လူ့လောကအလယ်တွင် ဂုဏ်သိက္ခာရှိရှိဖြင့် ရင်ကော့ခေါင်းမော့ ရပ်တည်ရှင်သန်နိုင်ရေးဆိုသည်မှာ မိမိကိုယ်တိုင်၏ သိက္ခာရှိမှု၊ လူအများ လေးစားလောက်သော အသိပညာ အတတ်ပညာကြီးမှု၊ လူ့လောက အကျိုးတစ်ခုခုအတွက် ကိုယ်တိုင်ကူညီ ဆောင်ရွက်ပါဝင်မှုတို့ပေါ်တွင် တည်၏။

ဆင်းရဲချမ်းသာနှင့်မဆိုင်၊ အလုပ်ကြီးငယ်နှင့်မဆိုင် လူတို့သည် မိမိရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင် အသိုက်အမြုံထဲတွင် ရင်ကော့ခေါင်းမော့ နေလိုသည်။ ထို့ထက်ပိုသည့်အခါ လူအများ၏ အသိအမှတ် ပြုခံလိုကြ၏။ လူအများ၏ လေးစားချစ်ခင်မှုကို လိုလားကြ၏။

သို့ရာတွင် ဝိသမလုပ်ငန်း၊ မသမာလုပ်ငန်းများ လုပ်ကိုင်ရင်း ငွေကြေးအရှိန်အဝါ ကြီးလာသူတို့သည် လည်းကောင်း၊ လက်နက်အားကိုး ဗိုလ်ကျစိုးမိုးကာ ဓားပြတိုက်၊ ခိုးဝှက်ရင်း ကြွယ်ဝလာသူတို့သည် လည်းကောင်း၊ တာဝန်ကို အလွဲသုံးရင်း အကျင့်ပျက်ကာ လာဘ်လာဘများဖြင့် ဥစ္စာဓန ကြွယ်ဝလာသူတို့သည် လည်းကောင်း၊ မည်သို့ပင် မတရားမှုများ ပြုခဲ့သည် ဖြစ်စေ၊ လူတကာက အရေးတယူပြုမှုကို ရလိုကြ၊ လူအများကြား ဝင်ဆံ့လိုကြ၊ လူတို့၏ လေးစားမှု နေရာပေးမှုကို လိုချင်ကြဆိုလျှင်ကား မိမိ၏ ဘဝအစစ်အမှန်ဖြင့် နေရာမရနိုင်။ မျက်နှာဖုံးအတုများ လိုအပ်လာတော့သည်။

ထိုသို့သောအားဖြင့် လူကြီးလူကောင်း အယောင်ဆောင်များ၊ ပညာတတ်၊ ပညာရှိအတုများ စသည့် မျက်နှာဖုံးစွပ် အတုအယောင်များ ပေါ်လာတော့သည်။

လက်တွေ့လောကတွင် အတုဟူသည် ကြာရှည်ခံလေ့မရှိ။ အတုအယောင်များ၊ အယောင်ဆောင်များ သမိုင်းစာမျက်နှာ များပေါ်မှ အရှိန်ပြင်းပြင်းဖြင့် လွင့်စဉ်ကျခဲ့ဖူးသည့် သာဓကများစွာရှိ၏။

ဂုဏ်သိက္ခာကြီးမြတ်သူဖြစ်ဖို့ သီလသိက္ခာ အမှန်တကယ် ကြီးမြင့်ဖို့လိုမည်သာဖြစ်၏။ လူကြီးလူကောင်းဖြစ်ဖို့ လူကြီး လူကောင်း စိတ်ဓာတ်၊ အတွေးအခေါ် ရင့်ကျက်ခြင်းတို့ အမှန်တကယ်ရှိဖို့လို၏။ ပညာရှိ ပညာတတ် တစ်ဦးအဖြစ် လေးစား ခံရရန်၊ အမှန်တကယ် ပညာရှိရန်၊ ပညာတတ်ရန် လို၏။ လေးစားအပ်သော သူကြွယ်ကြီးဖြစ်ဖို့ရာ လေးစားအပ်သော သမ္မာအာဇီဝ လုပ်ငန်းတို့ဖြင့် အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်ရင်း ကြီးပွားလာရန်လို၏။

လောကတွင် မည်သူတို့ မည်သို့ပင် အတုအယောင်များ ဖန်တီးနိုင်ကြသည်ဖြစ်စေ၊ သီလ၊ သိက္ခာ၊ သမာဓိ၊ ပညာဟူသည် အတုပြုလုပ် ဖန်တီးလို့မရ။ သီလ၊ သိက္ခာ၊ သမာဓိ၊ ပညာတို့ကို အတုအယောင်များဖြင့် ထုံမွှမ်းဖန်တီးထားရန် ကြိုးစားမည်ဆိုလျှင်လည်း ကြာရှည်မဖြစ်နိုင်။ ယင်းအမှန် တရားတို့ကို မည်သို့မျှ ဖုံးကွယ်နိုင်မည် မဟုတ်ပါလေ။

ထို့ကြောင့် သီလ၊ သိက္ခာ၊ သမာဓိ၊ ပညာတို့ဖြင့်သာ ရရှိလာနိုင်သည် ဂုဏ်ကျက်သရေ၊ အရှိန်အဝါတို့ကို ဘာနှင့်မျှ ဝယ်ယူ၍ ရနိုင်မည်မဟုတ်။ အမှန်တကယ် စောင့်ထိန်းကျင့်ကြံဆောင် ရွက်ကြခြင်းဖြင့်သာ မိမိတို့၏ ဂုဏ်ကျက်သရေ အရှိန်အဝါတို့ တိုးမြင့်ထွန်းလင်းကာ လူ့လောက အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်ကြမည်ဖြစ်၍ မိမိအသက်ရှင်စဉ် သာမက ကွယ်လွန်ပြီးသည့်နောက်ထိ သယ်ယူသွားနိုင်ကြမည် ဖြစ်ပါကြောင်း။     ။
(မြန်မာ့အလင်း)