မန္တလေး ၁၂ စက်တင်ဘာ
မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုသူထံမှ မော်တော်ယာဉ်နံပါတ်ပြားအတု၊ ယာဉ်သက်သေခံ လက်မှတ်အတု၊ ယာဉ်မောင်းလိုင်စင်အတုများ အခုလ ၁၀ ရက်က ဖမ်ဆီးရမိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၁၀ ရက် ည ၈ နာရီခန့်က သတင်းအရ ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် ဝင်ရောက်ရှာဖွေရာ အမျိုးသား နှစ်ဦးထံမှ 5N/×××× နံပါတ်ပါ အနီ/အနက် မော်တော်ယာဉ်နံပါတ်ပြားမျိုးစုံ ၁၈ ခု၊ 4H/×××× နံပါတ်ပါ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် အတု ၉ ခု၊ ဇောင်းခေါင်အမည်ပါ ယာဉ်မောင်းလိုင်စင်အတု ၃ ခု၊ GG/×××× နံပါတ်ပါ မန္တလေးမြို့တော် စည်ပင်သာယာရေးဘီးခွန်စာရွက်အတု ၃ ခု၊ 6M/×××× နံပါတ်ပါ လမ်းတံတား ကင်းလွတ်ခွင့် ကတ်ပြား အတု ၂ ခု၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ စာတမ်းပါ ဘီးခွန်စာရွက်အတု ၈ ခု၊ ယာဉ် သက်သေခံမှန်ကပ် ၉ ခု၊ နံပါတ်ပြားတပ်ဆင်ရာတွင် အသုံးပြုသည့်ခဲသီး အသေး/အကြီး ၁၇ စုံ၊ ဂက်စ်ဖြင့် ပစ်ခတ်ရသည့် ခြောက်လုံးပြူးပုံစံသေနတ် ၁ လက်၊ ဘောစိဖြင့် ပစ်ခတ်ရသည့် ကျည်ခွံ ၆ ခုတို့အား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိရသဖြင့် အမှတ်-၃၊ ချမ်းအေးသာစံနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အိမို့မို့ခိုင်
Photo - မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့


