ငပုတော ၁၁ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် အတွင်းရှိ မြစ်တစ်ရာ သစ်တောကြိုးဝိုင်း အကွက်အမှတ်(၁၂၁)၊ တင်းချောင်းကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၏ အနောက်ဘက်(၅)မိုင်ခန့်အကွာ ဒေသအခေါ် မဒေါ့ချောင်း အလယ်ဒေသအတွင်း၌ ယမန်နေ့ ညနေပိုင်းက အရေခွံတစ်ခြမ်း ခွာထားခံရပြီးသေဆုံးနေသော တောဆင်ရိုင်းတစ်ကောင်အားတွေ့ရှိရကြောင်း သိရသည်။
တောဆင်ရိုင်းသေဆုံးရာနေရာသို့ တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရေး အခြေစိုက်စခန်းအမှတ် (၁) မှ ရဲတပ်ကြပ်ကြီး ထွန်းသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ အခြေစိုက်စခန်းအမှတ် (၂) မှ ရဲတပ်ကြပ် မိုးကျော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ဒုရဲတပ်ကြပ် အောင်နိုင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်း၊ အရေးပေါ်ဆင်ကိစ္စ ဆောင်ရွက်မှုအဖွဲ့မှ တာဝန်ရှိသူများနှင့် အခြားပူးပေါင်းပါဝင်သော အဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးတွေ့ရှိချက်အရ သေဆုံးနေသော တောဆင်ရိုင်းမှာ အသက် ၂၃ နှစ်ခန့်ရှိသော ဆင်အမ တစ်ကောင်ဖြစ်ကာ အမြင့် ၇ ပေနှင့် အလျား ၆ ပေ ၇ လက်မရှိသည်။ အဆိုပါ တောဆင်ရိုင်းအမမှာ လွန်ခဲ့သော ၂ ရက်ခန့်ကပင် သေဆုံးသည်ဟု အဆိုပါအဖွဲ့မှ ခန့်မှန်းခဲ့ပြီး တောဆင်ရိုင်းသေဆုံးမှုမှာ အမှန်တကယ် ရောဂါဖြင့် သေဆုံးခြင်း၊ သတ်ဖြတ်ခံရခြင်းဟုတ်၊ မဟုတ်ကို သိရှိနိုင်ရန်အတွက် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


