နေပြည်တော် ၃၁ ဩဂုတ်  

မြစ်ကြီးနားမြို့ပေါ်တွင် သြဂုတ် ၆ ရက်က လုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း နှင့် ယခင် လုယက်မှုကျူးလွန်သည့်ဖြစ်စဉ်ကိုပါ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နေ ဒေါ်ဇုံးဝမ်သည် ဩဂုတ် ၆ ရက် မွန်းလွဲ  ၁ နာရီခွဲ ခန့်တွင် ကိုယ်ပိုင်ယာဉ်ဖြင့် ကမ္ဘောဇဘဏ်ခွဲအမှတ်(၁)မှ ငွေကျပ်သိန်း ၂၃၀ ကို ထုတ်ယူပြီး နေအိမ်သို့ ညနေ ၄ နာရီခန့်ပြန်လည်ရောက်ရှိစဉ် နေအိမ်အပြင်ဘက်၌ လူငယ်သုံးဦးသည် အဖြူရောင် Honda Fit ယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ လူငယ်နှစ်ဦးက ဒေါ်ဇုံးဝမ်အား ဓားဖြင့်ထောက်၍ ငွေကျပ်သိန်း ၂၃၀ ပါ အထုပ်ကို ဆွဲယူထွက်ပြေးသွားမှုကြောင့် ၎င်းတို့ကို  အရေးယူပေးပါရန် ဒေါ်ဇုံးဝမ်က တိုင်တန်းသဖြင့် မြစ်ကြီးနားမြို့မရဲစခန်းက  အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ အမှုအား ကချင်ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ မသင်္ကာတရားခံ မတူးမာ(ခ) တိုးတိုးလွင်အား ဖော်ထုတ်ရမိပြီး ၎င်း၏ခင်ပွန်းဖြစ်သူ မြစ်ကြီးနားမြို့နေ ခင်မောင်ဇင် ၃၁ နှစ်၊ ရဲဇော်ထွန်း (ခ) ဘိုဘို ၂၆ နှစ်၊ သက်ထွေး ၂၉ နှစ် တို့ သုံးဦးက ဒေါ်ဇုံးဝမ်ထံမှ ငွေကျပ်သိန်း ၂၃၀ ကို လုယူခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း။

၎င်းတို့ သုံးဦးအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် Honda Fit အဖြူရောင် မော်တော်ယာဉ်နှင့် ပါဆုံးသွားသော သက်သေခံပစ္စည်းအချို့အား ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အနေဖြင့် အခြားပြစ်မှုများကိုလည်း ကျူးလွန်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း။

၎င်းတို့ ယခင်ကျူးလွန်ခဲ့သည့် ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊  အမှတ်(၁)ဈေး အပေါ်ထပ်ရှိ ကမ္ဘောဇ မီနီဘဏ်သို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ  ၃ နာရီခန့်တွင် လူငယ် ၄ ဦးက မျက်နှာဖုံးအုပ်လျက် အနက်ရောင် သေနတ်အတိုဖြင့် ခြိမ်းခြောက်ပြီး ငွေကျပ်သိန်း ၉၂၀ နှင့် ဘဏ်ဝန်ထမ်းသုံးဦး၏ လက်ကိုင်ဖုန်းများကို လုယူသွားခဲ့သည့်အတွက် မြစ်ကြီးနားမြို့မ ရဲစခန်း၌ အမှုဖွင့်အရေးယူထားခဲ့သော လုယက်မှုကို တရားခံ သက်ထွေး၊ ခင်မောင်ဇင် တို့နှင့်အတူ ဦးကဲ(ခ) အောင်ဆန်းထွေး၊ နိုင်မင်းထွန်းတို့ ၄ ဦးက ပူးပေါင်း၍ ကျူးလွန်ခဲ့သည်ဟု  စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း။

ပါဆုံးသွားသော သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိရေးနှင့် အခြားအမှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ ဆက်လက်စိစစ် ဖော်ထုတ်လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 

သတင်းစဉ်