၂ စက်တင်ဘာ
ဘေဘီလေးကို ချီလိုက်သူတိုင်းက မွှေးနေတာပဲလို့ ချီးမွှမ်းခံရတာကို သဘောကျလို့ ကလေးကို ရေချိုးပြီးတိုင်း ပေါင်ဒါလူးပေးတယ်။ ရှုးရှုးပေါက်လို့ သန့်ရှင်းရေးလုပ်ပြီးတိုင်း အင်းအင်းပါလို့ သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း ပေါင်ဒါရိုက်ပေးနေမိပြီလား။ မွှေးနေတာကောင်းပေမယ့် ပေါင်ဒါအရမ်းအများကြီး သုံးတာက ဘေဘီပိစိလေးအဖို့ သိပ်တော့မကောင်းလှပါဘူးနော်။
ပေါင်ဒါဆိုတာ
ပေါင်ဒါဆိုတာက သဘာဝကရတဲ့ အမွှေးနံ့သာပစ္စည်းတွေကို အသုံးပြုပြီးလုပ်ထားတဲ့ အမှုန်သေးသေးလေးတွေပါ။ ကလေးပေါင်ဒါမှုန့်လေးတွေက ဓာတုပစ္စည်းပါဝင်မှုမရှိတာကြောင့် ကလေးအသားအရေကို ထိခိုက်တာမျိုးဖြစ်မှာကိုတော့ စိုးရိမ်စရာမရှိပေမယ့် သေးငယ်တဲ့ အမှုန်လေးတွေက ကလေးအသက်ရှုစနစ်အတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်နော်။
ပေါင်ဒါမှုန့်ကြောင့် ဘေဘီလေးမှာ ဘာတွေများထိခိုက်သွားနိုင်လဲ
လေထဲမှာ လွယ်တကူပြန့်လွင့်လွယ်တဲ့ ပေါင်ဒါမှုန့်လေးတွေက ကလေးကို မွှေးစေတာမှန်ပေမယ့် အခုလိုမျိုး ထိခိုက်တာတွေတော့ ဖြစ်စေနိုင်ပါတယ်။
အဆုတ်ထိခိုက်စေနိုင်တယ်
ပေါင်ဒါလူးပေးချိန်မှာ ပေါင်ဒါမှုန့်လေးတွေက ကလေးရဲ့ နှာခေါင်းကနေတစ်ဆင့် အသက်ရှုလမ်းကြောင်းထဲကို ရောက်သွားပြီး ဖွံ့ဖြိုးဆဲ ကလေးအဆုတ်ထဲက နုနယ်လှတဲ့ လေအိတ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေနဲ့တော့ ကလေးကို အသက်ရှုရခက်စေပြီး အရမ်းပြင်းထန်ရင် သေဆုံးတဲ့အထိ ဖြစ်စေနိုင်တာပါ။
အသက်ရှုလမ်းကြောင်း ပြဿနာတွေ ခံစားရစေနိုင်တယ်
ကလေးကို ပေါင်ဒါလူးပေးတာက ကလေးကို ပေါင်ဒါတွေကို ရှုရှိုက်မိနိုင်ခြေပိုများစေနိုင်ပါတယ်။ ဒီလိုရှုရှိုက်မိတာက အဆုတ်ကို ထိခိုက်စေတယ်ဆိုတာတော့ အပေါ်မှာလည်း ပြောပြီးသားပါနော်။ ဒါပေမယ့် ထပ်ပြောပြချင်တာက ကလေးက ပေါင်ဒါမှုန့်တွေကို ရှုရှိုက်လိုက်တဲ့အခါ ချောင်းဆိုးမယ်။ အသက်ရှုကြပ်မယ်၊ ကြက်ညှာချောင်းဆိုးဖြစ်မယ်စတဲ့ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ကလေးကထိခိုက်လွယ်မယ်ဆိုရင် ပန်းနာရင်ကြပ်ရောဂါဖြစ်တာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။
အသားအရေဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်
ဓာတုပစ္စည်းမပါဘူးဆိုပေမယ့် ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင် ဘေဘီလေးတွေကတော့ ဓာတ်မည့်တာမျိုး တွေခံစားရနိုင်ပါတယ်နော်။ အသားအရေမှာ နီမြန်းရောင်ရမ်းတာမျိုး ဖြစ်မယ်ဆိုရင်တော့ ကလေးကို ပေါင်ဒါဆက်မလူးပေးပါနဲ့တော့။
ကင်ဆာဖြစ်စေနိုင်တယ်
ဒီအချက်က ဘေဘီမီးမီးလေးတွေအတွက်ပါနော်။ ရှုးရှုးပေါက်၊ အင်းအင်းပါပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ပေးပြီး ပေါင်ဒါရိုက်ပေးတာက ကလေးဆီးလမ်းကြောင်းထဲကို ပေါင်ဒါမှုန့်တွေ ရောက်ရှိသွားပြီး အချိန်ကြာမြင့်လာတဲ့အခါ သားဥအိမ်ကို ထိခိုက်တာမျိုး မျိုးပွားလမ်းကြောင်းကို ထိခိုက်တာမျိုးဖြစ်စေပြီး အရွယ်ရလာတဲ့အခါ သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ လေ့လာမှုတွေလုပ်ဖို့ လိုသေးတယ်ဆိုပေမယ့် သတိထားတာကတော့ အကောင်းဆုံးဖြစ်မှာပါနော်။
ဘေဘီလေးကို အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုပေါင်ဒါလူးပေးမလဲ
အကောင်းဆုံးကတော့ မလိုအပ်ဘူးဆိုရင် ကလေးကို ပေါင်ဒါမလူးပေးဖို့ပါ။ ကလေးကို မွှေးစေချင်တယ်ဆိုရင် baby lotion လေးလူးပေးပါနော်။ သမီးမိန်းကလေးမွေးထားတာဆိုရင်တော့ ပိုသတိထားဖို့လိုပါမယ်။ ကလေးကို ပေါင်ဒါလူးပေးတော့မယ်ဆိုရင် လက်ဖဝါးထဲကို အရင်ထည့်ပြီးမှာ ကလေးကို နောက်လက်တစ်ဖက်နဲ့ နည်းနည်းချင်စီ ယူလူးပေးပါ။ နှာခေါင်းနားမှာ ပေါင်ဒါမှုန့်ကိုထည့်တာမျိုး မလုပ်မိဖို့ သတိထားပေးပါ။ မျက်လုံးနားမှာလည်းမလုပ်မိပါစေနဲ့။ နောက်ဆုံးတစ်ချက်က ဘေဘီမီးမီးလေးတွေရဲ့ မိန်းမကိုယ်ကို ပေါင်ဒါမှုန့်ထည့်ပေးတာမျိုး မလုပ်ပါနဲ့။ ကလေးကို ပေါင်ဒါထည့်ပေးတဲ့အခါ လည်ပင်း၊ ခြေထောက်၊ ချိုင်းကြားနဲ့ ခန္ဓာကိုယ်တို့မှာသာ လူးပေးပါနော်။ မျက်နှာကို ပေါင်ဒါလူးပေးတာမျိုး မလုပ်ပါနဲ့။
ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”


