နေပြည်တော် ၁၀ စက်တင်ဘာ
သစ်တောဉီးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့် သတင်းပေးချက်အရ စက်တင်ဘာ ၆ ရက်မှ ၉ ရက်အထိ တိုင်းဒေသကြီး သုံးခုနှင့် ပြည်နယ်တစ်ခုတို့တွင် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပါဝင်သောပူးပေါင်းအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ကျွဲကူးကျေးရွာ ကျွဲကူးတံတား၏အနောက်ဘက်မှ သင်္ကန်းနှင့် ကဒွတ်ခွဲသား ၂၅ ဒသမ ၉၃၇၆ တန် တင်ဆောင်ထားသည့် စက်လှေတစ်စီးနှင့် ပြစ်မှုကျူးလွန်သူသုံးဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ခိုပဲဝရပ်ကွက် ကျောက်ပုံဆိပ်(ဆိပ်ကမ်း) နေရာမှ ကျွန်းနှင့်အင်ခွဲသား စုစုပေါင်း ၉ ဒသမ ဝ၈၀၈ တန် တင်ဆောင်ထားသည့် စက်လှေတစ်စီးနှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယင်းမာပင်မြို့နယ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ စည်သူသစ်ဆိပ်နေရာမှ ကျွန်းနှင့် အင်သစ်ခွဲသား စုစုပေါင်း ၁၁ ဒသမ ၈၇၂၆ တန်၊ ကသာခရိုင် အင်းတော်မြို့နယ် အောင်သူချောင် ချောင်းအတွင်းမှ ၂၅ ကောင် အင်ဂျင်တစ်လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့် ကျွန်း၊ ကညင်သစ် စုစုပေါင်း ၁၂ ဒသမ ၂၂၁ တန်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်း အနောက်ဘက်နေရာ၌ ရပ်တန့်ထားသော Bongo Braung ယာဉ်ပေါ်မှ ကျွန်း၊ ပိတောက်သစ်ခွဲသား စုစုပေါင်း ၁ ဒသမ ၆၇၂၅ တန် တို့ကို ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့နယ် ကျောက်ပုံကြီးကွင်း မြောက်ဘက် ရာဘာခြံအနီးတောစပ်မှ ပိတောက်၊ ပျဉ်းကတိုးနှင့် သဒီခွဲသား စုစုပေါင်း ၅ ဒသမ ၇၈၅၂ တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်များကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်


