလွန် စိုးရိမ်စရာကောင်းကြောင်း၊ တိုက်ဖျက်နေရင်း ရှုံးနေသလို ဖြစ်နေကြောင်း ပြောကြားခဲ့သည်။    

 

၁၉၀ဝ ခုနှစ်က ကျားကောင်ရေ တစ်သိန်းကျော်ဟာ ကမ္ဘာ့တစ်ဝှမ်းမှာ ကျင်လည်ကျက်စားခဲ့သည်ဟု ခန့်မှန်းရပြီး မှတ်တမ်းအရ ၂၀၁၀ ခုနှစ်မှာ ကျားကောင်ရေ ၃၂၀ဝ ထိ ကျဆင်းလာခဲ့သည်။ အဲဒီနောက် မွေးဖွားနှုန်း ပြန်တက်လာပြီး ယခုအခါမှာ  ကျားကောင်ရေ ၃၉၀ဝ နီးပါး သည် သစ်တောထဲတွင် ရှင်သန်ကျက်စားနေသည်ဟု ခန့်မှန်းရသည်။

 

ဝယ်လိုအား လိုအပ်ချက်အရ ကျားအရိုး၊ ကျားအရေခွံ၊ ကျားအသေ ဒါမှမဟုတ် အရှင်ကို အကောင်လိုက် ရောင်းဝယ်ခြင်းများဟာ ဆက်လက်မြင့်တက်လျက် ရှိနေကြောင်း၊ အခုချိန်ဟာ စကားနှင့်ပြောနေဖို့ထက် ကျားတွေ မဆုံးရှုံးအောင် လက်တွေ့ကာကွယ်ရမည်ဖြစ်ကြောင်း  ကနီသာ ခရှစ်ရှနာဆာမိက ပြောသည်။

 

မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိသည့် တိရစ္ဆာန်များကိုကာကွယ်ရန်နှင့် ၎င်းတို့၏ အစိတ်အပိုင်းများကို တရားမဝင် ရောင်းဝယ်ဖောက်ကားသူများကို အစိုးရများက ဖမ်းဆီးနိုင်ရန်အတွက် ၁၉ နှစ်တာကာလအတွင်း အချက်အလက်များကို လေ့လာဆန်းစစ်မှု ပြုလုပ်ချက်အရ နိုင်ငံပေါင်း ၃၂ နိုင်ငံမှာ ၂၀ဝ၀ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ခန့်မှန်းခြေ ကျားကောင်ရေ စုစုပေါင်း ၂၃၅၉ ကောင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

တရားမဝင် ရောင်းဝယ်မည့် ကျားအရေခွံများကို မကြာခဏဆိုသလို ဖမ်းဆီးရမိပြီး ပျမ်းမျှအားဖြင့် တစ်နှစ်ကို ကျားအရေခွံ ၅၈ ခုလောက် ဖမ်းဆီးရမိကြောင်း သိရသည်။

 

တရားမဝင် ရောင်းဝယ်မှုတွင် ကျားမွေးမြူရေး စခန်းများ၏ အခန်းကဏ္ဍလည်း မြင့်မားလာပြီး အထူးသဖြင့် အရှေ့တောင်အာရှရှိ ကျားမွေးမြူရေး စခန်းများဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ဖမ်းဆီးရမိသည့် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများ၏ တစ်ဝက်ကျော်သည် ထိုင်းနိုင်ငံနှင့် သုံးပုံတစ်ပုံသည် ဗီယက်နမ် နိုင်ငံတို့တွင်ရှိသည့် မွေးမြူရေးစခန်းများမှဖြစ်ကြောင်း သိရသည်။

 

ကျားများကို လှောင်အိမ်မှာ ထည့်သွင်းမွေးမြူခြင်းဟာ ၎င်းတို့၏ရှင်သန်ရေးကို ကူညီရာရောက်ကြောင်းပြောဆိုပေမယ့် တောရိုင်းတရိစ္ဆာန် ထိန်းသိမ်းရေး အုပ်စုများကတော့ လှောင်အိမ်မှာ ထိန်းသိမ်းမွေးမြူခြင်းက တရိစ္ဆာန်များအတွက် ဈေးကွက် အသစ်ကိုဖန်တီးပေးသလို ဖြစ်သွားမှာကို စိုးရိမ်ကြောင်း ပြောဆိုထားသည်။

 

ပြီးခဲ့သည့် အင်္ဂါနေ့က ဂျီနီဗာမြို့တွင် Convention on International Trade in Endangered Species (CITES) အဖွဲ့ဝင် နိုင်ငံများ တွေ့ဆုံခဲ့ကြပြီး အပင်နှင့် တိရစ္ဆာန် မျိုးစိတ် ၃၅၀ဝ၀ အပေါ် ရောင်းဝယ်ဖောက်ကားမှုနှင့် ပတ်သက်ပြီး အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာအရ ကျားမွေးမြူရေး စခန်းများသည် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုကို အားပေးကူညီမှု မပြုရန် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

SMZaw(MDN)
Source> AFP