နေပြည်တော် ၉ စက်တင်ဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပြင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၅ ရက်မှ ၆ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် စပါးပုံတောင်မြောက်ဘက် ရွှေထိုးချောင်းနေရာမှ ကျွန်းသစ်ခွဲသား အရွယ်အစားစုံနှင့် လုံးပတ်သုံးပေအောက် ကျွန်းသစ် ၁၂ ဒသမ ၁၈၅၂ တန်၊ အင်ဂျင်တစ်လုံး၊ လွှဝိုင်းတစ်ဝိုင်းနှင့် ဆက်စပ် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် မုံရွာခရိုင် မုံရွာမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ရှိ ကျွန်းရွာသစ်ကျေးရွာ အနောက်ဘက် ချင်းတွင်းမြစ်အတွင်းမှ ကျွန်း၊ နဘဲ၊ ရေတမာ၊ ဘိုင်သစ်၊ မျောက်ငိုသစ် စုစုပေါင်း ၄၁ ဒသမ ၇၆၂၀ တန်နှင့် မုံရွာ/ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါ ကားလမ်း စုပေါင်းစစ်ဆေးရေးစခန်းအနီး၌ NISSAN DIESEL ခြောက်ဘီး ယာဉ်ပေါ်မှ ပိတောက်နှင့် ပျဉ်းကတိုးခွဲသား စုစုပေါင်း ၁၀ ဒသမ ၉၁၅၄ တန်ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သူများကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


