မြစ်ကြီးနား ၁၅ စက်တင်ဘာ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ ၂၀၁၉ ခုနှစ် မတ်လက အစိုးရနည်းပညာကောလိပ်(မိုးညှင်း)တွင် တာဝန်ထမ်းဆောင်နေသည့် ကျူတာဆရာမတစ်ဦးကိုသတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို မြစ်ကြီးနားတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်အကျဉ်းမှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ ရက်က မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာနေ ဒေါ်မာမာဝင်း(၂၅နှစ်)၊ အစိုးရနည်းပညာကောလိပ်(မိုးညှင်း)တွင် တာဝန်ထမ်းဆောင်နေသူသည် မြစ်ကြီးနားမှ နေအိမ်သို့ မီးရထားဖြင့်ပြန်လာစဉ် ရထားပေါ်တွင် သိကျွမ်းခဲ့သည့် ကျော်ဇင်ထိုက်ဆိုသူအား နေအိမ်သို့ခေါ်ဆောင်ခဲ့ရာမှ နေအိမ်မီးဖိုဆောင်အတွင်း ဒေါ်မာမာဝင်းအား သတ်ဖြတ်ထွက်ပြေးသွားခြင်းဖြစ်ပြီး ဒေါ်မာမာဝင်း၏မိခင်ဖြစ်သူ ဒေါ်ကြည်အေးက ပင်းဘောနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည့် အမှုဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သက်ဆိုင်ရာရဲစခန်းများသို့ အကြောင်းကြားအကူအညီတောင်းခဲ့ရာမှ ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားခရိုင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြစ်ကြီးနားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပင်းဘောနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက လူသတ်မှုဖြင့်ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ဇင်ထိုက်(၃၁ နှစ်)အား မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ နယ်မြေ(၁၄)၊ မီးရထားဝင်းရှိ တည်းခိုခန်းတစ်ခုတွင်ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးရာ တည်းခိုခန်းအနီးရှိ ထမင်းဆိုင်တွင် ဖမ်းဆီးရမိခဲ့ပြီး ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


