ရန်ကုန်  ၇   စက်တင်ဘာ 


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ သနပ္ပင်ကျေးရွာလမ်းဆုံအလွန် ၆ လမ်းသွား လမ်းမကြီး၌ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီက တွဲကားနှင့် ဆိုင်ကယ်တို့ ပွတ်တိုက်မိရာ တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ သန်လျင်မြို့နယ် ၆ လမ်းသွားလမ်းမကြီးအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ဟိန်းထက်အောင် မောင်းနှင်လာသော အဖြူရောင်တွဲကား (အငှား) ယာဉ်သည် သန်လျင်မြို့နယ် သနပ္ပင်ကျေးရွာ လမ်းဆုံအလွန်အရောက် အရှိန်လွန်ကာ လားရာတူရှေ့ရှိ ဦးဝင်းမြင့် မောင်းနှင်လာသော ဆိုင်ကယ်ကို နောက်မှပွတ်တိုက်မိခဲ့ကြောင်း သိရသည်။


ယင်းသို့ ပွတ်တိုက်မိသဖြင့် ဆိုင်ကယ်မောင်း ဦးဝင်းမြင့်တွင် ရရှိသော ဒဏ်ရာများဖြင့် သန်လျင်အထွေထွေရောဂါကု ဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ) ဖြင့် ဆေးကုသလျက်ရှိပြီး  ဆိုင်ကယ်မောင်း ဦးဝင်းမြင့်နောက်တွင် လိုက်ပါစီးနင်းလာသူ မခင်မာထွေးမှာ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်နှင့် ဆိုင်ကယ်ပျက်စီးကာ လူသေဆုံး၊ ဒဏ်ရာရရှိစေသူ ယာဉ်မောင်းအား သန်လျင်မြို့မရဲစခန်းမှ ဥပဒေအရ  အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။


သက်ခိုင် (သန်လျင်)