နေပြည်တော် ၁၈ စက်တင်ဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိသည့်စာရင်းများအရ တရားမဝင်သစ်များဖြစ်သည့် ကျွန်း ၁၀၇ ဒသမ ၇၈၅၁ တန်၊ သစ်မာ ၈၃ ဒသမ ၇၁၅၀ တန်၊ အခြားသစ် ၁၇၄ ဒသမ ၉၈၁၇ တန် စုစုပေါင်း ၃၆၆ ဒသမ ၄၈၁၈ တန်၊ ပြစ်မှုကျူးလွန်သူ ၄၆ ဦးနှင့် ယာဉ်/ ယန္တရား ၃၂ စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိမှုများတွင် စက်တင်ဘာ ၁၀ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်(ပူးတွဲ) မိုင်းပျဉ်းမြို့နယ် မိုင်းပုကြီးကြိုးပြင် ကာကွယ်တော အနောက်တောင်ဘက် (၁)မိုင်ခွဲခန့်အကွာနေရာမှ တရားမဝင် ပိတောက်သစ်လုံးနှင့်ခွဲသား စုစုပေါင်း ၂၂ ဒသမ ဝ၆၄၅ တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။
မောင်လူမော်


