တောင်ငူ   ၃ စက်တင်ဘာ 
       

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ အမှတ် ၈၉ သစ်စက်အနီး ရန်ကုန်-မန္တလေး ကားလမ်းတွင် စက်တင်ဘာ ၂ ရက်နေ့ ည ၈ နာရီခွဲခန့်က ဆင်နှစ်ကောင်တင်ဆောင်လာသည့် ယာဉ် သည် လမ်းဘေးချရပ်၍ ရပ်တန့်နားနေစဉ် လမ်းကြောင်းတူ မောင်းနှင်လာသော ၁၂ ဘီးကုန်တင် ယာဉ်မှအရှိန်လွန်ဝင်တိုက်မိခဲ့သဖြင့် နှစ်ဦးသေဆုံးကာ လွတ်ထွက်သွားသည့် ဆင်နှစ်ကောင်အား ညတွင်း ချင်းရှာဖွေထိန်းကြောင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ 


တောင်ငူမြို့နယ်သစ်တောဦးစီးဌာနတွင် ဆင်နှစ်ကောင်အားသက်တမ်းတိုးရန် ပျဉ်းမနားမြို့နယ်၊ တောင်ကျကျေးရွာမှ မော်တော်ယာဉ်ဖြင့် တင်ဆောင် မောင်းနှင်လာစဉ် တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ အမှတ် ၈၉ သစ်စက်အနီး ရန်ကုန်-မန္တလေးကား လမ်း မိုင်တိုင် ၁၉၆/၆ အရောက် ခေတ္တရပ်တန့်နေစဉ် လမ်းကြောင်းတူ မြောက်မှတောင်သို့ (အမည်၊ နေရပ်စီစစ်ဆဲ)မောင်းနှင်လာသော 9F/----NISSAN ၁၂ ဘီးကုန်တင်ယာဉ်မှ အရှိန်လွန်ပြီးဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။ 


ယာဉ်တိုက်မှုကြောင့် ဆင်နှစ်ကောင်တင်ဆောင်လာသည့် ယာဉ်ပေါ်မှ ဆင်ဦးစီးဖြစ်သူ စောကသီးမား ၂၀ နှစ်၊ ၂၀ ရပ်ကွက်၊ တောင်ငူမြို့နေသူမှာ ဆင်ပိ၍ ဦးခေါင်းကြေမွဒါဏ်ရာဖြင့်လည်းကောင်း၊ (အမည်၊ နေရပ်စုံစမ်းဆဲ) ၁၂ ဘီးကုန် တင်ယာဉ်မောင်းဖြစ်သူမှာ စတီယာရင်ဖြင့်ညှပ်လျက် ရရှိသည့်ဒဏ်ရာများဖြင့်လည်းကောင်း နေရာတွင် သေဆုံးသွားခဲ့ပြီး ဆင်နှစ်ကောင်မှ ညအမှောင်ထဲ လွတ်ထွက်သွားခဲ့သည်။


လွတ်ထွက်သွားသည့် ဆင်နှင်ကောင်အားပြန်လည် ထိန်းသိမ်းဖမ်းဆီးနိုင် ရေးအတွက် ကေတုမတီ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇင်လင်းထွန်း ဦးစီးအဖွဲ့၊ တောင်ငူမြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်း နှင့်အဖွဲ့ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ရှာဖွေခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအရှေ့ဘက် မြောက်ရေကြည်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတောင်ဘက် ကိုက် ၅၀ဝ ခန့်အကွာ ကြံစိုက်ခင်းအတွင်း၌တွေ့ရှိခဲ့သဖြင့် ဆင်ဦးစီးများ၏အကူအညီဖြင့် အမှတ် ၈၉ သစ်စက်ဝန်းအတွင်းသို့ထိန်းကြောင်းမောင်း နှင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


အမှုဖြစ်စဉ်နှင့် ပတ်သက်၍ အရှိန်လွန်ဝင်တိုက်ခဲ့သော ၁၂ ဘီးယာဉ် မောင်း(သေဆုံး)အား ကေတုမတီနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ 


ကိုလွင်(ဆွာ)