အများပြည်သူ ဆည်းပူးလေ့လာမှတ်သားရာ အသိဉာဏ်ပညာဆိုင်ရာဌာန နှစ်မျိုးရှိသည်။ တစ်မျိုးမှာ လူအများအားလုံး လွတ်လပ်စွာဝင်ရောက် ဖတ်ရှုလေ့လာနိုင်သော စာကြည့်တိုက်နှင့် တစ်မျိုးမှာ အထူးကိစ္စရပ်အတွက် ကန့်သတ်ချက်ဖြင့် သီးသန့်လေ့လာနိုင်သော မော်ကွန်းတိုက်ဖြစ်သည်။ ယင်းနှစ်မျိုးတွင် နိုင်ငံတော်၏ ပြဋ္ဌဌာန်းချက်ဖြင့် ဖွင့်လှစ်ထားသော အမျိုးသား စာကြည့်တိုက်၊ အမျိုးသားမော်ကွန်းတိုက်တို့သည် စုဆောင်းမှု နှစ်ပေါင်း ရှည်လျားလာသည်နှင့်အမျှ တန်ဖိုးကြီးမား သည့် ပညာရတနာသိုက်များ ဖြစ်လာသည်။

လူသားတို့သည် ငွေကြေးဥစ္စာများကိုရှာဖွေ၍ ရွှေ၊ ငွေ၊ ရတနာ ဥစ္စာပစ္စည်းများအဖြစ် ပြောင်းလဲစုဆောင်း သိမ်းဆည်းကြသည်။ ပညာဥစ္စာကိုမူ ရှာဖွေလေ့လာစုဆောင်း သိမ်းဆည်းလိုသူ နည်းသည်။ ပညာဥစ္စာ ဟူသည်ကား လူမခိုးနိုင်၊ မပျက်စီးနိုင်။ စီးပွားဥစ္စာသည်ကား သင်္ခါရ သဘောအရ အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးခြင်း၊ ကုန်ဆုံးခြင်းသို့ ရောက်နိုင်သည်ကို ဆင်ခြင်ကြရမည် ဖြစ်သည်။ မကုန်ဆုံးနိုင်သော အသိဉာဏ် ရတနာသိုက်ကြီးများ ရှိနေသည်ကိုလည်း သတိမူမိရမည် ဖြစ်သလို စုဆောင်းခြင်း၊ ဆည်းပူးခြင်း၊ လေ့လာခြင်းလည်း ရှိရမည်ဖြစ်သည်။

ပညာဥစ္စာ စုဆောင်းခြင်းသည် လေ့လာရန်အတွက်ဖြစ်ပြီး လေ့လာနှင့် စုဆောင်း နှစ်ခုပေါင်း၍ မိမိတို့အကျိုးနှင့် နိုင်ငံအကျိုးကို တိုးတက်အောင် ဆောင်ကြဉ်းပေးကြရမည်ဖြစ်သည်။ လေ့လာမှုဆိုရာ၌ ပါဠိအားဖြင့် သုတ၊ မုခ၊ လေခ ဟူ၍ ကဏ္ဍဍသုံးခုရှိရာ မြန်မာလိုအားဖြင့် အကြား၊ စကား၊ စာ ဟူ၍ဖြစ်သည်။ ဤတွင် အကြားဟူသည့် သုတနှင့် စကားဟူသည့် မုခတို့သည် တည်မြဲမှု၊ ခိုင်မာမှု၊ ထင်ရှားမှု၊ တိကျမှု အားနည်းသည့် သဘောရှိပြီး လေခ စာသည်သာ တိကျမှု၊ ခိုင်မာမှု၊ ထင်ရှားမှု၊ လက်ဆင့်ကမ်း အမွေပေးဝေနိုင်မှုရှိသည်ကို သိရှိထားရမည်ဖြစ်သည်။

လူတို့ကို အသိဉာဏ်ပညာ လက်ဆင့်ကမ်း အမွေပေးဝေနိုင်သော ကမ္ပည်းမော်ကွန်း ရေးထိုးအပ်သည့် မှတ်တမ်းတို့တွင် အစိုးရဌာန အဖွဲ့အစည်းဖြစ်စေ၊ အခြားအဖွဲ့အစည်း တစ်ခုခုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ ဆောင်ရွက်သည့် သို့မဟုတ် ရေးသားပြုစုသည့် သို့မဟုတ် လက်ခံရရှိထားသည့် ကမ္ပည်းစာ၊ ပေစာ၊ ပုရပိုက်စာ၊ စာရွက်စာတမ်း၊ စာအုပ်စာတမ်း၊ ပုံနှိပ်စာပေ၊ လက်ရေးစာပေ၊ မြေပုံ၊ ဓာတ်ပုံများ၊ မိုက်ခရိုဖလင်များ၊ ရုပ်သံ မှတ်တမ်းများ၊ မင်စာ၊ ကျောက်စာများမှ သွင်းယူထားသော အထောက်အထားများ၊ အီလက်ထရွန်နစ် နည်းပညာဖြင့် ဆောင်ရွက်ထားသော မှတ်တမ်းများနှင့် စနစ်တကျ စုစည်းထားသည့် အကြောင်းအရာ အချက်အလက်အားလုံး ပါဝင်သည်။ ဗဟုသုတရှာမှီးလိုသော ပြည်သူတို့အနေဖြင့် ပုံမှန်စာကြည့်တိုက်၊ ကိုယ်ပိုင်စာကြည့်တိုက်တို့ကိုသာ အားကိုးအားထားပြုပြီး အသိဉာဏ်ဗဟုသုတ များစုဝေးရာ နိုင်ငံတော်၏ ပညာရတနာ သိုက်ကြီးနှစ်ခုနှင့် အလှမ်းဝေးနေသည်ဟု ဆိုချင်ပါသည်။

ယနေ့အချိန်ကာလတွင် သုတ၊ မုခ ကဏ္ဍဍနှစ်ခုတို့သာ ပေါပေါလွယ်လွယ် ကျယ်ကျယ်ပြန့်ပြန့်ရှိနေရာ မတိကျ မရေရာ မခိုင်မာမှု တို့ကြောင့် မှန်ကန်သော အသိဉာဏ်အကျိုးမဖက်ဘဲ အဆိုးဘက်သို့သာ ယိုင်နေသည်ကို မြင်တွေ့နိုင်ကြမည် ဖြစ်သည်။ ထို့ကြောင့် စစ်မှန်သော အသိဉာဏ်ဗဟုသုတများ ပေးဝေနိုင်သော မှတ်တမ်းမှတ်ရာစာများ ထွန်းကားရေး၊ စုဆောင်းရှာဖွေ သိုမှီးရေး၊ နိုင်ငံသူ နိုင်ငံသားများ လွယ်လင့်တကူ စနစ်တကျလေ့လာနိုင်ရေး ဖြည့်ဆည်းပေးကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ တိကျခိုင်မာပြီး အကျိုးများသော စာများအား ရှာဖွေခြင်း၊ ထုတ်ဝေခြင်း၊ စုဆောင်းခြင်းနှင့် လေ့လာခြင်းတို့ကို ဟန်ချက်ညီညီ စုပေါင်း၍ တိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးများကို ဝိုင်းဝန်းဆောင်ကြဉ်း ပေးကြရမည် ဖြစ်ပါကြောင်း။   ။
ကြေးမုံ