နေပြည်တော် ၈ စက်တင်ဘာ

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်ကို ထုတ်ပြန်ခဲ့ရာ ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအနေဖြင့် (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။ အနောက်တောင်မုတ်သုံလေသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃ - ၁၈) ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ (၁၉ - ၂၄)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရာ ရှိသည်။ အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်သည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်သည်။

မိုးအခြေအနေနှင့် မိုးရွာရက်အနေဖြင့် မိုးရွာသွန်းမှုအခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈)ရက်မှ (၁၀)ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၅)ရက်မှ (၇) ရက်ခန့်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် (၂)ရက်မှ (၄)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်သည်။

MDN