မယ်စဲ့ ၂၈ သြဂုတ်
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က ကျောက်စုနှင့် မယ်ဆည်နမ် ကျေးရွာအကြားရှိ ကားလမ်းမိုင်တိုင်အမှတ် ၇ မိုင် ၃ ဖာလုံခန့်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိ၍ ဆိုင်ကယ်စီးနင်းလာသူ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖားဆောင်းဘက်မှ မယ်စဲ့ဘက်သို့ မင်းမင်းလတ် (၃၆)နှစ် တောင်ပေါ်ကျေးရွာ၊ ဖားဆောင်းမြို့နယ်နေသူ မောင်းနှင်လာသော WISH အမျိုးအစား (အဖြူရောင်) YGN 5H/----- ယာဉ်သည် မယ်စဲ့ဘက်မှ ဖားဆောင်းဘက်သို့ မောင်းနှင်လာသော ဦးဒါလို (၆၂ နှစ်) ခဲမဖြူ (၂)ရပ်ကွက်၊ ဖားဆောင်းမြို့နယ်နေသူနှင့် ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသူ စောဘော်ထူးစေးကလိုဝါး၊ အသက်(၈)နှစ်၊ ဆိုင်ကယ်အမျိုးအစား တရုတ်နိုင်ငံထုတ် နံပါတ်မပါ (ယာဉ်လိုင်စင်စိစစ်ဆဲ)အား မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ဦးဒါလိုမှာ ယာဘက်ပေါင်ကျိုး၊ ဝဲဘက်ဒူးခေါင်းသွေးထွက်၊ ဝဲဘက်ခြေမျက်စိ ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)ရရှိပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ စောဘော်ထူးစေးကလိုဝါးသည် ဝဲဘက်ဒူးခေါင်းပွန်းခြစ်ဒဏ်ရာတစ်ချက်၊ ယာမျက်ခုံးပွန်းခြစ်ဒဏ်ရာတစ်ချက်၊ ဝဲဘက်နားသွေးယိုစိမ့်(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် WISH ယာဉ်မောင်း မင်းမင်းလတ်အား မယ်စဲ့မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


