လှည်းကူး ၉ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆/၆ နှင့် ၁၆/၇ ကြားအရောက်တွင် ယနေ့နံနက်(၃)နာရီခန့်က ခရီးသည်(၄၅)ဦးတင်ဆောင်လာသော ဟင်္သာတ-မန္တလေးခရီးသည်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ ယာဉ်မောင်း တင်ထွန်းဦး(၄၅)နှစ် အင်ကြင်းလမ်း၊ (၅၅၇)အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာပြီး ယာဉ်မောင်းအကူ ရဲလင်းထွန်း(၂၈)နှစ် နှင့် ယာဉ်နောက်လိုက် သန့်ဇင်(၂၄)နှစ် ကျွဲဆည်ကန်ရပ်ကွက်၊ ချမ်းမြေ့သာစည်မြို့နေသူတို့နှင့် ခရီးသည် ကျား/မ(၄၅)ဦးတင်ဆောင် လိုက်ပါလာသော ယာဉ်အမှတ် 7C/----- KING LONG ဖြူ/နီကြား "ရာဇာအောင်" ဟင်္သာတ-မန္တလေးပြေးဆွဲသည့် ခရီးသည်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီး စခန်းမှူးနှင့် အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူများအဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူ ကျား/မ(၄၅)ဦးအနက် သန်းနိုင်ထွန်း(၄၉)နှစ် ကျိုက်လတ်မြို့နေသူတွင် နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဦးအောင်ကျော်ဦး(၆၀)နှစ် ကွမ်းခြံကုန်းမြို့နေသူတွင် ဦးခေါင်း နောက်စေ့ ဖူးရောင်ဒဏ်ရာ၊ နှာခေါင်းနားများမှသွေးထွက်ဒဏ်ရာများနှင့် မမိုးသူ(၃၀)နှစ် ဟင်္သာတမြို့နေသူတွင် ဦးခေါင်း နောက်စေ့ ဖူးရောင်ဒဏ်ရာ၊ နှာခေါင်းနားများမှသွေးထွက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ကျား(၁၂)ဦး၊ မ(၁၆)ဦးမှာ ဒဏ်ရာများ အသီးသီးရရှိကာ လှည်းကူးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


