မလှိုင် ၂၅ သြဂုတ် 


သြဂုတ် ၂၄ ရက် ည ၈ နာရီခွဲခန့်တွင် မလှိုင်မြို့ အမှတ် (၁) ရပ်ကွက် နယ်မြေ (၆) ရှိ အပ္ပမာဒဘုရားကုန်းတော်ပေါ်သို့ ဘူရားဖူးလာသူ စီးနင်းလာသည့် ဆိုင်ကယ်အား ခိုးယူသူနှစ်ဦးကို နယ်ထိန်းအဖွဲ့နှင့် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း မလှိုင်မြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ မလှိုင်မြို့ အမှတ် (၃) ရပ်ကွက် နယ်မြေ (၃) နေ မရီရီအောင် (၂၀)နှစ်သည် သူငယ်ချင်း (၄)ဦးနှင့်အတူ ဘုရားဖူးရန်အတွက် ဆိုင်ကယ် (၃)စီးဖြင့် အပ္ပမာဒဘုရားကုန်းတော်ပေါ်သို့ သွားရောက်ခဲ့ပြီး ဘုရားကုန်းတော် ရင်ပြင်ပေါ်တွင် စီးနင်းလာသော ဆိုင်ကယ်များအား ရပ်ထားခဲ့ကြောင်း၊ ဘုရာဖူးပြီး ဘုရားအနီးရှိ မုန့်ဆိုင်တွင် မုန့်စား၍ ဆိုင်ကယ်ရပ်နားရာသို့ ပြန်လာစဉ် ဆိုင်ကယ် (၃) စီးအနက်မှ မရီရီအောင် စီးနင်းလာသော HONDA WAVE - 100 အမျိုးအစား နက်ပြာရောင်ဆိုင်ကယ်မှာ ပျောက်ဆုံးနေသဖြင့် အနီးအနားတွင် လိုက်လံရှာဖွေစဉ် လှည့်ကင်းဆောင်ရွက်နေသော မလှိုင်မြို့မရဲစခန်းမှ ဒုရဲအုပ်ဆန်းမြိုင် ဒုတပ်ကြပ်ဝင်းဇော်ဦးနှင့် ဒုတပ်ကြပ်ဇော်မျိုးထွန်းနှင့် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး ဦးမျိုးမြင့်နိုင်တို့အား တွေ့ရှိ၍ အကူအညီတောင်းခံခဲ့ကြောင်း၊ လှည့်ကင်းအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ လိုက်လံရှာဖွေရာ ဘုရားကုန်းတော်တောင်ဘက်မှ ထီးဆောင်းကြီးဘုရားသို့ သွားသောလမ်းတွင် မရီရီအောင် စီးနင်းလာသော ဆိုင်ကယ်အား ခိုးယူသွားသူ မလှိုင်မြို့ အမှတ် (၂) ရပ်ကွက် နယ်မြေ (၁၄) နေ ဖိုးသား(ခ)ဟိန်းထက်အောင် (၂၆)နှစ်နှင့် သူရိန်စိုး (၁၅)နှစ်တို့ ညီအစ်ကိုနှစ်ဦးအား ၎င်းတို့ခိုးယူထားသည့် ဆိုင်ကယ်နှင့်အတူ တွေ့ရှိရသဖြင့် မရီရီအောင်မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား ခိုးယူသူ ဖိုးသား(ခ)ဟိန်းထက်အောင်နှင့် သူရိန်စိုးတို့ ညီအစ်ကိုနှစ်ဦးအား မလှိုင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဘိုဘို(မလှိုင်)