နေပြည်တော် ၅ စက်တင်ဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း တရားမဝင်သစ်ခိုး ထုတ်မှုများကို အချိန်မီတာဆီးကာကွယ်နိုင်ရန်နှင့် ဖမ်းဆီးအရေးယူနိုင်ရန်တို့အတွက် (Global Conservation) အဖွဲ့မှ ပေးအပ်ထားသည့် ခေတ်မီနည်းပညာများ အသုံးပြုထားသော ဆယ်လူလာဖုန်းစနစ်ဖြင့် စောင့်ကြည့်ကင်မရာမှတ်တမ်း Cellular Trailcam ၇ လုံးကို မေ ၁၉ ရက်မှစတင်တပ်ဆင်၍ စောင့်ကြည့်ခြင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သြဂုတ် ၂၈ ရက် ညနေပိုင်းတွင် ကျွဲရှဉ်းများဖြင့် သစ်ခိုးထုတ်ယူ သယ်ဆောင်နေသည့် ဓါတ်ပုံမှတ်တမ်းပေးပို့လာသည့်အတွက် တုန်းခေါင်းကင်းစခန်း တာဝန်ကျအဖွဲ့မှ တောအုပ် ဦးဝင်းအောင် ဦးဆောင်သည့် ထိန်းသိမ်းရေးဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ရာ တုံးခေါင်းကင်းစခန်း၏ တောင်ဘက် ၂ မိုင်ခန့်အကွာမှ ပိတောက်ခွဲသားများ တရားမဝင် သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ပိတောက်ခွဲသား ၂ ချောင်း ဝ ဒသမ ၂၀၇၄ တန်၊ ကျွဲအထီး ၄ ကောင်၊ ထမ်းပိုးတုံး ၂ တုံးနှင့် မနီလာကြိုး ၂ ချောင်းတို့ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် ကျွဲ၊ သစ်နှင့်ဆက်စပ်ပစ္စည်းများကို ကနီမြို့နယ် သစ်တောဦးစီးဌာန သင်္ကန်ဘိနယ်သစ်တောစခန်းတွင် အပ်နှံထားရှိပြီး ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း ယခုဖြစ်စဉ်အပါအဝင် စုစုပေါင်းအမှု ၄ မှု အရေးယူနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၁၄ ဦးနှင့်အတူ နွား ၃၆ ကောင်၊ ကျွဲ ၄ ကောင်၊ ပိတောက်ခွဲသား ၂၄ ချောင်း ၂ ဒသမ ၄၆၄၄ တန်၊ ထမ်းပိုးတုံး ၁၉ တုံးနှင့် မနီလာသစ်ဆွဲကြိုး ၁၄ ချောင်းတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


